ငြိမ်းချမ်းရေးခရိုနီများ သတိထား


 ၂၀၁၁ ခု၊ သြဂုတ်လကစတင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ တွေကျင်းပဖို့ အစိုးရကကြေညာခဲ့တာပါ။ ပထမပိုင်းကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ချင်းနဲ့ ဒေသအလိုက် ညှိနှိုင်းဆွေးနွေးပွဲတွေ ခွဲပြီးကျင်းပသွားဖို့ အစိုးရက စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းမှာ တပ်မတော်နဲ့ KIA တို့တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တစ်ဖွဲ့ချင်းဆွေးနွေး ညှိနှိုင်းရေးကို သဘောမတူတဲ့အတွက် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ကို ဖွဲ့စည်းပြီး အစိုးရကဖွဲ့စည်းထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး အကောင်အ ထည်ဖော်ရေးကော်မတီ (UNWC) နဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြတယ်။ နောက်ပိုင်းမှာ UNFC ထက် ပိုမိုကျယ်ပြန့်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ (NCCT) ဖွဲ့စည်းပြီး အစိုးရရဲ့ UPWC နဲ့ ဆက်လက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြန်ပါတယ်။ UPWC နဲ့ NCCT တို့ရဲ့ တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ကြတဲ့ အစည်းအဝေး ၆ ကြိမ် ကာလတစ်လျှောက်လုံးမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲအရှိန်အဟုန်ဟာ လျော့ကျမသွားတဲ့အပြင် ပိုလို့တောင် မြင့်မားပြင်းထန်လာခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် UPWC နဲ့ NCCT တို့ရဲ့ သတ္တမအကြိမ်မြောက် တွေ့ဆုံညှိနှိုင်းပွဲမှာတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) မူကြမ်းပါ အချက်အလက်တွေကို အကြမ်းဖျင်းသဘောတူညီခဲ့ကြပါပြီ။ ဒီမူကြမ်းမှာ အခန်း ၇ ခန်း၊ အပိုဒ်ကြီး ၈၆ ပိုဒ်နဲ့ အပိုဒ်ငယ် ၃၃ ပိုဒ် ပါရှိပါတယ်။ ဒါပေမဲ့ အချက်အလက်အား လုံးကို တညီတညွတ်တည်း သဘောတူခဲ့ကြတာတော့ မဟုတ်ပါဘူး။ လတ်တလော အပစ်အခတ်ရပ်စဲရေးကို ယာယီအားဖြင့်ဖြစ်စေ သဘောတူစာချုပ်တစ်ရပ် အလျင်အမြန်ချုပ်ဆိုနိုင်ရေးအတွက် သဘောမတူနိုင် သေးတဲ့အကြောင်းအချက်တွေ ဖြုတ်ပယ်ထား၊ လက်မခံနိုင်သေးတဲ့ အသုံးအနှုန်းတွေကို စေ့စပ်ညှိနှိုင်းသဘော တူထား၊ အချို့အကြောင်းအချက်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးရန် (Pending) လို့ သဘောထားပြီး NCA မူကြမ်းကို ကသောကမျော အတည်ပြုလိုက်ကြတာပါ။

ဆိုရရင် အခုထွက်ပေါ်လာတဲ့ NCA မူ ကြမ်းဆိုတာ အခွံအကာသဘောမျှသာဖြစ်ပါတယ်။ ဘာမှ ပီပြင်ခိုင်မာတဲ့ အနှစ်သာရတွေ မပါသေးပါဘူး။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ အခြေခံကျတဲ့ မူဝါဒဆိုင်ရာ ကွဲလွဲချက်တွေ အများအပြားရှိနေပါသေးတယ်။ တပ်မတော်က ကိုင်စွဲထားတဲ့ မူဝါဒ ၆ ချက်ကို UNFC က လက်မခံနိုင်သလို UNFC က တောင်းဆိုထားတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး တို့၊ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးဆိုတာတွေကိုလည်း တပ်မတော်အနေနဲ့ လက်ခံနိုင်ဖွယ်ရာမရှိပါဘူး။ ဒီလိုအခြေခံမူတွေမဆိုထားနဲ့၊ တကယ်တမ်း အပစ်အခတ်ရပ်စဲရေးကို လက်တွေ့အကောင်အထည်ဖော်ရာမှာ ဘယ်လိုစစ်ရပ်စဲရေးမျဉ်းဆွဲကြမှာလဲ၊ ဘယ်လိုတပ်တွေကို နေရာခွဲဖြန့်ထားကြမှာလဲ၊ ဘယ်သူတွေနဲ့ စောင့်ကြည့်အကဲခတ်ရေးအဖွဲ့တွေဖွဲ့ စည်းကြီးကြပ်ကြမှာလဲ စတဲ့ပြဿနာတွေ ဆွေးနွေးဖြေရှင်းစရာများစွာ ရှိနေပါသေးတယ်။ ဒါ့အပြင် လတ်တလော ထွက်ပေါ်လာတဲ့ NCA မူကြမ်းဆိုတာ UPWC နဲ့ NCCT တို့ ညှိ နှိုင်းသဘောတူထားတာသာဖြစ်ပြီး နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးဖို့လိုအပ်သလို သက်ဆိုင်ရာတိုင်းရင်းသား ခေါင်းဆောင်အကြီးအကဲများ ကိုယ်တိုင်ကလည်း လက်ခံသဘောတူဖို့ လိုပါသေးတယ်။

ဒါ့အပြင် UWSA ၊ မိုင်းလား ရှမ်းပြည်ထူထောင်ရေးကောင်စီ (RCSS/SSA) တွေကလည်း NCCT အဖွဲ့ဝင်တွေ မဟုတ်ကြပါဘူး။ UWSA “၀”အဖွဲ့ဆိုတာကလည်း မြန်မာပြည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးပါ။ တစ်ချိန်တည်းမှာ မိုင်းလားအဖွဲ့၊ ဦးဖုန်ကြားရှင်အဖွဲ့တို့ဆိုတာကလည်း “၀”အဖွဲ့နဲ့ အလွန်နီးကပ်တဲ့အဖွဲ့တွေပါ။ ဒီလိုအခြေအနေမျိုးမှာ UPWC နဲ့ NCCT တို့ ညှိနှိုင်းထားတဲ့ NCA မူကြမ်းဆိုတာ ကို ဒီအဖွဲ့တွေကလည်း လက်ခံသဘောတူမှဖြစ်မှာပါ။ ဒါကြောင့်လည်း ဒီအဖွဲ့တွေနဲ့ UNFC တို့ NCA မူကြမ်းအပေါ် သဘောထားညှိနှိုင်းဖို့ “၀”နယ်က ပန်ဆန်းမြို့မှာ ယခုအခါဆွေး နွေးညှိနှိုင်းနေခဲ့ပါတယ်။ ဒီအခြေအနေမျိုးအတွင်း ကိုးကန့်ဒေသမှာ တပ်မတော်နဲ့ ဦးဖုန်ကြားရှင်အဖွဲ့တို့အကြား ပြင်းထန်တဲ့ပဋိပက္ခတွေ အဆက်မပြတ် ဖြစ်ပွားနေပါတယ်။ ဦးဖုန်ကြားရှင်အဖွဲ့ကို တပ်မတော်က အပြီးအပိုင်ချေမှုန်းဖို့ ကြိုးစားနေ ချိန်မျိုးမှာ သမ္မတဦးသိန်းစိန်အနေနဲ့ ဒီအဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲထဲကို ဆွဲခေါ်ရဲမှာ မဟုတ်ပါဘူး။ ခြုံပြော ရရင် လက်ရှိ UPWC နဲ့ NCCT တို့ ညှိနှိုင်းသဘောတူထားတဲ့ NCA မူကြမ်းကြောင့် ခိုင်မာ၊ အာမခံချက်ရှိတဲ့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ဖွယ်ရာ မရှိပါဘူး။ “တစ်ပြည်လုံးအပစ် အခတ်ရပ်စဲရေး” စာချုပ်ပေါ်မှာ ရေးထိုးထားတဲ့ မင်တွေမခြောက်ခင်မှာတင် သေနတ်သံတွေ ဆက်လက်မြည်ဟီးဟိန်းညံနေပါလိမ့်မယ်။

ငြိမ်းချမ်းရေးဆိုင်ရာ အကျိုးစီးပွားများ

NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးဟာ သမ္မတဦးသိန်းစိန်အတွက် ဂုဏ်သိက္ခာပြဿနာဖြစ်လို့ အရေးကြီးပါတယ်။ ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်း ၄ နှစ်ကာလအတွင်းမှာ ထိရောက်အရေးပါတဲ့ အောင်မြင်မှုရယ်လို့ လက်ညှိုးထိုးပြစရာ မည်မည်ရရမရှိချိန်မျိုးမှာ တစ်ပြည်လုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးဟာ သူ့ရဲ့ နိုင်ငံရေးအနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်လောက်အောင် အရေးပါပါတယ်။ ဒါကြောင့်လည်း ဖေဖော်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၄ ဖွဲ့လောက်နဲ့ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းရေးသန္နိဋ္ဌာန်စာတမ်းကို ဇွတ်အတင်း လက်မှတ်ထိုးခဲ့ပုံရပါတယ်။ သင်္ကြန်မတိုင်မီကလည်း သေချာရေရာ ခိုင်မာမှုဘာမျှမရှိသေးတဲ့ UPWC နဲ့ NCCT တို့ရဲ့ NCA အပစ်ရပ်မူကြမ်းကို သေနတ်သံတွေ ထွက်နေတဲ့ကြားက သမ္မတဦးသိန်းစိန် ပါဝင်လက်မှတ် ရေးထိုးလိုက်ပါသေးတယ်။ ဒါကြောင့် NCA မူကြမ်းဟာ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာ ပြဿနာဖြစ်သလို ဦးအောင်မင်းနဲ့ MPC အတွက်လည်း အရေးပါတဲ့ အကျိုးစီးပွားဆိုင်ရာ ပြဿနာတွေဖြစ်နေ နိုင်ပါတယ်။

ဒါကြောင့်လည်း ဧပြီလ ၁၄ ရက် သင်္ကြန်ကာလအတွင်းမှာတင် ဦးအောင်မင်းနဲ့ MPC က တာဝန်ရှိသူတစ်သိုက် NCA မူကြမ်းကိုပိုက်ပြီး ဂျပန်နိုင်ငံကို အပြေးအလွှားသွားလိုက်ကြပါသေးတယ်။ လေးရက်ကြာမြင့်တဲ့ သူတို့ ရဲ့ခရီးစဉ်အတွင်းမှာ NCA မူကြမ်းကိုပြပြီး မြန်မာပြည်မှာ သေနတ်သံတွေ တိတ်တော့မယောင်၊ ငြိမ်းချမ်းရေး ရတော့မယောင်၊ ဆွေးနွေးအယုံသွင်းခဲ့ကြဟန်တူပါတယ်။ ဒါကြောင့် ဂျပန်အစိုးရကလည်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၈၃ သန်း အကူအညီပေးဖို့ သဘောတူလိုက်ပါတယ်။ ဦးအောင်မင်းနဲ့ MPC လူ ကြီးမင်းတစ်သိုက်တော့ ငွေထုပ်ပိုက်ပြီး အောင်မြင်စွာ ပြည်တော်ပြန်လာခဲ့ကြပါပြီ။

မြန်မာ့ငြိမ်းချမ်းရေးခရီးစဉ်တစ်လျှောက်မှာ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့ငွေတွေက အဓိကအခန်းက ပါဝင်ခဲ့တာပါ။ ဒီထောက်ပံ့ငွေတွေဟာ အစိုးရကတစ်ဆင့် ဦးအောင်မင်းတို့ MPC ရန်ပုံငွေထဲကို စီးဝင်နေခဲ့တာကြာပါပြီ။ အထူးသဖြင့် MPC ကို EU က ထောက်ပံ့ကူညီနေခဲ့တာပါ။ ၂၀၁၂-၁၃ ဘတ်ဂျက်ကာ လအတွင်း မြန်မာနိုင်ငံငြိမ်းချမ်းရေးတည် ဆောက်မှုလုပ်ငန်းစဉ်အတွက် ယူရို ၁၆ သန်း မတည်ပေးခဲ့ပါတယ်။ MPC ရဲ့လုပ်ငန်းသုံးစရိတ်၊ ရုံးစရိတ်ကအစ ၀န်ထမ်းစရိတ်အထိ EU က ကျခံပေးတာပါ။ MPC ရဲ့ အကြီးတန်း အကြံပေးနဲ့ အရာရှိတွေရဲ့လစာဟာ ဒေါ်လာသောင်းနဲ့ချီပြီးပေးရတယ်လို့လည်း သတင်းတချို့ကဆိုပါတယ်။ ဒါဟာလည်း တစ်ခါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အိတ်စိုက်ပြီးလိုက်လုပ်ပေးနေရတာပါဆိုတဲ့ MPC အကြီးတန်း အကြံပေးဦးလှမောင်ရွှေရဲ့ စကားနဲ့တော့ အတော်ကွဲလွဲကွာဟနေပါတယ်။ တစ်ချိန်တည်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွင်း လူသားချင်းစာနာထောက်ထားရေးအစီအစဉ်အရ ၃ နှစ်စာ ယူရိုသန်း ၂၀ ထောက်ပံ့ပေးပါသေးတယ်။ ဒီငွေတွေက စစ်ဘေးဒုက္ခသည်တွေကို ဘယ်လောက်ရောက်ပြီး ဘယ်လိုကူညီ ထောက်ပံ့ခဲ့တယ်ဆိုတာတော့ အစိုးရနဲ့ MPC တို့ပဲ သိကြပါလိမ့်မယ်။

တစ်ချိန်တည်းမှာ သမ္မတဦးသိန်းစိန်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် နော်ဝေအစိုးရက ငြိမ်းချမ်းရေးကူညီရေး အလှူရှင်များအဖွဲ့(PSDG) နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပံ့ပိုးမှုအဖွဲ့ (MPSI) တွေ ဖွဲ့စည်းပြီး ထောက်ပံ့ကူညီခဲ့တာတွေလည်း ရှိနေခဲ့ပါသေးတယ်။ PSDG အဖွဲ့မှာ နော်ဝေ၊ ဗြိတိန်၊ သြစတြေးလျ၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်တို့ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ US၊ ဂျပန်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေပါ ပါဝင်လာပါတယ်။ PSDG အဖွဲ့က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဒေါ်လာသန်း ၃၀ လှူဒါန်းဖို့ ကတိက၀တ်ပြုထားပြီးဖြစ်ပါတယ်။ အလားတူ MPSI အဖွဲ့ကလည်း မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း စီမံကိန်း ၁၇ ခု အကောင်အထည်ဖော်ဖို့ ဒေါ်လာသန်း ၇၀ ထောက်ပံ့ပါလိမ့်ဦးမယ်။

ဒီလို မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဖွဲ့စည်းလိုက် ၀ိုင်းဝန်းကူညီမှုတွေအပြင် တစ်နိုင်ငံချင်းအလိုက် အကူညီပေးရေး အစီအစဉ်တွေလည်း သီးခြားစီရှိနေကြပါသေးတယ်။ ၂၀၁၄ ခုနှစ်က စစ်ဒဏ်ခံရတဲ့ ဒေသတွေအတွင်း ပျက်စီးမှုတွေ ပြန်လည်ထူထောင်ရေးအတွက် နောက်လာမယ့် ၅ နှစ်အတွင်း ဒေါ်လာ ၉၆ သန်းကူညီသွားဖို့ စီစဉ်ထားကြောင်း ကြေညာထားပြီးဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံကလည်း စစ်ဘေးဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီပေးဖို့ ပေါင်စတာလင် ၁၃.၅ သန်း ကူညီသွားမယ်လို့ ၂၀၁၄ ခုနှစ်ကတည်းက ကြေညာသွားပြီးဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံကတော့ ရခိုင်၊ ရှမ်း၊ ကချင်နဲ့ ကရင်ပြည်နယ်တွေအတွင်း ဒုက္ခသည်ပြန်လည်ထူထောင်ရေးအတွက် ၂၀၁၃ နဲ့ ၂၀၁၄ ခု ၂ နှစ် အတွင်း ဒေါ်လာ ၁၄၂ သန်းကျော်သုံးစွဲထားပြီး ဖြစ်ပါတယ်။ အလားတူ ဆွစ်ဇာလန်နိုင်ငံကလည်း ငါးနှစ်အတွင်း ငြိမ်းချမ်းရေးနဲ့ ဒေသတွင်းဖွံ့ဖြိုးရေးအတွက် ဆွစ်ဖရန့်ငွေ ၃၅ သန်း လှူဒါန်းထားခဲ့ပြီးဖြစ် ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာက လှူဒါန်းခဲ့တဲ့ ဒီမျှများပြားလှတဲ့ ငွေကြေးတွေဟာ အစိုးရအဖွဲ့ကတစ်ဆင့် ဦးအောင်မင်းတို့ရဲ့ MPC အဖွဲ့ထဲကို တသွင်သွင် စီးဝင်နေပါတယ်။ ဒါတောင်မှ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွက် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အသုံးစရိတ် ကျပ်သန်း ၇,၀၀၀ တိတိ တောင်းခံသုံးစွဲလိုက်ပါသေးတယ်။

မျောက်ပြဆန်တောင်းကြသူများ

ဒီတော့ လေးနှစ်တာကာလအတွင်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု မည်ရွေ့မည်မျှရှိပြီး ပမာဏမည်မျှကို ဘယ်လိုသုံးစွဲခဲ့ကြတယ်ဆိုတာကတော့ အစိုးရနဲ့ ဦးအောင်မင်းတို့ MPC အဖွဲ့ကလွဲလို့ ဘယ်သူမှ သိခွင့်မရခဲ့ကြပါဘူး။ သိသာထင်ရှားတာကတော့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ် နောက်ကွယ်မှာ ငွေရေးကြေးရေးဆိုင်ရာ အကျိုးစီးပွားတွေ အသေအချာပါဝင်နေပုံရပါတယ်။ ဒါကြောင့်လည်း MPC အဖွဲ့ဆိုတာ လက်တွေ့အားဖြင့် တည်ကြည်မှန်ကန်တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မဟုတ်ဘဲ အစိုးရနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သဘောထားတွေကို ပုံဖော်ကာကွယ် အလှခြယ်ပေးတဲ့အဖွဲ့ဖြစ်နေတာပါပဲ။ တကယ်တော့လည်း MPC အဖွဲ့ဆို တာ သမ္မတဦးသိန်းစိန်ခေါင်းဆောင် ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ဖြစ်လေတော့ ဒီလိုဖြစ်နေတာ မဆန်းလှပါဘူး။

ထူးဆန်းတာက သေနတ်သံတွေတိတ်သွားဖို့တောင် အာမခံချက်မပေးနိုင်သေးတဲ့ NCA စာချုပ်မူကြမ်းကို ပိုက်ကာ အလှူရှင်နိုင်ငံတွေကို လိုက်ပြီး မျောက်ပြဆန်တောင်းလုပ်ဖို့ကြိုးစားနေကြတဲ့ ဦးအောင်မင်းနဲ့ MPC အဖွဲ့ရဲ့ လတ်တလောလှုပ်ရှားမှုတွေပါပဲ။ အခုချိန်မှာ NCA စာချုပ်မူကြမ်းလေးရလိုက်တာကို ငြိမ်းချမ်းရေး ရတော့မယောင် နိုင်ငံတကာလှည့်ပြီး ၀ါဒဖြန့်လှည့်စားကြရမယ့် အချိန်မဟုတ်သေးပါဘူး။ “၀”နယ်က ပန်ဆန်းမှာကျင်းပနေတဲ့ UNFC နဲ့ “၀”၊ မိုင်းလား၊ ကိုးကန့်မဟာမိတ်အဖွဲ့တွေရဲ့ အစည်းအဝေးက NCA စာချုပ် မူကြမ်းအပေါ် သဘောထားကို ရှင်းရှင်းလင်းလင်း ဘာမှမသိရသေးပါဘူး။ ရှင်းနေတာကတော့ ဒီအစည်း အဝေးမှာ ပါဝင်တက်ရောက်နေတဲ့ ဦးဖုန်ကြားရှင်ကိုးကန့်အဖွဲ့ကို အပစ်ရပ်ဆွေးနွေးပွဲထဲ ဆွဲသွင်းလာတာမျိုးကို တပ်မတော်က လုံးဝလက်ခံမှာမဟုတ်ပါဘူး။ ဒါ့အပြင် ပန်ဆန်းအစည်းအဝေးပြီးရင် NCCT အနေနဲ့ သီးခြားထိပ်သီးအစည်းအဝေးတစ်ရပ် ထပ်မံကျင်းပရဦးမယ့် အနေအထားပါ။ ဒီလိုအခြေအနေမျိုးမှာ NCA မူကြမ်းလေးပြပြီး နိုင်ငံတကာလှည့်ပြီး ဖုန်းတောင်းယာဇကာလုပ်ရမယ့် အချိန်မဟုတ်ပါဘူး။

နောက်ပြီး သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းအတွင်း NCA စာချုပ် မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုရင် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးလာစရာအကြောင်းတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ဖြစ်လာခဲ့တဲ့ ပြည်တွင်းစစ်ပြဿနာကို အချိန်တိုအတွင်း ဇွတ်အတင်းဖြေရှင်းချင်လို့မဖြစ်ပါဘူး။ စိတ်ရှည်စွာ အချိန်ယူပြီး လုပ်ကြရမှာဖြစ်သလို သဘောထားအရလည်း ရိုးသားမှန်ကန်ဖို့ အရေးကြီးပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ့်နိုင်ငံရေးအကျိုးစီးပွား၊ စီးပွားရေးဆိုင်ရာအကျိုးအမြတ်တွေ မျှော်ကိုးပြီး မဖြစ်ဖြစ်အောင် ဇွတ်တိုးလုပ်မယ် ဆိုရင်တောင် သေနတ်သံတွေ ဆက်လက်ထွက်ပေါ်နေနိုင်သလို ပြည်တွင်းစစ်သံသရာလည်း ဆက်လည် နေပါလိမ့်မယ်။

အခုချိန်မှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြည်သူလူထုကလည်း အောင်မြင်စေချင်သလို နိုင်ငံတကာကလည်း ပံ့ပိုးကူညီချင်တဲ့ စိတ်ဓာတ်တွေ ထက်သန်မြင့်မားနေကြပါတယ်။ ဒီလို နိုင်ငံတကာရဲ့ ထက်သန်တဲ့ ပံ့ပိုးကူညီမှုတွေအောက်မှာ နိုင်ငံရေးအကျိုးစီးပွားသာမက စီးပွားရေးအရ အမြတ်ထုတ်နေ ကြသူတွေလည်း တိုးပွားနေပါတယ်။ ဒါကြောင့်လည်း “ငြိမ်းချမ်းရေးအကျိုးဆောင်”ဆိုသူတွေကို တချို့က “ငြိမ်းချမ်းရေးအ၀ယ်တော်”လို့ ခေါ်နေကြသူတွေရှိသလို “ငြိမ်းချမ်းရေးပွဲစားကြီးများ” လို့ အမည်ပေးထားကြ သူတွေလည်း ရှိပါတယ်။ အမှန်တော့ သူတို့ဟာ အာဏာအကျိုးစီးပွားနဲ့ ဆက်စပ်ပတ်သက်နေကြသူတွေဖြစ် တော့ သာမန်အ၀ယ်တော်၊ သာမန်ပွဲစားကြီးတွေမဟုတ်ဘဲ “ငြိမ်းချမ်းရေးခရိုနီ” Peace Crony တွေသာ ဖြစ်ကြပါတယ်။ ဒီ “ငြိမ်းချမ်းရေးခရိုနီ”တွေရဲ့ အကျိုးစီးပွားနဲ့ ကြီးပွားအောင် ကြံစည်ဖန်တီးမှုတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆွဲဆန့်နိုင်စွမ်းရှိကြသလို ကွေ့ကောက်လမ်းပျောက်အောင် လုပ်နိုင်စွမ်းလည်းရှိကြ ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးခရိုနီများကိုလည်း သတိထားကြရပါလိမ့်မယ်။

သန်းစိုးနိုင်

The Ladies News Journal
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment