နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆောင်ရွက်နေသော
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ကို အယုံအကြည်
မရှိသည့်အတွက် ဖြစ်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(TNLA)မှ
ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်က ပြောသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး
အဖွဲ့(TNLA)နှင့် ရက္ခိုင့် အဖွဲ့ (AA)တို့သည် NCCT မှ နုတ်ထွက်ရန် အဆိုပြုချက်ကို
မေလ ၅ ရက်နေ့က '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့၌ ပြုလုပ်ခဲ့သော တိုင်းရင်းသား
လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် တင်ပြခဲ့ခြင်းဖြစ်ပြီး NCCT ဘက်မှ
မေလ ၆ ရက်နေ့ (ယနေ့)တွင် အဖြေတစ်စုံတစ်ရာ ပေးဖွယ်ရှိသည်ဟုလည်း ၎င်းက
ပြောကြားသည်။
"UPWC နဲ့ NCCT တို့ NCA (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်) မူကြမ်းကို
လက်မှတ်ထိုးနိုင်ခဲ့ကြတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ သုံးဖွဲ့နဲ့ အစိုးရတပ်နဲ့ တိုက်ပွဲတွေ
ဖြစ်နေတယ်။ နောက်ပြီး ပန်ဆန်းညီလာခံကို တက်ဖို့ ဖိတ်မယ့်စာရင်းမှာ ကျွန်တော်တို့ကို မပါဖို့
ဝကို UPWC က စာပို့ပြောဆိုထားတာတွေ ရှိတယ်။ ကျွန်တော်တို့သာ မနုတ်ထွက်ရင်
UPWC နဲ့က ဆွေးနွေးနေရဦးမယ်။ သူတို့ကို အယုံအကြည် မရှိတော့ဘူး။ အဲဒါကြောင့်
နုတ်ထွက်ဖို့ လုပ်ရတာပါ"ဟု မိုင်းအိုက်ကျော်က ပြောသည်။
ထိုသို့ NCCT မှ နုတ်ထွက်ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်သွားနိုင်သည့်အတွက်
'၀'ပြည်သွေးစည်းညီညွတ်ရေးပါတီက အဆိုပါ သုံးဖွဲ့ကို NCCT မှ နုတ်ထွက်ခြင်းအပေါ် ပြန်လည်
သုံးသပ်ရန် တိုက်တွန်းထားသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ဆိုသည်။
"ကျွန်တော်တို့ကတော့ နုတ်ထွက်တာ မလုပ်ပါနဲ့ဦး၊ ဆွေးနွေးညှိနှိုင်းကြပါဦးလို့ ပြောထားတယ်။
ဘာလို့လဲဆိုတော့ ဒါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အကျိုးသက်ရောက်နိုင်တယ်။
အစိုးရကလည်း တိုင်းရင်းသား လက်နက်ကိုင်အားလုံးနဲ့ကို လက်မှတ်ထိုးသင့်တယ်။
အဲ့လိုမှမဟုတ်ရင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလို့ သုံးလို့ မရဘူး"ဟု ၎င်းက ပြောသည်။
ထို့ပြင် အဆိုပါ သုံးဖွဲ့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းပါ အချက်အလက်များ
ကို ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုလျက်ရှိပြီး NCCT ခေါင်းဆောင် ဦးနိုင်ဟံသာကလည်း
မူကြမ်းတွင် ဖြည့်စွက်လိုသည့် အကြောင်းအရာများကို ဆွေးနွေးထည့်သွင်းနိုင်ကြောင်း
အစည်းအဝေးတွင် ပြောကြားထားသည်။
သို့သော် အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် NCCT တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး
စာချုပ်မူကြမ်းကို မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့တွင် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ပြီး
ဖြစ်သော်လည်း ယခု ပန်ဆန်း အစည်းအဝေးတွင် တိုင်းရင်းသားများ၏ သဘောထား
ထပ်မံပေါ်ထွက်လာခြင်းဖြစ်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးခြင်းအရေးမှာ အစိုးရက
ခန့်မှန်းထားသည်ထက် ပိုမိုကြန့်ကြာလာ နိုင်ဖွယ်ရှိနေသည်။
"တချို့အဖွဲ့တွေက အဲဒါ မရှင်းဘူး။ ဒီမူကြမ်းကတော့ ပြင်လို့မရတော့ဘူးလို့ ထင်နေကြတယ်။
အမှန်ကတော့ မူကြမ်းဆိုတဲ့ဟာက ပြင်လို့ရတယ်၊ အဲဒါကို အများကို ပြန်ရှင်းပြပြီးတော့မှ
အဖွဲ့ပေါင်းစုံရဲ့ သဘောထားနဲ့ ပြင်ဆင်ဖြည့်စွက်ရမယ်။ ပြီးမှပဲ အတည်ယူပြီးတော့မှ
ထပ်ဆွေးနွေးရမယ်"ဟု ဦးနိုင်ဟံသာက ပြောသည်။
ထို့ပြင် လေးရက်မြောက်သို့ ရောက်ရှိလာသော တိုင်းရင်းသားလက်နက်ကိုင်
ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် လက်နက်ကိုင်အဖွဲ့များက တင်ပြလာသော
စာတမ်း ၁၂ စောင်ကို ဆွေးနွေးလျက်ရှိပြီး အဖွဲ့အားလုံးက အခြေခံဥပဒေ ပြင်ဆင်ရေးကို
ဆောင်ရွက်ရန် သဘောထားရှိနေကြသည်။
"အခြေခံဥပဒေနဲ့ NCA က ဒွန်တွဲနေတယ်။ အခြေခံဥပဒေမပြင်ရင် စစ်မှန်တဲ့ ဖက်ဒရယ်
ပြည်ထောင်စုဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ NCA မှာ လက်မှတ်မထိုးခင် အဲဒါက ပြင်ဖို့
လိုတယ်"ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်က
ဆိုသည်။
မေလ ၆ ရက်နေ့အထိ ပြုလုပ်မည့် အဆိုပါ အစည်းအဝေးကို ကချင်လွတ်လပ်ရေးတပ်(KIA)၊
ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၁၂)ဖွဲ့က
ထိပ်သီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးလျက်ရှိပြီး အစည်းအဝေးနောက်ဆုံးရက်၌
ကြေညာချက် တစ်စောင်ထုတ်ပြန်သွားမည်ဖြစ်သည်။
http://myanmar.mmtimes.com/index.php/national-news/14328-2015-05-06-19-19-13.html
0 comments:
Post a Comment