တပ်မတော် နှင့် ကိုးကပ်တိုက်ပွဲရပ်ပြီး ငြိမ်းချမ်းစွာ အဖြေရှာရန် သမ္မတနှင့် ကာချုပ်ထံ UNFC စာပို့

အစိုးရနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA တို့ တိုက်ပွဲများရပ်ပြီး ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရန်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က သင်္ကြန်အကြိုနေ့တွင် သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းလိုက်သည်။

UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ လက်မှတ်ဖြင့် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးစစ်ဦးစီးချုပ် မင်းအောင်လှိုင်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ထံ ဧပြီလ ၁၃ ရက်ဖြင့် စာပေးပို့လိုက်ခြင်း ဖြစ်သည်။

“NCA အတွက် အဆင်သင့်ဖြစ်အောင်လို့ပါ။ ကျွန်တော်တို့ တည်ငြိမ်အေးချမ်းမှုရအောင် ကျွန်တော်တို့ဘက်က မြင်ချင်ပါတယ်။ ဒီရက်ပိုင်းတွေမှာက ကြားရတဲ့ သတင်းအခြေအနေက ဒီလိုအခြေအနေရောက်ဖို့ အလှမ်းဝေးပြီးတော့ တပ်မတော်ဘက်က စစ်ရေးပိုပြီးတော့ မြင့်တင်လာတဲ့ သဘောမျိုးတွေ ကျွန်တော်တို့ တွေ့ရတယ်။ ဒါကြောင့် တရားဝင် အိတ်ဖွင့်ပေးစာ ပေးပို့လိုက်တာပါ”ဟု UNFC ၏ အထွေထွေအတွင်းရေးမှူး ခူဦးရေက မဇ္ဈိမကို ပြောသည်။

ကိုးကန့်ဒေသတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခသည် တိုင်းပြည်အတွက် လွန်စွာ စိုးရိမ်ဖွယ်ရာ အနိဌာရုံများပင် ဖြစ်ပြီး NCA လက်မှတ်ရေးထိုးရန်အတွက် အနှောင့်အယှက် အဟန့် အတားသဖွယ်ဖြစ်လာနေသည်ဟု အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

အစိုးရနှင့် MNDAA တို့ တွေ့ဆုံဆွေးနွေးရန် UNFC က အကြိမ်ကြိမ် အကြံပြုခဲ့သော်လည်း ယခုချိန်ထိ နှစ်ဖက်လုံးမှ ဆွေးနွေးမှု မရှိသေးဘဲ တိုက်ပွဲ ပိုမိုပြင်းလျက် ရှိသည်။ အစိုးရဘက် စတင် ဖိတ်ခေါ်ဆွေးနွေးခြင်းမရှိသည့်အတွက် အစိုးရက တွေ့ဆုံဆွေးနွေးရန် ဆန္ဒမရှိခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ နှစ်ဖက် တွေ့ဆုံဆွေးနွေးကြဖို့ ကျွန်တော်တို့ အကြိမ်ကြိမ် အကြံပြုပြီးဖြစ်ပါတယ်။ ဒါပေမဲ့ တနေ့တခြား အစိုးရဘက်ကနေ ကိုယ်စားလှယ်တွေ လွှတ်ပြီး ကိုးကန်ဖွဲ့ကို ဖိတ်ခေါ်တာ။ တွေ့ဆုံညှိနှိုင်းတာမျိုးတွေ မရှိပါဘူး။ သူတို့(အစိုးရ)က ပိုပြီး တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒမရှိဘူးလို့ ကျွန်တော်တို့ သုံးသပ်ရပါတယ်၊ ရှမ်းပြည်တွင်းမှာ တည်ငြိမ် အေးချမ်းမှုကို မြင်ချင်တယ်ဆိုရင်တော့ နည်းလမ်းတွေရှိတယ်၊ အစိုးရမှာ ပိုပြီး တာဝန်ရှိတယ်”ဟု ခူဦးရေက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်က UPWC နှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းအပေါ် သဘောတူညီမှု လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ကြရန်အတွက် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခြွင်းချက်မရှိ အမြန်ဆုံး ရပ်တန့်ပြီး သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စေ့စပ်ညှိနှိုင်းဆွေးနွေး အဖြေရှာရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

ကိုးကန့်တပ်ဖွဲ့သည် မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ် နေထိုင်နေသည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အသိအမှတ်ပြုထားသဖြင့် တရားဝင် တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးမီ မြေပြင် တိုက်ပွဲများ ရပ်တန့်ရမည်ဟု သူက ပြောသည်။

လက်ရှိ မြေပြင်တွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် နှစ်ဖက် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးနေရမှုများသည်လည်း  နေ့စဉ် ဖြစ်ပေါ်နေသဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ရှေးရှုလျှက် ညှိနှိုင်း အဖြေရှာရေးကို ကြိုးပမ်း စေလိုကြောင်းနှင့် စစ်မှတ်သော ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် နိုင်ငံရေး ဆွေးနွေးပွဲသို့ တက်လှမ်း နိုင်ရေးအတွက် လက်ရှိ ထိုးစစ်ဆင်မှုများအားလုံး အမြန်ဆုံးရပ်တံ့ပေးပါရန် အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

MNDAA အဖွဲ့သည် UNFC ၏ အဖွဲ့ဝင် တစ်ဖွဲ့ဖြစ်သလို၊ ယခုကဲ့သို့ အိတ်ဖွင့်ပေးစာ ပေးပို့မှုအပေါ် ကောင်းမွန်ပြီး ကြိုဆိုကြောင်း MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောသည်။ ယနေ့တွင်လည်း MNDAA နှင့် အစိုးရ စစ်တပ်တို့အကြား လောက်ကိုင်မြို့ အရှေ့တောင်ဘက် တုန်းရှန်းဒေသ ခုတ်ထန်ဘက်တွက် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။

ဖေဖော်ဝါရီလ ၉ ရက်မှ ယနေ့ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် MNDAA ဘက်မှ ၃၀ ခန့် ကျဆုံးပြီး ၃၀ ကျော် ဒဏ်ရာရကာ စုစုပေါင်း ၆၀ ကျော် ရှိသည်ဟု သူက ပြောဆိုသည်။

မူရင်း >>> http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/43118-unfc
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment