ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် သေချာလုနီးပါး ဖြစ်နေသည့်
ချယ်လ်ဆီးအသင်းမှ ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံတိုက်စစ်မှူးသည် မန်ချက်စတာ
ယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာနှင့် တော့တင်ဟမ်ဟော့စပါး လူငယ်ခြေတက်
တိုက်စစ်မှူး ဟယ်ရီကိန်းတို့ကို ကျော်ဖြတ်ကာ မဲအများဆုံးဖြင့် ယင်းဆုကို
သိမ်းပိုက်နိုင်ခဲ့သည်။ ဟာဇက်သည် ယခုရာသီ တောက်ပသော ချယ်လ်ဆီး၏
ဖြတ်သန်းမှုများတွင် အဓိက အကျဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး
(၁၃)ဂိုးသွင်းကာ (၈)ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့သည်။
(၂၀၁၅)ခုနှစ်အတွင်း ချယ်လ်ဆီး အသင်းဖော် အချို့ ခြေစွမ်းကျဆင်းမှုများ ရှိနေသည့်တိုင် ဟာဇက်မှာမူ အကောင်းဆုံး ခြေစွမ်းကို ထိန်းထားနိုင်ခဲ့သည်။ ရာသီအစပိုင်းက အကောင်းဆုံး စွမ်းဆောင်ရည်မျိုး ရရှိခဲ့သည့် ဆက်စ်ဖာဘရီဂက်စ်ကဲ့သို့ ကစားသမားမျိုးသည် PFA၏ အကောင်းဆုံး (၁၁)ဦး အသင်းစာရင်းမှ ချန်လှပ် ခံခဲ့ရသည်အထိ အပြောင်းအလဲများ ဖြစ်လာသည်။ PFA အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့ခြင်းနှင့် ပတ်သက်ပြီး ဟာဇက်က “ကျွန်တော် အရမ်းပျော်ပါတယ်။ တစ်နေ့မှာတော့ ကျွန်တော်က အကောင်းတကာ့ အကောင်းဆုံး ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ ဒီရာသီ ကျွန်တော် အကောင်းဆုံး ကစားနိုင်ခဲ့သလို ချယ်လ်ဆီးလည်း အကောင်းဆုံး ဖြတ်သန်းနိုင်ခဲ့တယ်”ဟု ဆိုသည်။
၎င်းက “ဒီဆုကို ကျွန်တော် ရထိုက်ရဲ့လား ဆိုတာတော့ သေချာမသိဘူး။ ဒါပေမဲ့ ဆုရတာကတော့ ကျေနပ်စရာပါ။ အထူးသဖြင့် ဘဝတူ ကစားသမားတွေရဲ့ မဲပေးမှုနဲ့ ဒီဆုကို ရတဲ့အတွက်ပါ။ သူတို့ဟာ ဘောလုံးအကြောင်း အလုံးစုံအောင် အမှန်တကယ် သိထားသူတွေလေ။ တစ်ဦးချင်း အနေနဲ့ ပြောရရင် ဒီရာသီ ကျွန်တော့် ခြေစွမ်းက ကောင်းမွန်ခဲ့ပါတယ်။ ပွဲကြီးပွဲကောင်းတွေမှာ ပါဝင်ကစားရင်း အရေးပါတဲ့ ဂိုးတွေ တော်တော်များများ သွင်းနိုင်ခဲ့တယ်။ ဒါကြောင့် ဒီရာသီ ကျွန်တော် ပိုကောင်းလာတယ်လို့ ခံစားမိပါတယ်”ဟု ပြောကြားသွားသည်။
ယခုနှစ် PFA၏ အကောင်းဆုံး လူငယ်ကစားသမား ဆုကိုမူ စပါးတိုက်စစ်မှူး ကိန်းက ရရှိခဲ့သည်။ အသက်(၂၁)နှစ် အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးလေးသည် ပရီးမီးယားလိဂ် (၂၅)ပွဲမျှသာ ကစားပြီးနောက် ဂိုး(၂၀)ပြည့်အောင် သွင်းပြခဲ့သူ ဖြစ်သည်။ ကိန်းက “အံ့ဩစရာပါပဲ။ ကျွန်တော့် မိသားစုနဲ့ ကျွန်တော့်အတွက် ဂုဏ်အယူရဆုံး အချိန်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအောင်မြင်မှုဟာ နောက်ဆက်တွဲ အောင်မြင်မှု အားလုံးရဲ့ အစလောက်ပဲ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် အများကြီး ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အသင်းဖော်တွေရဲ့ ပံ့ပိုးမှုတွေကြောင့်လည်း ဒီဆုကို ရခဲ့တယ်ဆိုတာ သဘောပေါက်ပါတယ်။ ထူးကဲလှပတဲ့ ဒီညကို ကျွန်တော် မေ့တော့မယ် မထင်ပါဘူး”ဟု ကိန်းက ဖွင့်ဟသွားသည်။
မူရင်း >> http://soccermyanmar.com/?p=11577

0 comments:
Post a Comment