Normal Labor ရိုးရိုးမွေးဖွါးခြင်း


 ဆရာရှင့် သမီးကသားဦးကိုယ်ဝန်လွယ်ထားရသူပါရှင့်။ သမီးကခွဲမွေးရမှာ အရမ်းကြောက်လို့ပါဆရာ။ သမီးက မွေးလမ်းကြောင်းအတိုင်း လွယ်လွယ်ကူကူနဲ့မွေးချင်ပါတယ်ဆရာ။ သမီးဘယ်လိုနေထိုင်ရပါမလဲဆရာ။ ဘယ်လို အရာတွေကို ပိုစားရမလဲဆရာ။

မေးခွန်းစည်းကမ်းနဲ့မညီပါ။ အသက် မသိပါ။ ကိုယ်ဝန် ဘယ်နှစ်ပါတ် မသိပါ။ ကိုယ်ဝန်အပ် မအပ် မသိပါ။ ဘယ်မှာ (မြို့-ဆေးရုံ-ဆေးခန်း-အိမ်) မှာ မွေးမှာလည်း မသိပါ။ ကာကွယ်ဆေး ထိုး မထိုး မသိပါ။ အာလ်ထွာဆောင်း ရိုက် မရိုက် မသိပါ။ ဒါပေမယ့် ကိုယ်ဝန်ဖြစ်နေလို့ မက်ဆေ့ဖ်ျကနေ ပို့လိုက်ပါတယ်။

ကလေးမွေးဖွါးတာကို ပုံမှန်မွေးဖွါးခြင်းနဲ့ ပုံမှန်မဟုတ် မွေးဖွါးခြင်းလို့ ခွဲတယ်။ ပုံမှန်တိုင်းကိုလဲ ၃ ဆင့် ခွဲပါတယ်။ ပထမအဆင့်ဆိုတာ မွေးချင်လို့ ဗိုက်စနာချိန်ကနေ သားအိမ်အဝ အပြည့်အဝ ကျယ်လာတဲ့အထိကို ခေါ်တယ်။ မွေးချင်လို့ ဗိုက်နာတယ်ဆိုတာ (၁) နာလိုက် ရပ်လိုက်ဖြစ်တယ်၊ (၂) တိုးတိုး နာလာရမယ်၊ (၃) နာချိန် ကြာလာပြီး၊ နားချိန် တိုတိုလာရတယ်။ (၄) အနာလဲ ပိုပြင်းထံလာရပါမယ်။ တကယ် ဗိုက်နာတာကို လူနာ အော်သံကို နားထောင်ပြီး၊ ခန့်မှန်းတာ တခါတလေ မမှန်ပါ။ တချို့က တကယ်မနာဘဲ အော်တာမျိုးလဲရှိတယ်။ ဗိုက်ပေါ်လက်တင်ထားပြီး စမ်းမှ သေခြာတယ်။ သားအိမ် ကြွက်သားတွေ ညှစ်လာရင် စမ်းနေတဲ့လက်က တင်းလာတာကို သိသာတယ်။

သားဦးဆိုရင် တကယ်မွေးချင်လို့ နာတာမဟုတ်ဘဲ နာတာမျိုးကို မြန်မာတွေက အမွေးသင်တယ်လို့ ခေါ်တယ်။ အမျိုးသမီး ဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် အနာခံနိုင်စွမ်း မတူကြဘူး။ သားဖွါးခန်း အတွေ့အကြုံအရ ကုလားသွေး စပ်သူများ အနာ မခံနိုင်ကြပါ၊ အသားဖြူသူတွေက သိပ်မအော်ကြဘဲ၊ အသားမဖြူ-မမဲသူတွေက အလယ်အလတ် လိုက်တယ်။ သုတေသနတော့ မဟုတ်ပါ။

ကလေးဖွါးဘို့ ရောက်လာသူမှန်သမျှကို ရောဂါရာဇဝင်မေးပြီးတာနဲ့ ဝမ်းခြူပေးရတယ်။ သန့်ရှင်းရေးအတွက်သာမက အမွေးလဲ လွယ်စေပါတယ်။ လူနာ လမ်းလျောက်နိုင်နေတုံး ဆီးအသွားခိုင်းပြီး၊ နောက်ပိုင်းကြရင် ဆီးခြူပေးရတယ်။ ဆီးအိမ်နဲ့ အစာဟောင်းအိမ်တွေ ပြားချပ်နေလေ ကလေးမွေးရ လွယ်လေမို့ပါ။

မွေးလမ်းကြောင်းကနေ သားအိမ်အဝ အခြေအနေကို စောစောပိုင်းမှာ ၁ နာရီ ၁ ခါ၊ နီးလာရင် မကြာမကြာစမ်းပါတယ်။ ပိတ်ထားတဲ့ ပါးစပ်လိုရှိနေခဲ့တဲ့ သားအိမ်အဝက မွေးတော့မယ်ဆိုတာနဲ့ စိနေရာကနေ ဟလာတယ်။ ကျယ်ကျယ်လာမယ်။ အတိအကျပြောရရင် သားအိမ်နှုတ်ခမ်းဟာ (၁) မာရာကနေ ပြော့လာမယ်၊ (၂) ထူရာကနေ ပါးလာမယ်၊ (၃) ရှည်ရာကနေ တိုလာမယ်။ (၄) သားအိမ်အဝ ပိတ်နေရာကနေ ကျယ်ကျယ်လာမယ်။

ပဌမဆင့်ဟာ သားဦးမှာ ၁၂-၄၈ နာရီ၊ နောက် ကလေးတွေဆိုရင် ၆-၈ နာရီ ကြာတတ်တယ်။ ဒါက စာအုပ် အလိုအရပါ။ တကယ်တမ်း ပြောရရင် ဒီထက် မြန်တာ၊ နောက်ကျတာတွေ တွေ့ရပါတယ်။ တယောက်နဲ့ တယောက် အတော်ကို မတူကြပါ။ အစည်းအဝေး နားတုံး မွေးလူနာ ရှိလို့ ဆေးခန်း ဝင်ကြည့်ရင်း မွေးပေးရတာမျိုး ရှိသလို၊ ၃ ရက်လုံးလုံး မအိပ်မနေ မွေးပေးရတာမျိုးလဲ ကြုံရတယ်။ ကျွန်တော့် ဆေးခန်းလေးမှာ ၂ ယောက်က ဆေးခန်းသော့ မရောက်ခင် အပေါက်ဝမှာမွေးတယ်။ ၁ ယောက်က ရေချိုးခန်းမှာ ခေါင်းထွက်တယ်။ မအိပ်ဘဲစောင့်ရတာ မရေနိုင်တော့ဘူး။

သားအိမ်အဝ အပြည့်ကျယ်ချိန် Os full ကနေ ကလေးမွေးပြီးတဲ့အထိကို ဒုတိယအဆင့် ခေါ်ပါတယ်။ အပြည့်ဆိုတာ ၁ဝ စင်တီမီတာ ရှိတာကို ပြောတာပါ။ ကလေး အခုကို မွေးတော့မယ်ဆိုတဲ့ လက္ခဏာပေါင်း ၇ ချက်ရှိတယ်။
၁။ Os full သားအိမ်အဝ လုံးဝပွင့်မယ်။
၂။ Membranes rupture ရေမြွှာအိတ် ပေါက်မယ်။
၃။ Show အကျိအချွဲ နဲ့ သွေးရောပြီး ဆင်းမယ်။ (ရှိုး) လို့ခေါ်တယ်။
၎။ Desire to urinate and defecate ကလေးခေါင်းက မိခင်ရဲ့ အစာဟောင်းအိမ်ကို ဖိတိုးလို့ မွေးလူနာဟာ ဝမ်းသွားချင်စိတ် ဖြစ်လာမယ်။
၅။ Urge အဲဒီအချိန်ရောက်ရင် တားထားလို့တောင်မရဘဲ ညှစ်ချင်လာလိမ့်မယ်။
၆။ Bulging ညှစ်ရင် ကလေးခေါင်းတိုးလာတာမို့ မွေးလမ်းအဝကိုကြည့်ရင် အပြင်ကိုစူလာတာ မြင်ရမယ်။
၇။ Anal pressure စအိုလည်း ဝိုင်းလာမယ်။ ဒီ ၇ ချက် မပြည့်စုံသေးလို့ကတော့ ကလေးမမွေးသေးပါ။

ကလေးဖွါးတာက ဖြစ်စဉ် ၂ မျိုးရှိတာဟာ အချိန်ကိုက်၊ နိုင်ငံရေးစကားနဲ့ဆို ဟန်ချက်ညီညီဖြစ်တာမျိုး ပြောတာ။
(၁) သားအိမ်ကြွက်သားတွေ ညှစ်တာနဲ့ (၂) သားအိမ်အဝက ကျယ်ကျယ်လာတာ ဖြစ်တယ်။

သားအိမ်ကြွက်သားတွေ ညှစ်တာက အထဲကကလေးကို အောက်ဖက် (သားအိမ်အဝ) ဆီ တွန်းထုတ်ပေးနေတာပါ။ ဒါ့ကြောင့် လက်သည်ကနေ ညှစ်အားပိုအောင် ဗိုက်ကိုတွန်းပေးတာလုပ်ရင် တကယ်လို့ သားအိမ်အဝက မပွင့်ဘဲနေရင်၊ မအေရော၊ ကလေးပါ ဒုက္ခရောက်စေမယ်။ တရားခံကို လက်သည်လို့လဲခေါ်တယ် မဟုတ်ပါလား။

မွေးကာနီး ရေမြွှာပေါက်တယ်ဆိုပေမဲ့၊ ကလေးခေါင်းထွက်မှ တခါတည်း ပေါက်တတ်တာလည်း ရှိတယ်။ မသိမသာ အိမ်မှာတင် ပေါက်လာသူလဲရှိတယ်။ မွေးပေးမဲ့ ဆရာဝန်၊ ဆရာမ မျက်နှာကိုစင်အောင် အရှိန်နဲ့ပေါက်တာမျိုးလဲရှိတယ်။ ရေမြွှာရည်ဟာ ကြည်လင်နေတာ ကောင်းတယ်။ နောက်တာဟာ အနည်းနဲ့အများ ကလေး ဒုက္ခရောက်လို့ပါ။ အထဲမှာ ကလေးဝမ်းသွားတာမျိုးဖြစ်လို့ ရေမြွှာရည် နောက်ရတာ။ ရေသာသာ အရောင်ကနေ အဝါ၊ စိမ်းဝါ၊ အစိမ်း၊ အစိမ်းပုတ်အထိ ဖြစ်တာမျိုးက အဆိုးပိုပိုလာတာကိုပြတယ်။ အနံ့ကလဲ ညှီနံ့လေးသာဆိုရင် ကောင်းတယ် နံလာတာ မကောင်းတာကို ပြနေတယ်။

ကလေးဦးခေါင်းက မိခင်ရဲ့ မွေးလမ်း အပေါက်မှာ ထွက်ပြူလာတာကို သရဖူဆောင်းတယ်လို့ ခေါ်တယ်။ မွေးလမ်းအဝ တဝှိုက် ရေနွေးဝတ် ကပ်ပေးရင် သွေးပိုလျှောက်စေလို့ ကောင်းတယ်။ တချို့ သားဦးတောင်မှ လမ်းကြောင်း ချဲ့စရာ မလိုဘဲ မွေးနိုင်စေတယ်။ လူနာ လမ်းမလျှောက်နိုင်တော့တာမို့ လိုအပ်လျင် ဆီးခြူပေးပါ။ သူ့ကို အားပေးပါ။ ရေ-အရည် အသောက်ခိုင်းပါ။ ဗိုက် မနာချိန်မှာ အသက်ကောင်းကောင်း ရှူဘို့ပြောပါ။ ညှစ်ရင် အသံမထွက်စေဘဲ ဝမ်းသွားသလို ညှစ်ဘို့ သင်ပေးပါ။ ကလေး မွေးကာနီး မိခင်လောင်းတွေကို ပေးသင့်တဲ့ အားဆေးဖျော်ရည်ကို ရေအေး ၁ လီတာထဲမှာ ပျားရည် ၁/၄ ခွက်၊ သံပုရာရည် ၁/၃ ခွက်၊ ဆား ဇွန်းတဝက်၊ (ကယ်လ်စီယမ်) နဲ့ (မဂ္ဂနီဆီမန်) ၁ ပြားစီထည့် ဖျော်ပါလေ။

ကလေးခေါင်းပြူလာရင် သားဖွါးဆရာမရဲ့ လက်တဖက်က ထွက်လာနေတဲ့ ကလေးခေါင်းထိပ်ကို အောက်ဖက်ဆီ ဖိပေးပြီး၊ နောက်တဖက်က မွေးလမ်းအဝ အောက်ပိုင်းနေရာကနေ ကလေးခေါင်းကို နောက်-အထက်ဆီ ခေါင်းစွပ် ချွတ်ပေးသလို တွန်းတင်ပေးပါ။ ကလေးခေါင်းဟာ မွေးလမ်းအဝကနေ ရေပြင်ညီ တန်းတန်း ထွက်လာတာ မဟုတ်ပါ။ အောက်ဆီကို ဦးတည်ပြီး မွေးလာတာပါ။ ဒါ့ကြောင့် မွေးလမ်းကြောင်းက ထွက်ထွက်ချင်း ကလေးခေါင်းဟာ အပေါ်ကို ကော့တက်လာပါမယ်။ အများဆုံးအနေအထားဆိုရင် ကလေးခေါင်းက နောက်စေ့အထက်မှာနေပြီး မွေးလာမယ်။ မျက်နှာအထက်ဖြစ်နေရင် မွေးရတာ ကြာတယ်။

ခေါင်းထွက်တာနဲ့ ချက်ချင်း ကလေးရဲ့နှာခေါင်းနဲ့ပါးစပ်တို့ကို သန့်ရှင်းပေးပါ။ ချက်ကြိုးက လည်ပင်းမှာ ပတ်နေ-မနေ စစ်ပါ။ ၄ ယောက်မှာ ၁ ယောက် လောက်က ပတ်နေတတ်တယ်။ ဖြည်ပေးပါ။ ကလေးမျက်နှာက တဖက်ဖက်ကို လည်လာလို့ မိခင်ရဲ့ ပေါင်တဖက်ကို မျက်နှာမူ လာမယ်။ အဲဒီအချိန်မှာ ဗိုက်ထဲမှာရှိနေသးတဲ့ ကလေးရဲ့ ကိုယ်ပိုင်းက လှည့်လိုက်လာနေတယ်။ ခေါင်းထွက်ပြီးရင် အထဲမှာ ရှိနေသးတဲ့ ကလေးပခုံးနှစ်ဖက်ဟာ အထက်-အောက် အနေအထားအဖြစ် ပြင်လာမယ်။ ရှေ့ပခုံးက စမွေးပါမယ်။ ရှေ့ပခုံးဆိုတာ အရင်ထွက်မဲ့ပခုံးကိုခေါ်တယ်။ ဒီအချိန်မှာ အမြန်သွားလုပ်ရင် စုတ်ပြဲတတ်တယ်။ မိခင်က နောက်တကြိမ် ညှစ်တာနဲ့ ကလေးခေါင်းကို အောက်ဖက်ဆီကို နဲနဲဆွဲယူပေးပါ။ နောက်ပခုံး မွေးပေးဘို့ ကလေးကို အထက်ဆီ ပင့်တင်ပေးရမယ်။ ခေါင်းတန် ကိုယ်ဆန့်၊ ကိုယ်ပိုင်းနဲ့ ခြေထောက်တွေ အလိုလို မွေးလာပါမယ်။

ကလေး ခေါင်းစ-ခြေဆုံး၊ ခြေစ-ခေါင်းဆုံး၊ ထွက်ပြီးပြီးချင်း၊ ချက်ကြိုးကို (စပန့်ခ်ျ-ဖေါ့ဆက်ပ်) ၂ ချောင်းနဲ့ ၁ လက္မခြာပြီး ညှပ်ပါ။ မလောပါနဲ့။ ကလေးငိုမှသာ ညှပ်ပါ။ ကလေးဖက်မှာ ချက်ကြိုးကို ရှည်နိုင်သမျှ ရှည်ပါစေ။ (ဖေါ့ဆက်ပ်) ၂ ချောင်း အကြားမှာ ကပ်ကြေးနဲ့ ဖြတ်ပါ။ ပစ္စည်းမှန်သမျှ ပိုးသန့်ပြီးဖြစ်ပါစေ။ ကလေးခြေထောက် နှစ်ချောင်းကို ပူးပြီး လက်တဖက်တည်းနဲ့ ကလေးကို ဇောက်ထိုးမြှောက်ပြီး ကိုင်ပါ။ ချက်ကြိုးကို ညှပ်ထားတဲ့ (ဖေါ့ဆက်ပ်) တချောင်းကိုပါ ကိုင်ပါ။ ဒုတိယအဆင့် ပြီးသွားပါပြီ။

ကျန်းမာတဲ့ကလေး ခေါင်းထွက်တာနဲ့ ငိုပါတယ်။ မငိုရင် ငိုအောင်လုပ်ရတယ်။ ကလေးကျောကို ပုတ်ပေးတာပါ။ အရပ်ပြောနဲ့ပြောရရင် ကလေးကို မငိုငိုအောင်ရိုက်တာလို့ ပြောမယ်။ အမှန်က အသက်ရှူအောင် အဆုပ်ရှိတဲ့နေရာကို ဆွပေးတာပါ။ အထင်မမှားပါနဲ့။

ကလေးကိုပြုစုမဲ့သူက ကလေးကို သန့်ရှင်းရေးလုပ်ပါ။ နှာခေါင်းနဲ့ပါးစပ်ကို ပဌမလုပ်ပါ။ ချွဲစုပ်တာနဲ့ ချွဲစုပ်ထုတ်ပေးပါ။ အသားရောင် ပန်းရောင်ဖြစ်လာရင် စိတ်ချရပါပြီ။ အသက်မရှူရင် (စီပီအာရ်) လုပ်ပါ။ အသက်ရှူနေပြီး ပြာနေသေးရင် အောက်စီဂျင်ရှိရင် ပေးပါ။

ကလေး ထွက်ပြီးနောက် အချင်းကို ထုတ်ပေးတဲ့အဆင့်ကို တတိယအဆင့်ခေါ်တယ်။ သားဦးနဲ့ မွေးဖူးသူများအကြား အချိန်ကွာခြားခြင်း မရှိပါ။ ၅ မိနစ်ကနေ နာရီဝက် ကြာနိုင်တယ်။ ကြာလေလေ သွေးထွက် များလေလေ ဖြစ်တယ်။ အချင်းချပေးနေတုံး အကူတယောက်က လက်တဖက်နဲ့ မိခင်ရဲ့ ဆီးစပ်နေရာမှာ သားအိမ်ကို ထိန်းထားပေးထားပြီး ကျန်လက်တဖက်က သားအိမ်ထိပ်နေရာကို အောက်ဆီပွတ်ခြေပေးပါ။ မွေးပေးသူက ချက်ကြိုးကို အားမသုံးဘဲ ခပ်တင်းတင်းလေး ဆွဲထားပါ။ လိုအပ်ရင် လက်ထည့်ပြီး ဆွဲထုတ်ပေးရတတ်ပါတယ်။ မွေးပြီးနောက် သွေးဆင်းတာ သက်သာအောင် Ergometrine ထိုးပေးရင် ၆-၇ မိနစ် အတွင်း၊ Oxytocin 10 Units ထိုးရင် ၂့၅ မိနစ်အတွင်း သက်ရောက်ပါမယ်။

ကုတင်ပေါ်က ကလေးငိုသံနားထောင်ရင်း ပီတိဖြစ်နေသူကို ကလေးအမေ နေကောင်းတယ်နော်လို့မေးလိုက်မယ်။

ကလေးချက်ကနေ ချက်ကြိုး မညှပ်ခင်-မဖြတ်ခင် ချက်ကြိုးထဲက သွေးတွေကို ကလေးဆီ ရောက်အောင် ဆွဲသွင်းပြီးမှ ဖြတ်ပါ။ သွေး ၅ စီစီလောက် ပိုရတာကိုက ကလေးအတွက်မနည်းပါ။ ချက်ကို အိုင်အိုဒင်း ၁-၂% ထည့်ပေးပါ။ Cipladine cream ဆေးဗူးလေးကအကောင်းဆုံးဖြစ်တယ်။ ခြောက်အောင်ထားရင် ချက်မြန်မြန်ကြွေတယ်။ ချက်မကြွေမချင်း ကလေးကို ရေပတ်တိုက်ပေးတာက အကောင်းဆုံး ဖြစ်ပါတယ်။

Dr. တင့်ဆွေ
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment