ယူနိုက်တက်တွင် ဒီဂီယာ ဆက်ရှိနေနိုင်ဟု ဗန်ဂါးလ်ယုံကြည်
ဒေးဗစ်ဒီဂီယာ အနေဖြင့် မန်ချက်စတာ ယူနိုက်တက်တွင် ဆက်ကစားရန် အသင်းမန်နေဂျာ လူးဝစ်ဗန်ဂါးလ်က မျှော်လင့်လျက် ရှိသည်။
ရီးယဲလ်မက်ဒရစ် အသင်းသည် ဒီဂီယာကို ခေါ်ယူရန် အလေးအနက် ကြိုးစားနေကြောင်း သတင်းများ ထွက်ပေါ်နေသည့်တိုင် နယ်သာလန်သား မန်နေဂျာကြီးက အသက်(၂၄)နှစ်အရွယ် စပိန်လက်ရွေးစင်ကို ယူနိုက်တက်က ဆက်လက် ထိန်းသိမ်းထားနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက် ဆိုသည်။ ဒီဂီယာသည် အာဆင်နယ်နှင့် တစ်ဂိုးစီ သရေကျသည့် ပွဲစဉ်တွင် ဒဏ်ရာရသွားပြီးနောက် ဗစ်တာဗဲလ်ဒက်စ်နှင့် လူစားလဲ ထွက်ခွာခဲ့ရသည်။ ၎င်းသည် ယူနိုက်တက်တွင် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့ပြီး လက်ရှိအချိန်ထိ သက်တမ်း မတိုးသေးချေ။
ဗန်ဂါးလ်က “ကျွန်တော်ကတော့ အသင်းမှာ ဒီဂီယာ ဆက်နေသင့်တယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ဆို သူလေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ။ ဒါပေမဲ့ အသင်းနဲ့တော့ မဟုတ်သေးဘူး။ ဂိုးနည်းပြနဲ့ပဲ လေ့ကျင့်နေတာပါ။ သူ့မှာ ဒဏ်ရာပြဿနာ နည်းနည်း ရှိခဲ့ပါတယ်။ ဒါကြောင့် နောက်တစ်ရက်လောက် စောင့်ကြည့်ချင်သေးတယ်။ ကျွန်တော်က ဟူးလ်စီးတီးနဲ့ပွဲမှာ သူ့ကို အသုံးပြုချင်တယ်လေ”ဟု ပြောကြားခဲ့သည်။ ၎င်းက အသင်းမှ ကစားသမားများ၏ အနာဂတ်နှင့် ပတ်သက်၍ တစ်ဦးချင်းစီ ဆွေးနွေးသွားမည်ဟုလည်း ဆိုသည်။
“ကျွန်တော် သူတို့နဲ့ စကားပြောရမှာတွေ ရှိပါတယ်။ မနက်ဖြန်ဖြစ်ဖြစ်ပေါ့။ ဒီရာသီ နှုတ်ဆက် စားပွဲသောက်ပွဲ ပြီးသွားပါပြီ။ တနင်္လာနေ့မှာ ကျွန်တော် စကားပြောရဦးမယ်။ ဒီတစ်ပတ်ထဲမှာ ကစားသမား တချို့နဲ့ စကားပြောပြီးပြီ။ အသင်းက ကစားသမားတွေ ထွက်သွားမလား၊ ဆက်နေမလား ဆိုတာကတော့ ဒီဆွေးနွေးမှုတွေရဲ့ ရလဒ်ပိုင်း အပြောင်းအလဲကို အချိန်ယူ စောင့်ကြည့်ဖို့ လိုပါသေးတယ်”ဟု ဗန်ဂါးလ်က ပြောကြားသွားသည်
http://soccermyanmar.com/?p=12187
0 comments:
Post a Comment