အဆင့်(၄) နေရာသည် ယူနိုက်တက်အတွက် ကျေနပ်စရာ မဟုတ်ဟု စမောလင်းဝန်ခံ
ပရီးမီးယားလိဂ် အဆင့်(၄) နေရာဆိုသည်မှာ မန်ချက်စတာ ယူနိုက်တက်ကဲ့သို့ အသင်းမျိုးအတွက် ကျေနပ် ပျော်ရွှင်နေစရာ အခြေအနေ မဟုတ်ဟု ခရစ်စမောလင်းက ဝန်ခံ ပြောကြားလိုက်သည်။
ဆာအဲလက်စ်ဖာဂူဆန် မန်နေဂျာ ဘဝမှ အနားယူသွားပြီးနောက် ပြီးခဲ့သည့် ရာသီက ဆိုးဆိုးရွားရွား အခြေအနေများ ဖြတ်သန်းခဲ့ရသည့် ယူနိုက်တက်သည် ယခုရာသီတွင်မူ ပရီးမီးယားလိဂ် စတုတ္ထနေရာကို ရယူပြီး ချန်ပီယံလိဂ် ခြေစစ်ပွဲ ကစားခွင့် ရရှိခဲ့သည်။ စမောလင်းက ယူနိုက်တက် အနေဖြင့် အဆင့်(၄) နေရာအတွက် အောင်ပွဲခံနေခြင်းဟု ယူဆစရာ မရှိဘဲ ပိုမိုမြင့်မားသည့် အဆင့်သို့ တက်လှမ်းရန် ခြေလှမ်းတစ်ခု စတင်ခြင်းဟု ခံယူရန် လိုကြောင်းလည်း ဆိုသည်။ အင်္ဂလန် လက်ရွေးစင် ကစားသမားက ယခုရာသီ ယူနိုက်တက်၏ ဖြတ်သန်းမှုသည် မျှော်မှန်းသည့် အဆင့်အတန်းမျိုး ပြည့်ဝအောင် မစွမ်းဆောင်နိုင်ခဲ့ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။
“ဒီရာသီမျိုးက ကျွန်တော်တို့ အကြီးအကျယ် အောင်ပွဲခံနေရမှာ မဟုတ်ဘူး။ ဒါဟာ ခြေတစ်လှမ်း တိုးလိုက်ခြင်းသာ ဖြစ်တယ်။ ကျွန်တော်တို့ဟာ လုံလောက်အောင် စွမ်းဆောင်ပြနိုင်တာမျိုး မရှိသေးဘူး ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ပရိသတ်တွေရဲ့ ထောက်ခံအားပေးမှုက အံ့မခန်းပါပဲ။ လာမယ့်ရာသီမှာတော့ ပရိသတ်တွေ တကယ်ပဲ ပျော်ရွှင်စေမယ့် အရာတစ်ခုခု၊ ဒါမှမဟုတ် လှည့်လည်အောင်ပွဲခံမယ့် အခြေအနေ တစ်ခုခုကို ဖန်တီးယူပြနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒီရာသီ အချိန်ကြာလာလေလေ ကျွန်တော်တို့ ပိုကောင်းလာလေလေလို့ ခံစားမိပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးကတော့ ခြေငြိမ်လွန်းတယ်။ သူတို့ဟာ ရာသီအဖွင့် ပွဲစဉ်ကတည်းက ချန်ပီယံဆုအတွက် ဦးတည် ကစားခဲ့တာ ဖြစ်ပါတယ်”ဟု စမောလင်းက ပြောဆိုသွားသည်။
http://soccermyanmar.com/?p=12096
0 comments:
Post a Comment