အင်န်စီအေ လက်မှတ်မထိုးမီ တိုင်းရင်းသား လက်နက်ကိုင်များ ထိပ်သီး အစည်းအဝေးဖြင့် ဆုံးဖြတ်ကြမည်



တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း (NCA) လက်မှတ်မထိုးမီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီး အစည်းအဝေး ကျင်းပ၍ ဆွေးနွေးဆုံးဖြတ်ကြမည် ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အ ခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
“ထိပ်သီးအစည်းအဝေး ကျင်းပဖို့ ရှိတယ်။ ထိပ်သီးခေါင်း်ဆောင်တွေ အစိုးရနဲ့ သွားတွေ့ထားပြီးတော့ အဲဒီကနေ ရလာတဲ့အပေါ်မှာ သုံးသပ်ရမှာပေါ့။ သုံးရက်လောက် ရှိမယ်။ အဓိကတော့ အားလုံးပါရေးမူ အပေါ်မှာ အခြေခံ ဆွေးနွေးမယ်။ အများသဘောထား ဘယ်လိုဆိုတာတော့ မပြောတတ်ဘူး” ဟု ၎င်းက မဇ္စျိမကို ပြောသည်။
ထိုထိပ်သီးအစည်းအဝေးတွင် မကြာမီက သမ္မတ ဦးသိန်းစိန်နှင့် ထိပ်သီးခေါင်းဆောင်များ နေပြည်တော် တွင် တွေ့ဆုံဆွေးနွေးမှုကို ပြန်လည်သုံးသပ်၍ ဆုံးဖြတ်ချက် ချမှတ်သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
“တကယ်ထိုးမယ်။ မထိုးဘူးဆိုတာ မသေချာသေးဘူး။ ဒီမှာ ဘယ်လိုသဘောထားကျမလဲ မသိသေးဘူး။ အစိုးရ ဘက်က ၁၅ ဖွဲ့ပဲ လက်ခံတယ်ဆိုတော့ အရင်အားလုံးပါဝင်ရေး မူအရဆိုရင်တော့ မဖြစ်နိုင်သေးဘူး” ဟု နိုင်ဟံသာက ပြောသည်။
တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ အားလုံးပါဝင်ရေးမူအား ဆက်လက် ရပ်တည်မည် ဆိုပါက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း (ANC) လက်မှတ်ရေးထိုးနိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၂၄ ရက်မှစ၍ သုံးရက်ခန့်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ထိပ်သီးအစည်းအဝေး မတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့(SD) အစည်းအဝေး ကျင်းပမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။
သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ စက်တင်ဘာလ ၉ ရက်က တွေ့ဆုံစဉ် လာမည့် အောက်တိုဘာလ ပထမပတ်အတွင်း အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် သဘောတူညီမှု ရရှိထားသည်။
ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးစဉ် သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့နှင့် စက်တင်ဘာလ ၂၉ ရက်တွင် အင်န်စီအေ လက်မှတ်ရေးထိုးရန် ကမ်းလှမ်းခဲ့သော်လည်း တိုင်းရင်းသားများဘက်မှ တုံ့ပြန်ခြင်း မရှိသေးပေ။
ယနေ့ စက်တင်ဘာလ ၁၃ ရက်က ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ နိုင်ငံရေးမူဘောင်ဆိုင်ရာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု NCCT ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။
“ဒီနေ့ အမ်ပီစီနဲ့တွေ့တာက တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးမူဘောင် ရေးဆွဲရေးအတွက် အလွတ်သဘော သွားတွေ့တာပါ” ဟု ၎င်းက မဇ္စျိမကို ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်း လက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဆောင်ရမည် ဖြစ်သည်။
http://mizzimaburmese.com
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment