ရွှေစင်စင်္ကြာယာဉ်လိုင်းက ဒီမိုကရေစီတူဒေး သတင်းစာထံမှ နစ်နာကြေး ကျပ်သိန်းခြောက်ထောင် တောင်းခံ


ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဧပြီလ ၅ ရက် ညပိုင်းက ခရီးသည်တင် ယာဉ်နှစ်စီး ယာဉ်မတော်တဆ ဖြစ်ပွားခဲ့သည့် သတင်းကို ရွှေစင်စင်္ကြာယာဉ်လိုင်းဟု မှားယွင်း ဖော်ပြခဲ့မှုကြောင့် ဧပြီလ ၉ ရက် နံနက်ပိုင်းက ရွှေစင်စင်္ကြာကုမ္ပဏီက ဒီမိုကရေစီတူဒေး သတင်းစာကို နစ်နာကြေးငွေ ကျပ်သိန်းခြောက်ထောင် တောင်းခံခဲ့ကြောင်း ရွှေစင်စင်္ကြာ ယာဉ်လိုင်း၏ အကျိုးဆောင် ရှေ့နေ ဦးနေလက ပြောကြားသည်။

“ဒီမနက် စာတိုက်ကနေ သူတို့ သတင်းစာတိုက်ကို တိုက်ရိုက် နို့တစ်စာ ပို့ခဲ့တယ်၊ သတင်းမှား ဖော်ပြမှုကြောင့် ယာဉ်လိုင်းမှာ နစ်နာမှုတွေ အများကြီးဖြစ်ခဲ့ရတယ်၊ ဥပဒေအရ နို့တစ်စာ ပို့ခဲ့ပေမယ့် ညှိနှိုင်းဖို့ မဟုတ်ဘူး၊ လျော်ကြေး တောင်းခံတာပါ။ မပေးရင် တရားစွဲမယ်” ဟု ၎င်းကဆိုသည်။
အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၀ အနီးတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုမှ ခရီးသည်တင်ယာဉ် နှစ်စီးမှာ ရွှေစင်္ကြာနှင့် မန်းရာဇာ ခရီးသည်တင်ယာဉ်များ ဖြစ်သော်လည်း ဧပြီလ ၆ ရက် နေ့ထုတ် ဒီမိုကရေစီသတင်းစာတွင် ခရီးသည်ယာဉ်လိုင်းအမည် မှားယွင်းကာ ရွှေစင်စင်္ကြာ ယာဉ်လိုင်းဟု ဖော်ပြခဲ့သောကြောင့် နို့တစ်စာပေးပို့ပြီး နစ်နာကြေး ကျပ်သိန်းခြောက်ထောင် တောင်းခံရခြင်း ဖြစ်ကြောင်း ရွှေစင်စင်္ကြာခရီးသည် ယာဉ်လိုင်းထံမှ သိရှိရသည်။

“ရွှေသံလွင် မီဒီယာကုမ္ပဏီပိုင် MNTV ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ သတင်းမှာလည်း ယာဉ်လိုင်းအမည် မှားယွင်း ဖော်ပြခဲ့လို့ နစ်နာကြေး ကျပ်သိန်းတစ်သောင်း တောင်းဆိုထားတယ်၊ ဒီနေ့မနက် မှာ MNTV ရုပ်သံလိုင်းက သတင်းမှားယွင်း ဖော်ပြမိကြောင်း အမှားပြင်ဆင်ချက် တင်ပြခဲ့ပေမယ့် အမှားပြင်ဆင်ချက် လိုချင်လို့ မဟုတ်ဘူး၊ နစ်နာကြေးငွေ တောင်းခံတာ၊ မရရင် တရားစွဲမယ်” ဟု အကျိုးဆောင်ရှေ့နေ ဦးနေလက ဆိုသည်။

ရွှေစင်စင်္ကြာယာဉ်လိုင်းက နစ်နာကြေး ကျပ်သိန်းခြောက်ထောင် တောင်းခံမှုနှင့် ပတ်သက်၍ ဒီမိုကရေစီတူဒေး သတင်းစာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေကြားပေးနိုင်သူမှာ နေပြည်တော်သို့ အလုပ်ကိစ္စဖြင့် ခရီး ထွက်ခွာနေသောကြောင့် မဖြေကြားပေး နိုင်သေးကြောင်း ယင်းသတင်းစာတိုက်မှ တာဝန်ခံအယ်ဒီတာ တစ်ဦးက ပြောကြားသည်။

ယာဉ်မတော်တဆမှုမှ ယာဉ်လိုင်းအမည် မှားယွင်း ဖော်ပြခံရသောကြောင့် ၂၀၀၁ ခုနှစ်မှ စတင်ကာ ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းကို တည်ထောင်ခဲ့ပြီး အောင်မြင်သည့် ယာဉ်လိုင်းအဖြစ် ရပ်တည်နိုင်ရန် ကြိုးစားခဲ့ရသော ရွှေစင်စင်္ကြာ ယာဉ်လိုင်း၏ ဂုဏ်သိက္ခာ ထိခိုက်ခဲ့ရကြောင်း၊ ခရီးသွားပြည်သူများ၏ ယုံကြည်မှု ပျက်ပြားစေခြင်း နှင့်အတူ ဝေဖန်မှုများ ခံရသောကြောင့် ကျပ်သိန်း ၅၀၀၀ အထက်မှ တရားစွဲဆိုခွင့်ရှိသည့် ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ရုံးတွင် နစ်နာကြေး ငွေတောင်းခံမှု မရရှိခဲ့ပါက တရား စွဲဆိုသွားမည်ဖြစ်ကြောင်း ရွှေစင်စင်္ကြာ ယာဉ်လိုင်းထံမှ စုံစမ်းသိရှိရသည်။

အလားတူ ရွှေသံလွင်မီဒီယာ ကုမ္ပဏီပိုင် MNTV ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သော သတင်းတွင် ယာဉ်လိုင်းအမည် မှားယွင်းဖော်ပြခဲ့မှုနှင့် ပတ်သက်၍ ရွှေစင်စင်္ကြာ ခရီးသည်တင် ယာဉ်လိုင်းက ဧပြီလ ၈ ရက်နေ့က အထွေထွေ နစ်နာကြေး အဖြစ် ကျပ်သိန်းပေါင်း တစ်သောင်း တောင်းခံထားသည်။

The Voice Weekly
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment