ရေငုပ်သင်္ဘောမှာ ပဲ့ထိန်းဒုံးကျည်ပစ်ခတ်နိုင်ပြီဟု မြောက်ကိုရီးယားကြွားဝါ၊ တောင်ကိုရီးယားအတွက် ရတက်မအေးဖွယ် တိုးတက်မှုဖြစ်

လျှို့ဝှက်သော နိုင်ငံ့စစ်ရေးစွမ်းရည်တွင် သိသိသာသာ တိုးတက်လာမှုကို ဖော်ပြသည့် ခြေလှမ်းတစ်ရပ်အဖြစ် ရေငုပ်သင်္ဘောတစ်စင်းမှ ပဲ့ထိန်းဒုံးကျည်တစ်ခုကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ပြီဖြစ်ကြောင်း မြောက်ကိုရီးယားက စနေနေ့က ပြောကြားခဲ့သည်။

ယင်းသို့ ပစ်ခတ်နိုင်စွမ်းမှာ မြောက်ကိုရီးယား၏ ကြီးထွားလာနေသည့် နျူကလီးယားနှင့် ဒုံးကျည်အင်အားကို ထိန်းချုပ်ရန် ကြိုးစားနေခဲ့ကြသည့် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့အဖို့ ခြိမ်းခြောက်မှုအသစ်တစ်ခုပင်ဖြစ်သည်ဟု စစ်ရေးကျွမ်းကျင်သူများက သုံးသပ်နေကြသည်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ကမ်းလွန်တစ်နေရာမှ စမ်းသပ်ပစ်ခတ်မှုကို စောင့်ကြည့်နေခဲ့ရာ ရေငုပ်သင်္ဘောမှာ ပင်လယ်ထဲသို့ ငုပ်ဆင်းသွားပြီး ပဲ့ထိန်းဒုံးကျည်မှာ ရေမျက်နှာပြင်ထက်သို့ ပေါ်လာကာ မီးတောက်မီးလျှံများ ပန်းထွက်လျှက် လေထဲသို့ တဟုန်ထိုး ပျံသန်းသွားသည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ပြောကြားခဲ့သည်။

''ဒီစမ်းသပ်မှုက မဟာဗျူဟာမြောက် သင်္ဘောတစ်စင်းကနေ ရေအောင် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်မှုက နောက်ဆုံးပေါ် စစ်တပ်ရဲ့ သိပ္ပံနဲ့ နည်းပညာလိုအပ်ချက်တွေကို ဖြည့်ဆည်းလိုက်တာပါပဲ''ဟု KCNA သတင်းအေဂျင်စီက ပြောကြားသွားခဲ့သည်။ မြောက်ကိုရီးယားမှာ ပဲ့ထိန်းဒုံးကျည် နည်းပညာကို တီထွင်အသုံးပြုခြင်းမှ ပိတ်ပင်သည် ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုများကို ခံနေရသည်။

ယခုစမ်းသပ်ပစ်ခတ်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂက တစ်စုံတစ်ရာ မှတ်ချက်မပေးသော်လည်း ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြု ပစ်ခတ်ခြင်းမှာ ကုလ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို အတိအလင်း ချိုးဖောက်ခြင်းပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

သို့ရာတွင် စမ်းသပ်ပစ်လွှတ်သည့် နေရာအတိအကျကိုမူ KCNA သတင်းတွင် ဖော်ပြထားခြင်းမရှိဘဲ၊ စနေနေ့က သီးခြားသတင်းတစ်ရပ်တွင် မူ ခေါင်းဆောင်ကင်မှာ ရေငုပ်သင်္ဘော အခြေစိုက်စခန်းတစ်ခုဖြစ်သည့် နိုင်ငံ၏ အရှေ့ဖက်ကမ်းရိုးတန်းပေါ်ရှိ ဆိပ်ကမ်းမြို့ စင်ပိုမှ ရေလုပ်ငန်းတစ်ခုတွင် ကွင်းဆင်းညွှန်ကြားချက်များ ပေးနေသည်ဟု ဖော်ပြထားသည်။

Mizzima Burmese
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment