တရက် အနည်းဆုံး လုပ်ခ ၃၆၀၀ ကျပ် သတ်မှတ်မည့်အပေါ် အမြင်များ

ရန်ကုန်မြို့အတွင်းမှ အလုပ်သမား ဆန္ဒပြမှုတခု (ဓာတ်ပုံ – ဧရာဝတီ)
အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနက တရက်လျှင် အနည်းဆုံး အခကြေးငွေ အခြေခံလစာ ၃၆၀၀ ကျပ် သတ်မှတ်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး အဆိုပါနှုန်းထားသည် တနိုင်ငံလုံးရှိ ပုဂ္ဂလိကလုပ်ငန်း အမျိုး အစား အားလုံးအတွက် အကျုံးဝင်မည်ဖြစ်ကြောင်း အလုပ်သမားအသိုင်းအ၀ိုင်းနှင့် အစိုးရသတင်းရပ်ကွက်များမှ တဆင့် သိရှိရသည်။

သို့သော် ထိုနှုန်းထားကို အထည်ချုပ် လုပ်ငန်းရှင် အများစုက ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း သွား နိုင် သည့် အတွက် လက်မခံကြဘဲ အလုပ်သမား အများစုကလည်း တရက်လျှင် အနည်းဆုံး လုပ်ခလစာ ၄၀၀၀ ကျပ် ရရှိ မှသာ အဆင်ပြေနိုင်ကြောင်း ပြောဆိုနေကြသည်။ အနည်းဆုံးလုပ်ခစာနှုန်းထား မကြာမီ ထွက်ပေါ်လာမည်ဖြစ်ရာ ဧရာဝတီ သတင်းထောက် မေစစ်ပိုင်က ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ အလုပ်ရှင်၊ အလုပ်သမားနှင့် အလုပ်သမား ကိုယ်စား လှယ် များကို တွေ့ဆုံမေးမြန်းထားပါသည်။

ဦးမျိုးအောင်
အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမား ညွန်ကြားမှု ဦးစီးဌာန

ဒီလမကုန်ခင်မှာ အဆိုပြုနှုန်းထားကို အစိုးရက ထုတ်ပြန်သွားမှာပါ။ ၃၀၀၀ ကျပ်ကနေ ၄၀၀၀ ကျပ် ကြားဖြစ်မယ်။ အလုပ်သမားတွေရော အခြားသူ အများစုကလည်း နှုန်းထားကို တနိုင်ငံလုံး အနေနဲ့ သတ်မှတ်ထုတ်ပြန်ပေးဖို့ တောင်း ဆိုကြတယ်ဆိုတော့ အများရဲ့ ဆန္ဒအတိုင်းပဲ ဆောင်ရွက်မယ် ထင်ပါတယ်။ အထည်ချုပ် လုပ်ငန်းရှင်တွေက တလကို ၉ သောင်း ၁ သိန်း ပေးပါမယ် ပြောတာလေ။ ရှင်းရှင်းလေးပါ ။တလရက် ၃၀ နဲ့စား သူတို့ပေးမယ့်ငွေက ၃၀၀၀ ကျော်ကျော် မဖြစ်ဘူးလား။ သူတို့က ၉ သောင်း ၁ သိန်းကို ၂၅၀၀ နဲ့ ဘယ်လိုပုံစံမျိုး ပေးချင်တာလဲ။ အဓိကကတော့ အလုပ်သမား ရဲ့လုပ်အား မထွက်မှာစိုးလို့ပေါ့။ ဒီဘက်က အလုပ်သမားတွေကလည်း လုပ်အားထွက်အောင် လုပ်မယ်ဆိုပြီး ကတိကဝတ် ပြုပြီးပြီ။

နိုင်ငံတော်ကနေ လုပ်ငန်းရှင်တွေကို ဘယ်လိုကူညီရမလဲဆိုတော့ လုပ်ငန်းရှင်တွေက ပွင့်လင်းဖို့လိုတယ်။ ပါးစပ်ကနေ ပြောနေလို့ မရဘူး။ တကယ့်အချက်တွေကို ချက်နဲ့လက်နဲ့ ပြောဖို့လိုတယ်လေ။ အခုထုတ်ပြန်မယ့် နှုန်းထားတွေကို တချို့ အလုပ်ရှင်တွေကလည်း ပေးနိုင်တယ်လို့ ပြောတာရှိတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားကြားက အခက်အခဲတွေကို ငါတို့ တွေ ရင်ဆိုင်နေရတာ ကြာပြီလေ။ ဟိုး၂ နှစ်လောက် ကတည်းကပေါ့။ ဒါပေမယ့် အရင်ထက်စာရင် နီးစပ်လာတာပေါ့။

အရင်ကတော့ အလုပ်သမားတွေက ၅၆၀၀ ကျပ် ၇၀၀၀ ကျပ် ကနေ လျှော့ချလာသလို အလုပ်ရှင်တွေကလည်း ၁၅၀၀ ကနေ ၂၅၀၀ အထိ ဖြစ်လာတယ်။ တယောက်နဲ့ တယောက် သဘောတရားချင်း နီးစပ်လာတယ်။ သူတို့တွေ တယောက်နဲ့ တယောက် မညီလို့ ကြာနေတာပေါ့။ အစိုးရ အနေနဲ့ ဝန်ကြီးဌာန အနေနဲ့ ဒီလောက်ပဲလို့ ဖြတ်လိုက်ရင် သူတို့အခက်အခဲ ဖြစ်မှာဆိုးလို့ ကြိုတင်စီစဉ်သင့်တာ စီစဉ်လို့ရအောင် ဒီလောက်အထိ ကြာနေတာပေါ့။

ဦးကျော်ဝင်း
ဒုတိယဥက္ကဋ္ဌ ၊ အထည်ချုပ် လုပ်ငန်းရှင်အသင်း

အဲဒီလို သတ်မှတ်ရင်တော့ အန်ကယ်တို့ဘက်က ပထမအဆင့် အနေနဲ့ လူသစ်တွေ ထပ်မခန့်နိုင်တော့ဘူး။ အဲဒါမှ ဆက် ရပ်တည်နိုင်မလား မရပ်တည်နိုင်ဘူးလား ဆိုတာကလည်း တပိုင်းပေါ့။ လူသစ် မခန့်နိုင်ဖို့ကတော့ သေချာသွားပြီ။ လူသစ် မခန့်နိုင်ဘဲနဲ့ လက်ရှိအော်ဒါနဲ့ ချုပ်နေတဲ့အထည်နဲ့ ထွက်မယ့် ကုန်ထုတ်လုပ်မှုနှုန်းနဲ့ ပေးရတာနဲ့ ကိုက်ညီရင်လည်း ကိုက် ညီ မယ်။ မကိုက်ညီရင်တော့ လက်ရှိအော်ဒါတွေပဲ ပြီးအောင်ချုပ်မယ်။ နောက်ထပ် အော်ဒါအသစ် မယူတော့ဘူးပေါ့။ အော်ဒါအသစ် မရှိတော့ဘူးဆိုတဲ့ အချိန်မှာ ကုန်ထုတ်လုပ်မှု စွမ်းအားလည်း မရှိတော့တဲ့အတွက် အလုပ်သမားတွေကို ခေါ်ထားချင်မှ ခေါ်ထားနိုင်မှာ။ ဘာဖြစ်လာမလဲဆိုတော့ လူလျှော့တာတွေ ဖြစ်ကုန်မယ်။

နံပါတ် ၁ အနေနဲ့ ဒီလုပ်ငန်းက မဖွံ့ဖြိုးတော့ဘူး။ နံပါတ် ၂ ကတော့ ညိုးနွမ်းလာမယ်။ နံပါတ် ၃ ကတော့ ညိုးနွမ်းရာကနေ ဆိတ်သုဉ်းသွားမှာပေါ့။ ဘယ်အဆင့်ထိ ရောက်မလဲဆိုတာတော့ မပြောနိုင်ဘူးပေါ့။ ဒီကိစ္စမတိုင်ခင်တော့ ဒီလုပ်ငန်းက ဖွံ့ဖြိုး မယ်။ အလုပ်အကိုင်တွေလည်း တိုးတက်လာမယ်လို့ ယူဆတာ။ လက်ရှိအချိုသီး စားနေရတဲ့လူတွေက နောက်က ပါလာမယ့် လူတွေကို ခွဲမပေးလိုဘူး။ ငါတို့ချည်း အချိုဆုံးတွေ စားပစ်လိုက်မယ်ဆိုရင် နောက်ကလုပ်သားအသစ် ဖြစ်လာ မယ့် မကျွမ်းကျင်တဲ့ လုပ်သားတွေအတွက် အခက်အခဲ ဖြစ်တာပေါ့။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိတ်ဆို့ရာ ရောက် ပါတယ်။

လောလောဆယ်မှာ အခြေခံလစာလို့ မပြောဘဲ အိမ်ပါငွေကို ၉ သောင်း၊ ၁ သိန်းလောက် ပေးနေပါတယ်။ အခြေခံလစာ အနေနဲ့ မေးတယ်ဆိုရင်တော့ နိမ့်ပါတယ် ၁၂၀၀ ကျပ်လောက်ပဲ ရပါတယ်။ ဒါပေမယ့် တခြားပေးတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ ဥပမာ ကုန်ထုတ်လုပ်မှု ဆုကြေး၊ ရက်မပျက် ဆုကြေးတို့ အချိန်ပိုကြေးတို့ ရှိတယ်။ အခြေခံလစာ သိပ်မြင့်ရင် ကုန်ထုတ်လုပ်မှုဆုကြေး မပေးနိုင်တော့ပါဘူး။ အဲဒီလိုဆုကြေး မပေးနိုင်တော့ရင် အလုပ်သမားတွေရဲ့ အားကျိုးမာန်တက် လုပ်ချင်စိတ်လည်း ကျသွားပါမယ်။

နိုင်ငံတကာမှာပေါ့၊ ဥပမာ- တရုတ်ပြည်ဆိုရင် အစိုးရက ဒီလုပ်ငန်းက အခြေခံ လူတန်းစားတွေ အလုပ်အကိုင်ရှိဖို့ လုပ်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ အခြေခံလူတန်းစားတွေ အလုပ်အကိုင်ရ ရှိမယ်။ ကုန်ထုတ်လုပ်မှု နည်းပညာတွေ တက်တယ်ဆိုပြီးတော့ ဒီလုပ်ငန်းကို တိုင်းပြည်အတွက် အထောက်အကူပြုအောင် အစိုးရက အခြား လုပ်ငန်းကရတဲ့ အခွန်နှုန်းတွေနဲ့ ဒီလုပ်ငန်းကို ၁၇ ရာခိုင်နှုန်း ထောက်ပံ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီဟာကို ဆွေးနွေး နေကြ တုန်းပဲလို့ သိရပါတယ်။ ဘယ်လောက် ထောက်ပံ့မယ်တော့ မသိပါဘူး။

နိုင်ငံတော်ကလည်း ချမ်းသာတဲ့ အစိုးရဆိုရင် တမျိုးပေါ့။ ကိုယ့်အစိုးရ ကိုယ်တိုင်ကလည်း ချမ်းသာတဲ့ အစိုးရမှ မဟုတ် သေးဘဲကိုး။ အစိုးရကိုလည်း သိပ်အပြစ် မတင်ချင်ပါဘူး။ သူ့မှာလည်း လုပ်ငန်းတွေကို ထောက်ပံ့ရမယ့်အစား ပိုက်ဆံကို ပညာရေး၊ ကျန်းမာရေးမှာလည်း သုံးစရာ အများကြီး ရှိနေတယ်။ မထောက်ပံ့တဲ့အတွက် အစိုးရကို အပြစ်တင်မယ့်အစား ပြည်သူတွေအတွက် ပညာရေး ကျန်းမာရေးမှာ သုံးပေးတယ်ဆိုရင် အန်ကယ်တို့က မုဒိတာ ပွားရမှာပေါ့။

ဒေါ်အေးအေးဟန်
မန်နေဂျင်းဒါရိုက်တာ၊ ရွှေရည်စံပယ် အထည်ချုပ်စက်ရုံ

အမတို့စက်ရုံက စက်မှုဇုန်ထဲမှာ ဖြစ်နေတော့ ရေ၊ မီးနဲ့ လမ်းကိစ္စတွေမှာ တဧကဘယ်လောက် ဆိုတာမျိုး ပေးရတယ်။ တဧက ၁၅ သိန်း သိန်း ၅၀ဆိုတာမျိုး စုပေးရတယ်။ ဒါက လုပ်သားတွေကို ပေးရတာ မဟုတ်ဘဲနဲ့ လုပ်ငန်းမှာ အပိုလို့ ပြောလို့မရတဲ့ ကုန်ကျစရိတ်တွေပေါ့နော်။ အမတို့ဘက်က အဆိုပြုတာက လစာကို ၉၀,၀၀၀ ပေါ့နော်။ အမှန်တကယ် ပေးနေရတာလည်း အဲဒီလောက် မကဘူး။ တလကို ၁၂၀,၀၀၀ အထိ ရတဲ့သူ ရှိတယ်။ ၄၀၀၀ ကျပ် အတိုင်းသာ ပေးရမယ်ဆိုလို့ရှိရင် လစာက ၁ သိန်း ကျော်မယ်။ အဲဒီနှုန်းအတိုင်းသာ ပေးမယ်ဆိုရင် အမတို့ ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ဘူး။

လုပ်ငန်းရှင် အကုန်လုံးက သူဌေးတွေ မဟုတ်ပါဘူး။ လက်ခစားတွေပါပဲ။ စက်ရုံတခုလုံး ဖြစ်တည်ဖို့ဆိုတာ အရင်းအနှီး အများကြီးလိုတယ်။ ဘဏ်က ချေးတော့လည်း ၁၃ ရာခိုင်နှုန်းလောက် အတိုးနှုန်းရှိနေတော့ အခြားနိုင်ငံတွေထက် အများကြီး မြင့်တယ်။ အတိုးနှုန်းလည်း သက်သက်သာသာ မရှိဘူး။ တခြားနိုင်ငံက ဘဏ်ချေးငွေဆိုတာ ၈ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အသေးစား အလတ်စားတွေ အတွက် အနိမ့်ဆုံး လုပ်ခလစာကို တခြားနိုင်ငံများ နည်းတူဆိုတဲ့စံနဲ့ သတ်မှတ်ရင်တော့ ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ဘူး။

ဦးနော်အောင်
အလုပ်သမားကိုယ်စားလှယ်

အမျိုးသားအဆင့် ကော်မတီမှာ တဦးချင်း အဆိုပြုတဲ့ စနစ်နဲ့ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေကို ဆုံးဖြတ်ခိုင်းတော့ တရက်ကို အခြေခံလစာ ၃၆၀၀ ကျပ်ကို အဆိုပြုတဲ့သူက များတယ်။ အလုပ်သမားတွေဘက်က တောင်းဆိုထားတာ ၄၀၀၀ ကျပ်ဆိုတော့ ဒီအပေါ်မှာ ကျေနပ်ကြမှာ မဟုတ်ဘူး။ ၄၀၀၀ ကျပ်ကို မလျှော့ဘူးဆိုတဲ့ သဘောမျိုး ရှိနေတယ်။

ဒါပေမယ့် အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးကို အမြန်ဆုံး ဦးတည်တဲ့ အနေနဲ့ ထုတ်ပြန်ဖို့ လုပ်နေတာ ဖြစ်တယ်။ ကျနော်ကတော့ လက်ရှိမှာ ၃၆၀၀ ကျပ်ကို ပေးပြီး အချိန် ၁ နှစ်၊ ၂နှစ် အတွင်းမှာ ၄၀၀၀ ကျပ်အထိ ရောက်အောင် ဖြည်းဖြည်းချင်း တိုးပေးသွားဖို့ အဆိုပြုခဲ့တယ်။ အထည်ချုပ် လုပ်ငန်းရှင်တွေဘက်က ၂၅၀၀ ကျပ်ထက် ပိုမပေးနိုင်ဘူး။ လက်ရှိအချိန်မှာ သတ်မှတ်လိုက်ရင် အခက်အခဲ ဖြစ်နိုင်တယ်လို့ ပြောတာတွေ ရှိသလို တချို့ကလည်း အမြန်ဆုံး သတ်မှတ်သင့်ပြီလို့ အကြံပြုကြပါတယ်။
http://burma.irrawaddy.org/interview/2015/06/29/77165.html
အလုပ်သမားတွေရဲ့ ရပိုင်ခွင့်ဆိုတာ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ လုပ်အားပေးမယ်၊ လခရမယ်ပေါ့။ နောက်ဆက်တွဲ အနေနဲ့ ဝန်ဆောင်မှုတွေ ဆိုတာတော့ ရှိသေးတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတို့ ပျော်ရွှင်တဲ့ လုပ်ငန်းခွင်တို့ ဆိုတာကလည်း အလုပ်သမားတွေအတွက် လိုအပ်ပါတယ်။ ဒါက မူတခု အနေနဲ့ပေါ့။ လုပ်ငန်းခွင် ပျော်ရွှင်မှလည်း လုပ်ငန်းတိုးတက်မှု ရှိတာဆိုတော့ အလုပ်ရှင်နဲ့ အလုပ်သမား အပြန်အလှန် မှီခိုတဲ့ သဘောပေါ့။

အလုပ်သမားတွေရဲ့အခွင့်အရေး ဆိုတာကလည်း အလုပ်ရှင်တွေရဲ့ သဘောထားနဲ့လည်း ဆက်စပ်နေတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာက အကျိုးတူ စီးပွားဖက်ဆိုလည်း ဟုတ်တယ်။ ကျနော်ကတော့ အလုပ်ရှင်တွေရော၊ အလုပ်သမား တွေရော မာန်မာနချကြပြီး ညှိနှိုင်းအဖြေရှာတဲ့ လမ်းကိုသွားရင်တော့ ပိုပြီး အဆင်ပြေလာလိမ့်မယ်လို့ ပြောချင်တယ်။

ဒေါ်လှလှ
အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ၊ Galland Ocean အအေးခန်းစက်ရုံ

ကျမတို့တွေက လက်ရှိကုန်ဈေးနှုန်းတွေအပေါ် မူတည်ပြီးတော့ နေ့တွက်လုပ်ခ တနေ့ကို ၄၀၀၀ ကျပ်မှ ဖြစ်မယ်လို့ တောင်း ဆိုတာ။ သူတို့တွေက နေ့စားဝန်ထမ်းတွေကိုတောင် တနေ့ ၃၀၀၀ ကျပ်ပေးရင် ကျွမ်းကျင်ဝန်ထမ်းတွေကို တနေ့ ၄၀၀၀ ကျပ်တော့ ပေးသင့်တယ်လို့ ကျမတို့ထင်တယ်။ ဒါကြောင့် ထုတ်ပြန်ကြေညာမယ့် သတင်းအတိအကျကို စောင့် နေတာပါ။ ၄၀၀၀ ကျပ် မရရင်တော့ ရက်ပေါင်း ၆၀ အတွင်းမှာ အကြီးအကျယ် ကန့်ကွက်မှာပါ။

အရင်ဆုံး ငြိမ်း၊ စု၊ စီ ဥပဒေနဲ့ တင်ပြပြီး ဆန္ဒပြပြီး ကျမတို့တွေ ကန့်ကွက်မယ်။ လက်မှတ်တွေထိုး စုစည်းပြီး ကန့်ကွက် မယ်။ လူတယောက်ရဲ့ ထမင်းတနပ် စရိတ်က အပြင်မှာ ၇၀၀ ကျပ် ဖြစ်နေပါပြီ။ အဝစားမယ်ဆိုရင် ၈၀၀၊ ၉၀၀ ကျပ် ရှိပါ တယ်။ တနေ့အတွက် မဝစားဆိုရင် ၁၅၀၀ ကျပ်နဲ့ အဝစားရမယ်ဆိုရင် ၂၀၀၀ ကျပ် လောက် ကုန်ကျနေပါပြီ။ ဒါက ထမင်းစား စရိတ်ပဲ ရှိပါသေးတယ်။ သွားလာရတဲ့ ကားခတွေပါ ထည့်တွက်ရမယ် ဆိုရင်တော့ ၂၀၀၀ ကျော် ၃၀၀၀ ကျပ် လောက် ရှိနေပါပြီ။

ကုန်ဈေးနှုန်းက တနေ့ထက်တနေ့ အတက်ပဲ ရှိပါတယ်။ အကျမရှိဘူး။ ကျမတို့နောက်မှာ မှီခိုနေတဲ့ မိသားစုတွေ ရှိတယ်။ နယ်ကနေ ရန်ကုန်ကို တက်လာခဲ့တာ မိသားစုကို ပြန်ကြည့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တက်လာခဲ့ပေမယ့် တကယ်တမ်းမှာ လုံးဝကို ပြန်လှည့်မကြည့်နိုင်ဘူး။ ကိုယ့်ကိုကိုယ် မနည်းရုန်းကန်နေရတယ်။ အလုပ်သမားတွေက စက်ရုံမှာ အလုပ်သမား အခွင့်အရေးတွေကို တောင်းဆိုကြတယ်။ အဲဒီတောင်းဆိုတဲ့ အလုပ်သမားတွေကို စက်ရုံဘက်က အလုပ်ထုတ်ကြတယ်။ အဲဒီလို အလုပ်ထုတ် ခံခဲ့ရတဲ့အချိန်မှာ တင်တဲ့အကြွေးစာရင်းတွေ မပါသေးဘူး။

ကျမ ပြောနေတာတွေက စားဝတ်နေရေးပဲ ရှိသေးတယ်။ ကျန်းမာရေး စရိတ်တွေ ရှိမယ်။ ဖူလုံရေး ဆေးခန်းတွေသွားလို့ မသက်သာရင် ရပ်ကွက်ဆေးခန်း သွားရတဲ့အခါ ကျပ် ၂၀၀၀၊ ၃၀၀၀ ကုန်ကျတယ်။ ဒါကြောင့် ကျမတို့တွေ ၅၆၀၀ ကျပ် ဆိုပြီး တောင်းဆိုခဲ့တယ်။ ဒါပေမယ့် အဲဒီနှုန်းထားရမှ ဖြစ်မယ်ဆိုပြီး မူမထားပါဘူး။ နောက်ဆုံးအနေနဲ့ တွက်ချက်ထားတဲ့ ၄၀၀၀ ကျပ်ပေါ့နော်။ အဲဒီအောက်ကိုတော့ လျော့လို့ မရပါဘူး။ ၄၀၀၀ ကျပ်မှ မရဘူးဆိုရင် အကြီးအကျယ် ဆန္ဒပြပွဲကြီး ဖြစ်လာမှာပါ။ ၄၀၀၀ ကျပ် ဆိုတာ ရလာမယ်ဆိုရင်တော့ လက်ခံပေးရမယ့် အနေအထားပေါ့။ ဒီထက်လည်း ပိုပြီးတော့ တောင်းဆိုလို့ မရတော့ဘူးလေ။

မတင်မိုးခိုင်
အလုပ်သမ၊ ဆာကူရာ အထည်ချုပ်စက်ရုံ

ကျမတို့ တောင်းဆိုထားတာ ၄၀၀၀ ကျပ် ဖြစ်ပါတယ်။ အခုလို ၃၀၀၀ ကျော် ၃၆၀၀ ကျပ်လောက် သတ်မှတ်မယ် ဆိုရင် တော့ မကျေနပ်ဘူး။ အလုပ်သမား အများစုလည်း မကျေနပ်တာ များကြတယ်။
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment