အာရှလမ်းမသစ်ကြီးပေါ် တရားဝင် အခွန်ကောက်ရေး ဆွေးနွေးမည်

အာရှ လမ်းမသစ်ကြီးပေါ်တွင် တရားမ၀င် အခွန်ကောက်ခံနေသည့် ဂိတ်စခန်း တခု(ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နှင့် မြ၀တီမြို့အကြားရှိ အာရှလမ်းမသစ်ကြီးပေါ်တွင် တရားဝင် အခွန်ကောက်ခံရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ကရင်ပြည်နယ် အစိုးရတို့ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

“လမ်းဖွင့်ပြီးရင် အခုဂိတ်ကြေးကောက်နေတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးမယ်။ လမ်းရဲ့လုံခြုံရေးကို ဒီထက်ပိုပြီး လုပ်ဆောင်ရတော့မှာပါ” ဟု ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက ပြောဆိုသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံသဘောတူညီမှုဖြင့် ဖောက်လုပ်ခဲ့သည့် အာရှလမ်းမသစ်ကြီး ဖွင့်ပွဲကို လာမည့် ဇူလိုင်လ ၂၀ ရက်တွင် ပြုလုပ် မည်ဖြစ်ပြီး လမ်းပိုင်း အခွန်ကောက်ခံမှုကို နိုင်ငံတကာ စံနှုန်းအတိုင်း ကောက်ခံဆောင်ရွက် သွားမည်ဖြစ်သည်ဟုလည်း ဦးဇော်မင်း က ဆက်ပြောသည်။

ပြီးခဲ့သည့် လများအတွင်းက အာရှလမ်းမသစ်ကြီးပေါ်တွင် အစိုးရ တပ်မတော်၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)၊ ကရင် နယ်ခြားစောင့်တပ် (BGF)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)(KNU/KNLA-PC) တို့က စုစုပေါင်းဂိတ် ၈ ဂိတ်ခန့်ဖြင့် ငွေကြေးကောက်ခံနေမှုများ ရှိခဲ့သည့်အတွက် အခက် အခဲများ ဖြစ်ရကြောင်း ထိုလမ်းကြောင်းပေါ်တွင် ပြေးဆွဲနေသည့် ခရီးသည်တင် အငှားယာဉ်မောင်းများက ပြောပြသည်။

အာရှလမ်းမသစ်ကြီးကို တရားဝင် ဖွင့်လှစ်ခြင်း မရှိသေးသော်လည်း ကားများဖြတ်သန်းသွားလာခွင့် ပြုထားရာ၌ ထိုဒေသရှိ လက် နက် ကိုင် တပ်ဖွဲ့များက ဂိတ်ဖွင့်၍ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြပြီး ဂိတ်ကြေးမပေးနိုင်သည့် ကားသမားများကို ခေတ္တ ထိန်းသိမ်းထားခြင်းများ ရှိနေသည်ဟုလည်း ယာဉ်မောင်းများက ပြောဆိုသည်။

DKBA အဖွဲ့မှ ဗိုလ်မှူးကြီး စောသရဲနီက ငွေကြေးကောက်ခံမှုနှင့် ပတ်သက်၍ တရားဝင် ကောက်ခံခွင့် ချထားပေးရန် ပြည်နယ် အစိုးရ သို့ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ထားကြောင်းနှင့် နိုင်ငံတော်က တရားဝင် လုပ်ကိုင်ခွင့်ပေးပါက တရားမ၀င် ဂိတ်ကြေး ကောက် ခံ မှုများ အလိုလို ပပျောက်သွားမည် ဖြစ်ကြောင်းပြောသည်။

“ကုမ္ပဏီတွေကို ချပေးမယ့်အစား လမ်းပိုင်းအလိုက် ငြိမ်းချမ်းရေး လုပ်နေတဲ့ အဖွဲ့တွေကို ချထားပေးစေချင်ပါတယ်”ဟုလည်း ဗိုလ်မှူးကြီး စောသရဲနီက ဆိုသည်။

အာရှလမ်းမသစ်ကြီးပေါ်တွင် တရားမ၀င် အခွန်ကောက်ခံမှု ရှိနေသည့် သတင်းများ မီဒီယာများတွင် ပါရှိလာပြီးနောက် လက်ရှိအချိန် တွင် KNU၊ KNU/KNLA-PC ၊ DKBA တပ်ဖွဲ့များက စုပေါင်း၍ အာရှလမ်းမသစ်ပေါ်တွင် အပေါ်ဂိတ်နှင့် အောက်ဂိတ်ခွဲပြီး နှစ်ဂိတ် သာ ကောက်ခံတော့ကြောင်း ယာဉ်မောင်းများက ပြောပြသည်။

အစိုးရ အနေဖြင့် တရားဝင် ကောက်ခံခွင့် ချထားပေးပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက စုပေါင်းပြီး လုပ်ဆောင်ကြရန် ဆွေးနွေးညှိနှိုင်းထားပြီး ဖြစ်ကြောင်း ကရင်လက်နက်ကိုင်များ ပူးတွဲကော်မတီ အဖွဲ့ဝင်ဖြစ်သူ ဗိုလ်မှူးကြီး စောသရဲနီက ပြောသည်။

ဒေါနတောင်ခြေကို ပတ်ဖောက်ထားသည့် ထိုလမ်းမကြီးပေါ်တွင် ဇွန် ၂၆ ရက်နံနက်ပိုင်းက မိုးရွားသွန်းမှုကြောင့် မြေပြိုပြီး လမ်းပေါ်တွင် ပိတ်ဆို့မှုဖြစ်ပွားခဲ့သဖြင့် ထိုလမ်းအား တာဝန်ယူဖောက်လုပ်သည့် ထိုင်းနိုင်ငံ See Sang ဆောက်လုပ်ရေး ကုမ္ပဏီက လာရောက် ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

“အခုက မိုးအစပဲ ရှိသေးတယ် မြေပြိုကျနေပြီဆိုတော့ နောက်ပိုင်း အခြေအနေကို စောင့်ကြည့်ရမှာပဲ။ အတားအဆီးတွေ မလုပ် ထား ရင်တော့ နောက်ပိုင်း တော်တော်ဆိုးမယ်”ဟု ဂိတ်ကြေးကောက်ခံနေသည့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့မှ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

အာရှလမ်းမသစ်ကြီးသည် အာရှဒေသတွင်း နိုင်ငံတချို့နှင့် ကုန်သွယ်ကူးသန်းနိုင်ရေးအတွက် အဓိက ဖောက်လုပ်ထားခြင်းဖြစ်ပြီး အာဆီယံ နိုင်ငံများကလည်း ထိုလမ်းမကြီးနှင့် ချိတ်ဆက်၍ ကုန်သွယ်စီးဆင်းမှုအတွင်း ပါဝင်လျက်ရှိသည်။

အာရှလမ်းမသစ်၏ မဲဆောက်-မြ၀တီ-သင်္ကန်းညီနောင် လမ်းပိုင်းကို စီမံကိန်းကာလ ၂၀၀၄-၂၀၀၆ ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၀၆ ခုနှစ် မေလတွင် ဖောက်လုပ်ပြီးစီးခဲ့ပြီး သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းပိုင်းကို ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ထိုင်း အင်ဂျင်နီယာများက ၂၀၁၃ ခုနှစ်က စတင်ဖောက်လုပ်ခဲ့ကာ လမ်းကြောင်းအနေဖြင့် အိန္ဒိယ နယ်စပ် တမူးမြို့အထိ ပါဝင်ကြောင်း သိရသည်။

http://burma.irrawaddy.org/news/2015/06/29/77160.html
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment