စပွန်ဆာ
စားပွဲဝိုင်း သုံးဆယ်ခန့်ရှိ ခန်းမကျယ်ကြီး၏ အရှေ့ဘက် စင်မြင့်ထက်တွင် သီချင်းသံလွင်လွင်လေးက ပျံ့လွင့်နေသည်။ အဆိုရှင် အမျိုးသမီးငယ်၏ အသံက ပရော်ဖက်ရှင်နယ် အဆိုတော်တစ်ယောက်အလား တိကျသေသပ် ကောင်းမွန်သကဲ့သို့ အမျိုးသမီးငယ်၏ အလှအပကလည်း မီးရောင်စုံအောက်တွင် တလက်လက် တောက်ပလျက်။ မကြာမီ စားပွဲထိုး လူငယ်တစ်ယောက်က စင်ပေါ်တက်လာပြီး သီချင်းရှင် အမျိုးသမီးငယ်၏ ခေါင်းတွင် သရဖူတစ်ခု တင်ပေးလိုက်သည်။ ထို့နောက် ကြယ်ပုံနှင် တံတစ်ခုကို လက်တွင်းသို့ ထည့်ပေးလိုက်ပြန်သည်။ တစ်ဖန် အခြားစားပွဲထိုး လူငယ်တစ်ဦးက ပန်းကုံးများ အပြည့်ချိတ်ထားသော ဘီးတပ်စင်တစ်ခုကို အဆိုတော်အမျိုးသမီး၏ နောက်ဘက် စင်မြင့်ပေါ်သို့ တွန်းတင်လာသည့်အခါ အခန်းတွင်း စားပွဲဝိုင်းများမှ လက်ခုပ်သံများ ဆူညံသွားတော့သည်။
ထိုမြင်ကွင်းကား ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ လူကုံထံများသာ လာရောက်နိုင်သော နာမည်ကျော် စင်တင်တေးဂီတ စားသောက်ဆိုင်ကြီး၏ ညစဉ် မရိုးနိုင်သော မြင်ကွင်း။
အဆိုပါဆိုင်ကား စီးပွားရေး လုပ်ငန်းရှင်ကြီးတို့၏ ဥပဒေဘောင်အတွင်း၊ ဥပဒေပြင်ပ လုပ်ငန်းအဖြာဖြာတို့ကို တွေ့ဆုံညှိနှိုင်း ရောင်းဝယ်ရာ နေရာဖြစ်သကဲ့သို့ စပွန်ဆာ ရှာလိုသူ အမျိုးသမီးငယ်တို့နှင့် စပွန်ဆာပေးလိုသူ လူချမ်းသာကြီးများ၏ အိပ်မက်ဆုံရာလည်း ဖြစ်သည်။
စပွန်ဆာဟူသော ဝေါဟာရကား ခေတ်ကာလ လူငယ်လူလတ်ပိုင်းတို့၏ ပါးစပ်ဖျားတွင် ရေပန်းစားနေသော ဝေါဟာရတစ်ခု။
စပွန်ဆာဟု ဆိုသည်နှင့် ငွေရှင်ကြေးရှင်တို့၏ အထောက်အပံ့ဖြင့် ရပ်တည်နေသော တိတ်တိတ်ပုန်း အငယ်အနှောင်း အမျိုးသမီးငယ်လေးများဟု အဓိပ္ပာယ် ဖော်တတ်စမြဲ။
“ဆိုင်မှာ သီချင်းလာဆိုတဲ့ မိန်းကလေး အားလုံးက ခပ်နိမ့်နိမ့် အတန်းအစားထဲက သိပ်မပါဘူး။ အငြိမ်းစားအရာရှိကြီးတွေရဲ့ သားသမီးတွေ၊ စစ်ဘက်ဆိုင်ရာ အငြိမ်းစားတွေရဲ့ သားသမီးတွေတောင်ပါတယ်။ များသောအားဖြင့် အထည်ကြီးပျက်တွေပေါ့” ဟု အဆိုပါ စင်တင်စားသောက်ဆိုင်တွင် ၂ နှစ်ကြာ သီချင်းဆိုသည့် အလုပ်ကို လုပ်ကိုင်ဖူးသည့် မရတီရွှေ (အမည်လွှဲ) က ဆိုသည်။
မရတီရွှေ၏ အဆိုအရ အဆိုပါဆိုင်တွင် လာရောက်သီချင်းဆိုသည့် အမျိုးသမီးငယ်လေးများသည် သာမန်ငွေရေးကြေးရေး အခက်အခဲကြောင့် လာရောက်သီချင်းဆိုနေရသည်များ မဟုတ်ဘဲ ရုပ်ရှင်ဂီတဘက်တွင် နာမည်ကျော်ကြားစေရန်၊ ငွေကြေးအရင်းအနှီးကြီးကြီး ရစေရန် စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ငန်းရှင်ကြီးများ၏ စပွန်ဆာအဖြစ် မျှော်လင့်ကာ လုပ်ကိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။
ယင်းဆိုင်တွင် လာရောက်စားသောက်သည့် ဝိုင်းတစ်ဝိုင်း၏ ကျသင့်နှုန်းမှာ အနည်းဆုံး ကျပ်ငါးသောင်းကျော်မှ အများဆုံး သိန်းနှစ်ဆယ်ကျော်အထိ ကျသင့်လေ့ ရှိကြောင်းလည်း အဆိုပါဆိုင်ရှိ ဝန်ထမ်းဟောင်းများထံမှ သိရသည်။
အဆိုတော် မိန်းမငယ်လေးများအတွက် ဆုချသည့် ပန်းကုံးတစ်ကုံးလျှင် ကျပ်နှစ်သောင်းခွဲမှ ဆယ်သိန်းအထိ ပေါက်ဈေးရှိပြီး မိန်းကလေးတစ်ဦးတည်းကို ပန်းကုံးစင်လုံးပြတ် ဆုချသည့် သူဌေးကြီးများပင် ရှိသည်။ ထိုဆိုင်တွင် စားပွဲထိုးသည့် စားပွဲထိုးများ၏ တစ်ညတာ ဘောက်ဆူးငွေကလည်း သောင်းဂဏန်းအထက် ရှိသည်။
“ဆိုင်ကနေ ပေါက်သွားပြီး အဆိုတော်တွေ၊ သရုပ်ဆောင်တွေ ဖြစ်သွားကြတဲ့ မိန်းကလေးတွေ အများကြီးပါ။ တချို့လည်း မင်းသမီးဖြစ် အဆိုတော်ဖြစ်တော့ ဒီထက်မြင့်တဲ့ စပွန်ဆာတွေ ရသွားကြတာလည်း ရှိတယ်” ဟု မရတီရွှေက ဆိုသည်။
စီးပွားရေး လုပ်ငန်းရှင်ကြီးများအကြား စပွန်ဆာ အငယ်အနှောင်းထားခြင်းသည် ဂုဏ်တုဂုဏ်ပြိုင် တစ်ခုကဲ့သို့ ဖြစ်လာပြီး စင်တင်မှ အမျိုးသမီးငယ်လေးများသာမက အချို့သရုပ်ဆောင်၊ အဆိုတော် အမျိုးသမီးများကိုပါ အပြိုင်အဆိုင် စပွန်ဆာထားလာကြသည်။
စပွန်ဆာတို့အတွက် တိုက်ခန်းများ၊ ကားများနှင့် လိုအပ်ချက် မရှိအောင် စီမံပေးထားတတ်ကြပြီး လုပ်ငန်းရှင်ကြီးများ၏ ငွေကြေးသြဇာ၊ အဆက်အသွယ်ဖြင့် သရုပ်ဆောင်၊ အဆိုတော်လောကသို့ အခြေချနိုင်ရန် ကူညီပေးလေ့ ရှိကြသည်။
“ခုလက်ရှိ သရုပ်ဆောင်၊ အဆိုတော်တွေ ကြားမှာတောင် စပွန်ဆာ ပေးခံထားရသူတွေ အများကြီးရှိတာ။ စင်တင်လောကမှာ ဆိုရင်တော့ ပြောမနေနဲ့။ ကားနဲ့လာပြီး သီချင်းဆိုတဲ့ ကောင်မလေးတွေတောင် ရှိတယ်။ စပွန်ဆာ လက်ရှိတွေလေ” ဟု မရတီရွှေက ပြောပြသည်။
အမျိုးသမီးသရုပ်ဆောင် အဆိုတော် အချို့သာမက တက်သစ်စ အမျိုးသား သရုပ်ဆောင် အဆိုတော်အချို့ကိုလည်း စပွန်ဆာပေးသည့် အမျိုးသမီးကြီးများ၊ မိတ်ကပ်အလှ ဖန်တီးရှင် လိင်တူချစ်သူများလည်း အများအပြားပင် ရှိနေသည်။
လူငယ်တို့၏ အိပ်မက်ဖြစ်သော ရုပ်ရှင်၊ ဂီတနယ်ပယ်များ၌ ထင်ရှားကျော်ကြားသူ တစ်ယောက်အဖြစ်သို့ ရောက်ရှိရန်မှာ ငွေကြေးနှင့် လူခံအင်အား လိုအပ်သောကြောင့် ရုပ်ရှင်၊ ဂီတရပ်ဝန်းမှ နာမည်ကျော် သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ မိတ်ကပ်ပညာရှင်များကို စပွန်ဆာအဖြစ် ချဉ်းကပ်ကြသော အမျိုးသားငယ်၊ အမျိုးသမီးငယ်တို့ အများအပြားပင် ရှိကြောင်း အဆိုပါလောကမှ အမည်မဖော်လိုသူ ဝါရင့်ဒါရိုက်တာတစ်ဦးက ပြောဆိုသည်။
“ရုပ်ရှင်လောက၊ မော်ဒယ်လ်လောကမှာတော့ စပွန်ဆာမရှိဘဲ အောင်မြင်လာသူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ တချို့ကျတော့ ဝင်လာတုန်းက စပွန်ဆာကို မှီပြီးဝင်လာသလို အောင်မြင်သွားတော့လည်း ဒီထက်ကြီးတဲ့ စပွန်ဆာကို ထပ်ရှာကြတယ်။ ဒီကိစ္စတွေက ဟိုးတုန်းကတည်းက ရှိခဲ့တယ်။ အခုလည်း ရှိနေတာပဲ” ဟု ယင်းဒါရိုက်တာက ဆိုသည်။
သရုပ်ဆောင် မော်ဒယ်လ်လောက၊ စင်တင်တေးဂီတလောက၊ KTV၊ အနှိပ်ခန်း လောကတို့တွင်သာမကဘဲ စပွန်ဆာပေးခြင်း၊ စပွန်ဆာရှာခြင်း အစဉ်အလာ ကြီးထွားလာနေသော တစ်နေရာ ရှိသေးသည်။ ထိုနေရာမှ မိန်းမပျိုလေးများကား သရုပ်ဆောင်မော်ဒယ်လ် လောက၊ စင်တင်တေးဂီတနှင့် အခြားလောကမှ မိန်းမပျိုလေးများကဲ့သို့ နာမည်ကျော်ကြားလိုစိတ်၊ ငွေကြေးမက်မောစိတ်တို့ကြောင့် စပွန်ဆာဖြစ်ရရှာသူများ မဟုတ်။ မြို့ပြ၏ ဝဲဂယက်ထဲ သမ္မာအာဇီဝဖြင့် အသက်မွေးဝမ်းကျောင်းရင်းကပင် လှုပ်လေမြုပ်လေ ဖြစ်ကာ လူ့မလိုင်တို့၏ အသုံးတော်ခံဖြစ်ရသည့် ဘဝများ။
သူတို့က လှိုင်သာယာ၊ ရွှေပြည်သာ အစရှိသော စက်မှုဇုန်များမှ စက်ရုံအလုပ်သမငယ်လေးများပင်။
ကျေးလက်တောရွာများနှင့် နယ်မြို့များတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် စက်မှုဇုန်များတွင် အဆောင်နေပြီး အလုပ်လုပ်ရန် ရောက်ရှိလာကြသော အမျိုးသမီးငယ်လေးများသည် စက်ရုံမှ လစာမရခင် ပထမဆုံးလတွင် အခက်အခဲဖြစ်လေ့ ရှိကြသည်။ ထိုအခါ အဆောင်ပိုင်ရှင်များက ဆယ့်ငါးကျပ်တိုးဖြင့် ငွေကြိုထုတ်ပေးသည့် စနစ်ကိုပြုလုပ်ပြီး လစာရမှ ဖဲ့ဆပ်ရန် ချေးလေ့ရှိသည်။
လုပ်ငန်းခွင်ဝင်သော အခါတွင်လည်း တစ်လလျှင် လေးသောင်းခွဲကျပ်မှ စတင်သည့် လစာနှုန်းဖြင့် အလုပ်သမတို့လုံးလည် လိုက်ကာ အကြွေးဆပ်ရင်း၊ အဆောင်လခ ပေးရင်းနှင့်ပင် လုံးလည်လိုက်သွားကြပြန်သည်။
“လစာကနည်းတော့ အိုတီများများရအောင် ဆင်းရတယ်။ လစာအိုတီကြေး ပေါင်းလို့ တစ်သိန်းလောက်ရရင်တော့ အိမ်ပို့နိုင်တာပေါ့။ တစ်လ တစ်သိန်းလောက်ရဖို့ ဆိုတာ လုပ်သက်နုသေးတဲ့လူတွေ အတွက်တော့ တစ်နေ့ ၁၂ နာရီလောက် ကုန်းရုန်းလုပ်ရတာ” ဟု လှိုင်သာယာစက်မှုဇုန်၊ ကျန်စစ်သားအိမ်ရာရှိ အဆောင်တစ်ခုတွင် နေထိုင်သော စက်ရုံအလုပ်သမတစ်ဦး ဖြစ်သူ မမွန်မွန်ခိုင်က ဆိုသည်။
လစာမလောက်သဖြင့် အဆောင်ပိုင်ရှင်ထံမှ ထပ်မံငွေချေးယူကာ လုံးလည်ချာလည် လိုက်နေသော အလုပ်သမများကို အဆောင်ပိုင်ရှင်အချို့က စပွန်ဆာထားလိုသော အသေးစားလုပ်ငန်းရှင် အချို့နှင့် ချိတ်ဆက်ပေးလေ့ ရှိကြောင်းလည်း ၎င်းထံမှ သိရသည်။
“အကြွေးမဆပ်နိုင်ဘူးလား အဆင်ပြေအောင် လုပ်ပေးမယ်၊ အိုတီလစာထက် များတယ်ဆိုပြီး စည်းရုံးကြတာပဲ။ အချို့လည်း မြို့သာတက်လာလိုက်တယ် အိမ်ကိုလည်း ငွေပြန်မပို့နိုင်တာကြာပြီ ဆိုတော့ ခေါင်းညိတ်လိုက်ကြတာပါပဲ” ဟု စက်ရုံအလုပ်သမငယ်လေးများ စပွန်ဆာ ဖြစ်သွားရပုံကို မမွန်မွန်ခိုင်က ရှင်းပြသည်။
“အားလုံးတော့ မဟုတ်ဘူး။ တော်တော်များများတော့ ဒီလမ်းကြောင်းက စတာ။ နောက်တော့ စပွန်ဆာ လက်လွှဲလက်ပြောင်းကနေ လမ်းပေါ်ရောက်သွားတာ၊ မာဆတ် ရောက်သွားတာတွေ တွေ့ဖူးတယ်” ဟု ၎င်းက ဖြည့်စွက်သည်။
မမွန်မွန်ခိုင်ပြောသည့် စပွန်ဆာ လက်လွှဲလက်ပြောင်း ကိစ္စကလည်း စိတ်ဝင်စားစရာပင်။
စပွန်ဆာ လက်လွှဲလက်ပြောင်း ဆိုသည်မှာ စပွန်ဆာပေးသူကြီးများ အချင်းချင်း စပွန်ဆာ အမျိုးသမီးငယ်လေးများအား လက်ဆင့်ကမ်း အပြောင်းအလဲ လုပ်ကြခြင်းပင်။ သက်ရှိလူသားတို့ကား ငွေကြေး၏ တန်ခိုးဖြင့် ရုပ်ဝတ္ထုဖြစ်ခဲ့ရသည့် ခေတ်ကာလ၏ ဘေးထွက်ဆိုးကျိုးများကား ရင်မောဖွယ်ရာ ဖြစ်လာသည်။
စင်တင်တေးဂီတ၊ ရုပ်ရှင်၊ မော်ဒယ်လ်၊ ဂီတရပ်ဝန်းမှ အမျိုးသမီးငယ်လေးများက အောင်မြင်မှုကို မက်သဖြင့် စပွန်ဆာဘဝကို ရောက်ကြရသကဲ့သို့ စက်ရုံအလုပ်သမလေး အချို့မှာလည်း စားဝတ်နေရေးပင် ခက်သဖြင့် စပွန်ဆာဘဝ ရောက်ကြရရှာသည်။
ခေတ်ရေစီးကြောင်းထဲက စပွန်ဆာ အမျိုးသမီးငယ်လေးများ၏ အငယ်အနှောင်းဘဝက ရင်မောဖွယ်ဖြစ်သလို အိမ်ဦးနတ်တို့ကို စပွန်ဆာလက် မပါသွားရေးအတွက် အစွမ်းကုန် ကြိုးစားကြရှာသော မူလလက်ဟောင်း ဇနီးဟောင်း အန်တီကြီးအချို့၏ စိတ်ဝင်စားဖွယ် ကိစ္စရပ်များကလည်း ရန်ကုန်မြို့ပြရပ်ဝန်းတွင် ရှိနေသေးသည်။
ပန်းဆိုးတန်းလမ်းမပေါ်ရှိ တစ်ခုသော အမျိုးသမီး ခန္ဓာကိုယ် အလှလေ့ကျင့်ရေး စင်တာတစ်ခုသည်ကား ခင်ပွန်းသည်ကြီးတို့ စပွန်ဆာလေးတို့လက် ပါမသွားရေးအတွက် ဝှက်ဖဲတစ်ချပ်ပင်။
အဆိုပါ သင်တန်းကား အမျိုးသမီး ခန္ဓာကိုယ် အလှလေ့ကျင့်ရေးဟု ဆိုသော်လည်း အိမ်ထောင်ရှင် အမျိုးသမီးကြီးများကို မိမိတို့ ခင်ပွန်းများ အငယ်အနှောင်းလက် မရောက်ရေး ဆွဲဆောင်နိုင်ရန် ချစ်မှုရေးရာ အဖြာဖြာကို သင်တန်းပို့ချပေးနေခြင်း ဖြစ်သည်။
လိုအပ်ပါက ဝိတိုရိယဆေးရုံ၊ ပန်းလှိုင်ဆေးရုံ အစရှိသော ဆေးရုံကြီးများနှင့် ချိတ်ဆက်ကာ အိမ်ထောင်ရှင် အမျိုးသမီးကြီးများကို အပျိုစင်လေးအလား နုပျိုသွားစေမည့် ဥမ္မာဒန္တီကေ့စ်ခေါ် ခွဲစိတ်ပြုပြင်ခြင်းကိုပါ ချိတ်ဆက်ပေးလျက် ရှိသည်။
“အန်တီက အိမ်ထောင်မရှိဘူး။ ဂျင်မ်ဆော့မယ်ဆိုပြီး သွားတာ။ နောက်တော့ တဖြည်းဖြည်းနဲ့ သူတို့လာပြောမှ ဒီသင်တန်းပါလားဆိုတာ သိတာ။ အဲဒါနဲ့ နောက်စင်တာတစ်ခု ပြောင်းလိုက်ရတယ်” ဟု အဆိုပါသင်တန်းသို့ သွားရောက်တက်ခဲ့ဖူးသော အသက် ၄၀ အရွယ် စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ရယ်ရယ်မောမော ပြောပြသည်။
သင်တန်းကြေးမှာလည်း အခြားစင်တာများထက် ပိုမိုမြင့်မားပြီး အရာရှိအရာခံ ကတော်များသာ ဝင်ထွက်လေ့ ရှိကြောင်းလည်း ၎င်းထံမှ သိရသည်။
ဈေးကွက်စီးပွားရေးစနစ်ဟူသော ခေါင်းစဉ်အောက်တွင် ဆင်းရဲချမ်းသာကွာဟမှု၊ လူတန်းစားကွာဟမှုတို့ များပြားလာပြီးနောက် အောင်မြင်မှုနှင့် ငွေကြေးတို့ကား အမျိုးသမီးငယ်လေးများ၏ ဘဝကို စပွန်ဆာအဖြစ်သို့ လမ်းညွှန်နေလေတော့သည်။
ထိုသို့ဖြင့် မီးရောင်ထိန်ထိန် စင်တင်စားသောက်ဆိုင်နှင့် မီးရောင်မှိန်မှိန် စက်ရုံအလုပ်သမတို့၏ အဆောင်ကျဉ်းကျဉ်းလေးများ အကြားတွင် စပွန်ဆာယဉ်ကျေးမှုကား တဖျပ်ဖျပ်ပြေးလွှားလျက်။
ခက်ဇော်
http://www.thevoicemyanmar.com/index.php/article/item/7003-sps
0 comments:
Post a Comment