ယန်းကို (၃)နှစ် သက်တမ်းတိုး စာချုပ်ရန် ယူနိုက်တက် စီစဉ်
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ယခုရာသီ ပုံမှန်ခြေစွမ်းကောင်းများ ရရှိနေသည့် တောင်ပံလူ အက်ရှ်လေယန်းကို (၃)နှစ် သက်တမ်းတိုး စာချုပ်ရန် စီစဉ်နေကြောင်း သိရသည်။
အင်္ဂလန် ကစားသမားသည် ပြီးခဲ့သည့် ရာသီက ခြေစွမ်းပျောက်နေခဲ့သလို ဟန်ဆောင်ဒိုင်ဗင် ထိုးမှုများကြောင့် နာမည်ပျက်ခဲ့သော်လည်း မန်နေဂျာ လူးဝစ်ဗန်ဂါးလ် လက်အောက်တွင် တည်တည်ငြိမ်ငြိမ် ခြေစွမ်းပြလာခဲ့သည်။ ၎င်း၏ စွမ်းဆောင်ရည်များကြောင့် အသင်း၏ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသူ အိန်ဂျယ်လ် ဒီမာရီယာသည်ပင်လျှင် အရန်ခုံသို့ ရောက်နေသည်။ ယန်းသည် အိုးလ်ထရက်ဖို့ဒ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၂၀၀၀၀) ရရှိနေပြီး အဆိုပါ လုပ်ခအတိုင်းပင် စာချုပ်သက်တမ်း တိုးဖြစ်ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ဇူလိုင်လတွင် အသက်(၃၀) ပြည့်မည့် ယန်းသည် လက်ရှိ ခြေစွမ်းကြောင့် အင်္ဂလန် လက်ရွေးစင် အသင်းတွင် တစ်ကျော့ပြန် ပါဝင်ခွင့် ရရှိရန်လည်း မျှော်လင့်လျက် ရှိသည်။ အင်္ဂလန်သည် နွေရာသီ အတောအတွင်း အိုင်ယာလန်၊ ဆလိုဗေးနီးယားတို့နှင့် ပွဲစဉ်များ ကစားရန် ရှိနေသည်။ ယန်းသည် (၂၀၁၃)ခုနှစ်၊ စက်တင်ဘာလက ယူကရိန်းနှင့် ကစားခဲ့သည့် ပွဲစဉ်နောက်ပိုင်း အင်္ဂလန်အတွက် ကိုယ်စားပြုခွင့် မရခဲ့သော်လည်း လက်ရှိ ခြေစွမ်းကြောင့် အင်္ဂလန် မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်က ၎င်းကို အလေးအနက် စောင့်ကြည့်နေကြောင်း သိရှိရသည်။
Soccer Myanmar
0 comments:
Post a Comment