ဖော်ထုတ်လျက်ရှိသည့် အမျိုးသားမြေအသုံးချ မူဝါဒသစ်ကို မူကြမ်းအဆင့် အပြီးသတ်
အတည်ပြုရန် ရည်ရွယ်ထားသည့် အမျိုးသား မြေအသုံးချဖိုရမ်ကို ဇွန်လအတွင်း နေပြည်တော်၌
ကျင်းပမည်ဖြစ်ကြောင်း မူဝါဒရေးဆွဲရာတွင် ပါဝင်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သစ်တောရေးရာဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။
နိုင်ငံအဆင့် အဆိုပါဖိုရမ်ကို မြေယာအခွင့်အရေး ဆောင်ရွက်သူများအပါအ၀င် မြေအသုံးချပုံစံ
အမျိုးမျိုးမှ ပါဝင်ပတ်သက်သူများကို ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားကျင်းပမည်ဟု
သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်မောင်သန်းက ပြောသည်။
"အမျိုးသား မြေအသုံးချဖိုရမ် ဇွန်လ၊ ဒုတိယပတ်လောက် ဖြစ်မယ်။ ဖိုရမ်အရွယ် အစားကြီးပြီး
အားလုံး ပါဝင်မှာပါ။ စီစဉ်ဆဲဆိုတော့ အသေးစိတ်တော့ မပြောနိုင်သေးဘူး"ဟု ၎င်းက ပြောသည်။
မူကြမ်းကို ကျွမ်းကျင်သူများနှင့် အများပြည်သူ ဝေဖန်အကြံပြုချက်များ အပေါ်မူတည်၍ အဆင့်ဆင့်
ပြင်ဆင်ရေးဆွဲလျက်ရှိရာ ပြင်ဆင်ပြီး မူကြမ်းကို တက်ရောက်မည့်သူများသို့ ဖိုရမ် မကျင်းပမီ
ရက်သတ္တ နှစ်ပတ်ခန့် ကြိုတင်၍ ဖြန့်ဝေနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း အဆိုပါ
ဝန်ကြီးဌာနမှ အခြား ညွန်ကြားရေးမှူး တစ်ဦးက ပြောသည်။
"အရင် မူဝါဒ ဆွေးနွေးပွဲတွေတုန်းက အနားကပ်မှ မူကြမ်းကို ရတော့ ဖတ်ချိန်၊ သုံးသပ်ချိန်
မရဘူးဆိုပြီး တော်တော်လေး ပြောကြတယ်။ အမျိုးသားအဆင့် ဖိုရမ်မှာ ဒီလို မဖြစ်အောင်
လုပ်မှာပါ"ဟု ၎င်းဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးအေးမောင်စိန်က မတ်လအတွင်း
ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် မူကြမ်းဆိုင်ရာ ဒုတိယအကြိမ် ကျွမ်းကျင်သူဆွေးနွေးပွဲတွင်
ပြောသည်။
နိုင်ငံအဆင့်မြေယာဝါဒသစ်ကို မြေအသုံးချမှုဆိုင်ရာ ပြဿနာများနှင့် မြေယာအခွင့်အရေးဆိုင်ရာ
တောင်းဆိုမှုများ အများအပြား ပေါ်ပေါက်ခဲ့ပြီးနောက် အစိုးရ၊ အမျိုးသား မြေယာခွဲဝေအသုံးချမှု
စိစစ်ဆောင်ရွက်ရေး ကော်မတီက ၂၀၁၂ ခုနှစ်တွင် စတင် ရေးဆွဲခဲ့ပြီး ယမန်နှစ်
အောက်တိုဘာတွင် မူကြမ်း ထုတ်ပြန်၍ အများပြည်သူ ဝေဖန်အကြံပြုချက်များ ဖိတ်ခေါ်ခဲ့သည်။
မူဝါဒဖော်ထုတ်မှု မူလအစီအစဉ်တွင် အများပြည်သူ ပါဝင်ဆွေးနွေးမှု ကာလအဖြစ် သီတင်း
ခြောက်ပတ်နှင့် နှစ်လအတွင်း မူကြမ်း အတည်ပြုရန် သတ်မှတ်ခဲ့သည်။
မူဝါဒ အတည်ပြုပြီးနောက် ၎င်းကို အခြေခံ၍ အမျိုးသား မြေအသုံးချဥပဒေသစ်ကို ရေးဆွဲကာ
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြဋ္ဌာန်းနိုင် ရန် စီစဉ်ခဲ့သည်။
သို့ရာတွင် အစိုးရသည် အမျိုးသားအဆင့် မြေယာမူဝါဒသစ်ကို အလောတကြီး အတည်ပြုရန်
ဆောင်ရွက်လျက်ရှိကြောင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် မြေယာအခွင့်အရေး လှုပ်ရှားသူများက
ဝေဖန်ခဲ့ပြီးနောက် မူကြမ်းဆွေးနွေးမှုကာလကို တိုးချဲ့ခဲ့ခြင်းဖြစ်သည်။
တိုးမြှင့်ကာလအတွင်း ကော်မတီသည် အများပြည်သူ ဆွေးနွေးပွဲ ၁၇ ပွဲ၊ ကျွမ်းကျင်သူ ဆွေးနွေးပွဲ
နှစ်ပွဲ ကျင်းပခဲ့သည်။
အဆိုပါ မြေယာမူဝါဒသစ် ဖော်ထုတ်မှု လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အားနည်းချက်များ
ရှိသော်လည်း ကျေနပ်မှုရှိကြောင်း မြေယာအခွင့်အရေး လှုပ်ရှားသူများက ပြောဆိုသည်။
"မြေယာမူဝါဒက အမျိုးသားအဆင့် မူဝါဒဖော်ထုတ်ရာမှာ ပြည်သူ ပါဝင်ခွင့်ရတဲ့ ပထမဆုံး မူဝါဒပါ။
အချိန်နည်းတာစတဲ့ အားနည်းချက်တွေအပေါ် ဝေဖန်ချက်တွေ ရှိပေမယ့် မူဝါဒ ဖော်ထုတ်တဲ့ ပုံစံနဲ့
ပတ်သက်ရင် နိုင်ငံမှာတော့ တခြားမူဝါဒတွေအတွက် နမူနာကြည့်စရာ ဖြစ်လာနိုင်ပါတယ်" ဟု
မြေယာ အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်း ၅၀ ကျော် ချိတ်ဆက်ထားသည့် မြေယာမဏ္ဍိုင်
အဖွဲ့၏ ဥက္ကဋ္ဌ ဦးရွှေသိန်း က ပြောသည်။
"အများပြည်သူ ဝေဖန်အကြံပြု ကာလအတွင်း ကျွမ်းကျင်သူတွေရော၊ မြေယာအခွင့်အရေး
လှုပ်ရှားသူတွေရော ဆွေးနွေးပွဲတွေမှာ ဦးဆောင်ခွင့်လည်း ရခဲ့တယ်၊ ပွင့်ပွင့်လင်းလင်းလည်း
ဝေဖန် အကြံပြုနိုင်ခဲ့တယ်။ အစိုးရဘက်ကလည်း အကြံပြုချက်တွေကို နားထောင်ပြီး
တုံ့ပြန်ခဲ့တာတွေ့ရတယ်။ ဒီလိုဖြစ်စဉ်က နိုင်ငံအတွက် တော်တော် ထူးခြားတယ်လို့
ယူဆတယ်"ဟု ၎င်းက ပြောသည်။
မူဝါဒ ဖော်ထုတ်သည့် လုပ်ငန်းစဉ်သည် မူလ သတ်မှတ်ရက်ထက် ကျော်လွန်ခဲ့ပြီးနောက်
ဥပဒေကြမ်း ရေးဆွဲ ပြဋ္ဌာန်းနိုင်မည့် အချိန်ကို အစိုးရက ထပ်မံ မကြေညာသေးပေ။
"မြေယာဥပဒေလို နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ဥပဒေတွေ ဖော်ထုတ်တဲ့အခါ ဘယ်လို
အကြောင်းကြောင့် ဖြစ်စေ ကတိုက်ကရိုက် မလုပ်သင့်ဘူး။ အချိန်ယူပြီးမှ ဥပဒေ ကောင်း၊
မူဝါဒကောင်း ရအောင် လုပ်တာသည် မြန်မြန်ပြီးသွားပြီး မူဝါဒ အမှားကြီး လုပ်လိုက်မိတာထက်
အချိန်မရွေး ပိုကောင်းပါတယ်"ဟု ဦးရွှေသိန်းက ပြောဆိုသည်။
http://myanmar.mmtimes.com/index.php/national-news/14387-2015-05-12-11-26-52.html
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment