ခြေထောက်ကျိုးသွားသည့်ရှော ခြောက်လမျှ အနားယူရမည်ဟု ဗန်ဂါးလ် ပြောကြား
လုခ်ရှောအနေဖြင့် ခြေထောက်အရိုးကျိုးသည့် ဒဏ်ရာကြောင့် ခြောက်လဝန်းကျင်မျှ အနားယူရတော့မည်ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က အတည်ပြု ပြောကြားလိုက်သည်။
PSV အင်ဒိုဗန်ကို အရေးနိမ့်သည့် ချန်ပီယံလိဂ် အုပ်စုအဖွင့် ပွဲစဉ်တွင် အင်္ဂလန် လက်ရွေးစင် ဘယ်တောင်ပံ ခံစစ်သမားသည် တစ်ဖက်ဂိုးဧရိယာထဲ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားရင်း ဟက်တာ မိုရီနို၏ ဟန့်တားမှုကြောင့် ပွဲချိန် (၁၅)မိနစ်တွင် ခြေထောက် အရိုးနှစ်ချောင်း ကျိုးသွားခဲ့သည်။ ရှောကို အောက်စီဂျင်ပေးကာ ကွင်းထဲမှ ထမ်းစင်ဖြင့် ထုတ်သွားခဲ့ရပြီး ဆေးရုံသို့ တန်း၍ ပို့ဆောင်ခဲ့ရသည်။ ထိုအချိန်တွင် ကိုယ်တိုင်လည်း မျက်စိမျက်နှာ ပျက်နေသည့် ဗန်ဂါးလ်က ကစားသမားကို ကြိုးစား နှစ်သိမ့် ပေးနေခဲ့သည်ကိုလည်း တွေ့ရသည်။ ဗန်ဂါးလ်က အသက်(၂၀)အရွယ် ကစားသမား၏ ဒဏ်ရာ ပြင်းထန်ကြောင်းနှင့် ဖြစ်ပျက်သွားသည့် အခြေအနေသည် ထိတ်လန့် တုန်လှုပ်စရာဖြစ်ကြောင်း ဝန်ခံခဲ့သည်။
ပွဲအပြီးတွင် ဗန်ဂါးလ်က “ဆိုးရွားလွန်းတဲ့ အဖြစ်အပျက်ပါ။ မန်ချက်စတာ ယူနိုက်တက်ကို အသက်(၁၈)နှစ်အရွယ်နဲ့ ရောက်လာတဲ့ ကောင်လေးတစ်ယောက်၊ သူဟာ မနှစ်က အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်။ နောက်တော့ သူ့ရဲ့ ဒုတိယ ရာသီမှာ ခြေစွမ်း အပျံစားနဲ့ ကစားနေချိန်ကျမှ ဒါမျိုး လာဖြစ်ရတယ်လို့။ အဝတ်လဲခန်းထဲ သူပြန်ရောက်လာချိန်မှာ ကျွန်တော် သူ့ကို ဘာစကားမှ မပြောနိုင်ဘူး။ သူက အောက်စီဂျင် မျက်နှာဖုံးနဲ့လေ။ ပြီးတော့ ငိုနေရှာတယ်။ ကျွန်တော်က ဆရာဝန် တစ်ယောက် မဟုတ်ဘူး။ ဒဏ်ရာတစ်ခုကြောင့် ဘယ်လောက်ကြာကြာ နားရမလဲ ဆိုတာကို တိတိကျကျ မပြောတတ်ဘူး။ ဒါပေမဲ့ ခြေထောက်မှာ အရိုးနှစ်ချက် ကျိုးသွားတဲ့အတွက် (၆)လလောက်တော့ နားရမယ်လို့ ကျွန်တော်ထင်တယ်။ သူ့ဒဏ်ရာ တိုးတက်မှု အနေအထားကို မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ ချန်ပီယံလိဂ် အုပ်စုပွဲတွေ ပြီးတဲ့ထိတော့ သူမကစားနိုင်တော့ဘူး။ ဒီရာသီ သူပြန်ကစားနိုင်ဖို့တော့ ကျွန်တော် မျှော်လင့်မိပါတယ်”ဟု ပြောကြားခဲ့သည်။
မိုရီနိုသည် ရှောကို နောက်ဘက် ခပ်စောင်းစောင်း အနေအထားမှ ဖျက်ထုတ်ရာတွင် ဘောလုံးကို ဦးခဲ့သော်လည်း ၎င်း၏ ခြေထောက်နှင့် ချိတ်မိပြီး အကျမတော်ရာမှ ရှော၏ခြေထောက် ဆိုးဆိုးရွားရွား ကျိုးသွားခဲ့ခြင်း ဖြစ်သည်။ မိုရီနိုသည် AZ အယ်လ်ခမာကို ဗန်ဂါးလ် ကိုင်တွယ်စဉ်က ၎င်း၏ ကစားသမားတစ်ဦး ဖြစ်ခဲ့ဖူးသည်။ ယခုဖြစ်ရပ်တွင် ဒိုင်လူကြီး နစ်ကိုလာ ရစ်ဇိုလီက တစ်စုံတစ်ရာ အရေးယူမှု မရှိသည်ကို အံ့ဩမိကြောင်း ဗန်ဂါးလ်က ဆိုသည်။ “ဒါဟာ ဆိုးရွားတဲ့ ဖျက်ထုတ်မှု တစ်ခုပါ။ ခြေနှစ်ချောင်း စလုံးနဲ့ ဖျက်တာလေ”ဟု နယ်သာလန်သား မန်နေဂျာကြီးက ဝေဖန်ခဲ့သည်။ ယူနိုက်တက် ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး ယခုပွဲအတွက် ရုပ်မြင်သံကြား အစီအစဉ်မှူး တာဝန်ယူခဲ့သည့် မိုက်ကယ်အိုဝင်က “မြင်ရတွေ့ရတာ စိတ်မချမ်းသာစရာပဲ။
သူအဝင်မှာ ခြေနှစ်ပိုင်းကျိုးသွားတာပါပဲ။ အနှေးပြကွက်ကို ကျွန်တော် သေချာ ပြန်ကြည့်ဖြစ်တယ်။ တကယ့်ကို ဆိုးရွားလွန်းတဲ့ ဒဏ်ရာပါပဲ။ သူ့အတွက် လူတိုင်း စိတ်မကောင်း ဖြစ်ကြမှာပါ။ ယူနိုက်တက်ကို စရောက်လာကတည်းက ရှောမှာ ဒဏ်ရာ ပြဿနာတွေ ရှိခဲ့တယ်။ ဒီရာသီမှာတော့ အကောင်းဆုံး ကစားနေပေမယ့် အခုတော့ နားရပါတော့မယ်။ သူထိသွားတာက ဒူးနဲ့ ခြေကျင်းဝတ်ကြား အလယ်တည့်တည့်လောက်ပဲ။ ထိချက် တိတိကျကျ ဖြစ်ပြီး အရိုးကျိုးသွားတာမျိုး ဖြစ်နိုင်တယ်။ ဒဏ်ရာမှာ တခြားရှုပ်ထွေးမှုတွေ ဘာမှ မဖြစ်ပါစေနဲ့လို့ မျှော်လင့်ရမှာပဲ”ဟု ပြောဆိုသွားသည်။
BT Sportက ထုတ်လွှင့်သည့် ပွဲစဉ်အတွက် ဝေဖန်ရေးမှူး တာဝန်ယူထားသည့် ယူနိုက်တက် ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ်ကလည်း “မိုရီနိုက ဘောလုံးကို ဦးတည်တာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သူ့ခြေထောက် ဝင်ပုံက ပရမ်းပတာနဲ့ အထိန်းအကွပ် မဲ့လွန်းတယ်။ တကယ်ဆို အနီကတ်တောင် ထိသင့်တယ်။ ပင်နယ်တီ ပေးသင့်တယ်။ ဒါပေမဲ့ ဒိုင်အမြင်မှာတော့ မိုရီနိုက ဘောလုံးကို ဖျက်ခဲ့တယ်လို့ပဲ ဆုံးဖြတ်လိုက်ပုံ ရတယ်။ အခုပွဲမှာ ဒါလေဘလင်းဟာ ဘယ်ခြမ်း ထွက်ကစားသွားတယ်။ သူက ဘယ်နောက်ခံ နေရာမှာ ကစားတတ်ပါတယ်။ ဒါပေမဲ့ ရှောနေရာကို အစားထိုးဖို့ လုံလောက်မှု မရှိဘူးဆိုတာ မြင်သာလိမ့်မယ်”ဟု မှတ်ချက်ပြုခဲ့သည်။
ဟားဂရေ့ဗ်နှင့်အတူ အစီအစဉ်မှူးအဖြစ် ပူးတွဲတာဝန်ယူသည့် ယူနိုက်တက် ဂန္ထဝင် ကစားသမားဟောင်း ပေါလ်စခိုးလ်က “တော်တော် စိတ်မကောင်းစရာပဲ။ အထူးသဖြင့် ချာတိတ်အတွက်ပါ။ ရှောဟာ ဒီရာသီမှာ ပုံစံကောင်းနဲ့ အစပြုနေတာ ဖြစ်ပါတယ်။ သူက ဧရိယာထဲကို အရှိန်ကောင်းကောင်းနဲ့ ဝင်တိုးချိန်မှာ အခုလို ဖျက်ထုတ်ပုံကတော့ အဆင်မပြေလှပါဘူး။ ပွဲကစားနေချိန် အတွင်းမှာတော့ သိပ်မသိသာလှဘူး။ အနှေးပြန်ကြည့်တော့မှ ဖျက်ထုတ်ပုံက တော်တော်ဆိုးပါတယ်”ဟု ပြောကြားခဲ့သည်။ ရှောဒဏ်ရာရသွားသည့်နောက် အမြန်ဆုံး ပြန်လည် သက်သာလာစေရန် ၎င်း၏ အသင်းဟောင်း ဆောက်သမ်တန်၊ အင်္ဂလန် လက်ရွေးစင် ကစားဖော်များ၊ အင်္ဂလန် ဘောလုံးလောကနှင့် ဆက်နွှယ်သူ အများအပြားက Twitterမှတစ်ဆင့် ဆုမွန်ကောင်း တောင်းမှုများ ပြုလုပ်ခဲ့သည်။
မက္ကစီကို လက်ရွေးစင် မိုရီနိုက မိမိသည် ရှောကို ထိုကဲ့သို့ ထိခိုက်သွားစေလိုခြင်း လုံးဝ မရှိဟု ပြောကြားခဲ့သည်။ မိုရီနို ကိုယ်တိုင်သည်လည်း တစ်ချိန်က အလားတူ ဆိုးဆိုးရွားရွား ဒဏ်ရာမျိုး ရရှိဖူးသူ ဖြစ်သည်။ “ကျွန်တော် ရှောအတွက် တကယ့်ကို စိတ်မကောင်းပါဘူး။ ကျွန်တော် အရမ်းစိတ်ပျက်လက်ပျက် ခံစားနေမိတယ်။ ဒီဖြစ်ရပ်က ဘယ်လိုဘယ်ပုံ ဆိုတာကို ကျွန်တော် ကောင်းကောင်း သိတယ်လေ။ ကမ္ဘာ့ဖလားမှာတုန်းက ကျွန်တော်လည်း အဲဒီလို ဒဏ်ရာမျိုး ရခဲ့ဖူးတယ်။ ရှောအတွက် အကောင်းဆုံး ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။ ဒါပေမဲ့ ကျွန်တော်က သူ့ကို ဒဏ်ရာရစေဖို့ လုံးဝ မရည်ရွယ်ခဲ့တာ အမှန်ပါ။ ထင်ကိုထင်မထားပါဘူး”ဟု မိုရီနိုက ဖွင့်ဟခဲ့သည်။
PSVနည်းပြ ဖိလစ်ကိုကူးကလည်း ရှော၏ ဒဏ်ရာသည် မိမိ၏ အသင်းသားများ အပေါ်တွင်ပါ စိတ်ဓာတ်ရေးရာ သက်ရောက် ခြောက်ခြားစေခဲ့ကြောင်း ဝန်ခံခဲ့သည်။ “ကျွန်တော်တို့လည်း တုန်လှုပ်သွားမိတယ်။ တော်တော်ဆိုးတဲ့ ဒဏ်ရာပါပဲ။ ရှောဟာ ထိပ်တန်း ကစားသမားကောင်း တစ်ယောက်ပါ။ အသင်းအတွက်လည်း တော်တော် အရေးပါပုံ ရပါတယ်။ သူလို ကစားသမားကောင်းတစ်ယောက် ကံဆိုးစွာနဲ့ အခုလို ဒဏ်ရာရသွားတာ ဝမ်းနည်းစရာပါ။ သူ့ဒဏ်ရာရဲ့ ရိုက်ခတ်မှုက ကျွန်တော်တို့ အသင်းကိုပါ သက်ရောက်ခဲ့ပါတယ်”ဟု ကိုကူးက ပြောဆိုသွားသည်။
http://soccermyanmar.com
0 comments:
Post a Comment