ဒေါက်တာအေးမောင်၊ ၆ ပွင့်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ပြသနာ


သမ္မတ ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ လွှတ်တော် ဥက္ကဌ နှစ်ဦး ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ထဲဝင်ရောက်နေတဲ့ တိုင်းရင်းသား ပါတီတွေထဲက တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြောက်ခြင်း ခံထားရတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာအေးမောင်တို့ပါဝင်တဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ပါတီတွေရဲ့ ထုတ်ပြန်ကြေငြာချက်တွေ ခုရက်ပိုင်းအတွင်းမှာ တောက်လျှောက်ဆိုသလို ထွက်ပေါ်လာနေပါတယ်။

ထုတ်ပြန်ခဲ့တဲ့ အကြောင်းရာတွေကို ခြုံငုံကြည့်မယ်ဆိုရင်တော့ ဒေါက်တာအေးမောင်ဟာ သူတို့ပါတီတွေကို ကိုယ်စားမပြုဘူး တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် တိုင်းရင်းသားပါတီတွေကို ရှင်းပြ ညှိနှိုင်းတိုင်ပင်ထားတာ မရှိဘူးလို့ ဖော်ပြထားတာပါ။

တိုင်းရင်းသားပါတီတွေထဲမှာမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး တိုင်းရင်းသား မဟာမိတ်ပါတီဖြစ်တဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းပါတီ NBF ကလည်း မရှေးမနှောင်းဆိုသလဲ ဧပြီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ အဲဒီ တိုင်းရင်းသား မဟာမိတ်အဖွဲ့မှာ ဆိုရင် တိုင်းရင်းသားပါတီ ၂၂ ပါတီနဲ့ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပြီး ဒေါက်တာအေးမောင်ရဲ့ ရခိုင်အမျိုးသားပါတီလည်းပါဝင်ပါတယ်။

SNLD ပါတီရဲ့ ထုတ်ပြန်ချက်ကတော့ ၆ ပွင့်ဆိုင်ဆွေးနွေးမှုအပြီး ဒေါက်တာအေးမောင်နဲ့ ဧရာဝတီသတင်းဌာနတို့ရဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဒေါက်တာအေးမောင်ရဲ့ ဖြေကြားမှုတွေနဲ့ ပတ်သက်ပြီး ထောက်ပြကာ ကြေငြာချက်ထုတ်ထားတာပါ။ ဧရာဝတီနဲ့ ဒေါက်တာအေးမောင်တို့ရဲက မေးမြန်း ဖြေဆိုမှုမှာတော့ ဒေါက်တာအေးမောင်က ဆွေးနွေးမှုမှာ တင်ပြခဲ့မှုတွေ့နဲ့ ဆွေးနွေးပွဲ ရလဒ်တွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံကာ ရှင်းပြခဲ့ပြီး ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး သဘောတူပြီးသား အချက်တွေကိုပဲ ဆွေးနွေးမှုမှာ တင်ပြခဲ့တာပါဆိုတဲ့အချက်ကို SNLD ပါတီက သူတို့ကို ရှင်းပြထားတာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားတာပါ.။

ဒါ့အပြင် ဒေါက်တာအေးမောင် အနေနဲ့ သူတို့ကို ကိုယ်စားပြုပြီး ဆွေးနွေးပွဲတက်ရောက်ခဲ့တာ မဟုတ်သလို တကြိမ်တခါမှလည်း SNLD နဲ့ တွေ့ဆုံထားတာ မရှိဘုးလို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
NBF ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းကတော့ နေပြည်တော်မှာ ဧပြီလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမှာတက်ရောက်ခဲ့တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်ဟာ NBF ကို ကိုယ်စားပြုခြင်း မရှိဘူးလို့ ထုတ်ပြန်ထားတာပါ.။ သူဟာ လွှတ်တော်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် အချို့ကသာ ဆန္ဒပြုရွေးချယ်ထားတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ NBF နဲ့ နီးစပ်သူတွေကတော့ ဒေါက်တာအေးမောင်အနေနဲ့ NBF ကို ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ လာရောက်ရှင်းပြတာ မရှိဘူးလို့ ပြောထားပါတယ်။

အခြေနေတွေကို ခြုံကြည့်မယ်ဆိုရင်တော့ ၆ ပွင့်ဆိုင်မှာ လွှတ်တော်အတွင်း ၀င်ရောက်နေတဲ့ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်ကို ကျန်တဲ့ တိုင်းရင်းသားပါတီတွေက သူတို့ကို ကိုယ်စားမပြုဘူး လက်မခံဘူးလို့ ပြောနေတာပါ ။ ဘာဖြစ်လို့လဲဆိုတော့ ၉၀ ရွေးကောက်ပွဲမှာ အဓိက အနိုင်ရပါတီတွေထဲပါတဲ့ SNLD ပါတီ ၂၀၁၀ ရွေးကောက်ပွဲကာလနဲ့ အဲဒီနောက်ပိုင်းမှာ ထူထောင်ခဲ့တဲ့ တိုင်းရင်းသားပါတီတော်တော်များများနဲ့ ဖွဲ့စည်းထားတဲ့ NBF လို အဖွဲ့တွေက ကြေငြာချက် ထုတ်ပြန်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလည်းလို့ သုံးသပ်ကြည့်မယ်ဆိုရင် ဒေါက်တာ အေးမောင်အနေနဲ့ ကျန်တဲ့ တိုင်းရင်းသားပါတီတွေကို ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ကြိုတင် ညှိနှိုင်းတိုင်ပင်တာ တွေမရှိခဲ့တဲ့အပြင် ရလာဒ်တွေကို သွားရောက်ရှင်းပြခြင်း မရှိတာ ၊ နောက်တချက်က ဒေါက်တာအေးမောင်ပါတီ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရခိုင်အမျိုးသားပါတီအနေနဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့စည်း နှစ်ခုစလုံးမှာ ပါဝင်မယ်လို့ ဆုံးဖြတ်ထားပြီး သောင်တင်ရေမကျဖြစ်နေတာ ၊ နောက်တချက်က ရွေးကောက်ပွဲနီးလာတာနဲ့ နိုင်ငံရေးအကျိုးစီးပွားအရ မတူညီမှုတွေ ရှိနေတာတွေကြောင့်လို့ ဆိုရမှာပါ။

တကယ်တော့ တိုင်းရင်းသား ကိုယ်စားလှယ်ဆိုတဲ့ ကိစ္စဟာ တော်တော်ကို နက်နဲတဲ့ ကိစ္စပဲဖြစ်ပါတယ်။ မြန်မာလိုနိုင်ငံမျိုးမှာက ပိုဆိုးပါတယ်။ နိုင်ငံရေးသြဇာအရ လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗမာတိုင်းရင်းသားတွေကို ကိုယ်စားပြုကောင်းပြုနိုင်ပေမဲ့ ကျန်တဲ့ တိုင်းရင်းသားတွေအားလုံးကို ကိုယ်စားပြုဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အလားတူပဲ ဒေါက်တာ အေးမောင်အနေနဲ့ ရခိုင်တိုင်းရင်းသားတွေကို ကိုယ်စားပြုနိုင်ပေမဲ့လည်း ကျန်တဲ့ တိုင်းရင်းသားတွေကို ကိုယ်စားပြုတယ်လို့ ပြောဖို့ရာ တော်တော်ခက်တဲ့ အခြေနေပါ.။ တိုင်းရင်းသား အင်အားစုတွေကို ခွဲခြမ်းစိပ်ဖြာကြည့်မယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသားပါတီများ ဆိုပြီး ရှိနေတာပါ။

လက်နက်ကိုင်အဖွဲ့တွေဆိုရင်လည်း လွှတ်တော်ထဲဝင်ရောက်တာ မရှိပေမဲ့ သူ့ဒေသနဲ့ သူ့ရဲ့ တိုင်းရင်းသား ကိုယ်စားပြုမှု အနေထားအလိုက် ( ဥပမာ ကရင်အမျိုးသား အစည်းရုံး ၊ ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ) စသဖြင့် သက်ဆိုင်ရာ မျိုးနွယ်စုတွေအလိုက် သြဇာကြီးမားတဲ့ အဖွဲ့စည်းတွေရှိပါတယ်။ အဲဒီအထဲက မှ အဖွဲ့အများစုဟာ ဖွဲ့စည်းတာ သက်တမ်းနှစ်ပေါင်း ၆၀ လောက်အထိကို ကြာမြင့်ခဲ့တဲ့ အဖွဲ့စည်းတွေဖြစ်ပါတယ်။ သူတို့ဟာ ပင်လုံကတိက၀တ်တွေချိုးဖျက်ခံခဲ့ရတဲ့အတွက် လက်နက်ကိုင်ခဲ့တဲ့ အဖွဲ့တွေပါ။

ပါတီတွေကို ကြည့်မယ်ဆိုရင် ၉၀ ရွေးကောက်ပွဲကာလမှာ ထူထောင်ခဲ့တဲ့ တိုင်းရင်းသားပါတီနဲ့ ၂၀၁၀ရွေးကောက်ပွဲကာလမှာ ထူထောင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေဆိုပြီးရှိပါတယ်။

၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီတွေဟာ ပင်လုံမူဝါဒတွေကို အခြေခံထားပြီး ၂၀၁၀ တို့ ၂၀၁၂ တို့မှာ ၀င်ရွေးနိုင်တဲ့ အနေထားမှာ ရှိမနေခဲ့ပဲ လွှတ်တော်ထဲမှာ ရှိနေတာ မဟုတ်ပါဘူး။ အခု လွှတ်တော်ထဲ ရောက်နေတဲ့ တိုင်းရင်းသားပါတီအများစုက ၂၀၁၀ ရွေးကောက်ပွဲကာလလောက်ရောက်မှ ဖုတ်ဖတ်ခါထူထောင်ပြီး ၀င်လာကြတဲ့ အနေထားမှာရှိတဲ့အတွက် ပါတီတစ်ခုချင်းစီအလိုက် သက်ဆိုင်ရာ တိုင်းရင်းသားတွေကို အလုံးစုံကိုယ်စားပြုတယ်လို့ ပြောဖို့ရာမှာ ခက်တယ်လို့ ၂၀၁၀ ရွေးကောက်ပွဲမှာ နေရာအများစု အနိုင်ရခဲ့တဲ့ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ထိပ်တန်းတာဝန်ရှိသူ တဦးက ရန်ကုန်မီဒီယာ ဂရုပ်ကို ပြောထားပါတယ်။

ကျားဖြူပါတီအနေနဲ့ကတော့ ရှမ်းပါတီအချင်းချင်း ပေါင်းဖို့ အဆင်မပြေသေးသလို NBF မှာ ဦးဆောင်သူအနေနဲ့ ရှိနေတာပါ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကတော့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA မဟာမိတ်အဖွဲ့မှာ ဦးဆောင်သူ အနေနဲ့ ရှိနေပါတယ်။

ပြည်နယ်တွေကို ပြန်ကြည့်မယ်ဆိုရင် တပြည်နယ်ကို နှစ်ပါတီအနည်းဆုံးလောက်ရှိနေတဲ့ အနေထားမှာ ရှိနေတာပါ။ ပါတီတွေ လက်နက်ကိုင်တွေစသဖြင့် ပုံစံအမျိုးမျိုးနဲ့ ကွာခြားနေကြသလို နိုင်ငံရေး မူဝါဒအရလည်း ကွာခြားကြပြီး နောက်ခံဖွဲ့စည်းပုံခြင်း ဖြစ်ထွန်းပေါ်ပေါက်လာပုံခြင်းလည်း တူကြတာ မဟုတ်ပါဘူး။ ဒါကလည်း မျိုးနွယ်စုတွေ များပြားလွန်းတာကြောင့်ဖြစ်ပါတယ်။ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေကလည်း NBF ၊ UNA ၊ UNFC စသဖြင့် ရှိနေပြီး အဲဒီထဲကမှ မူဝါဒချင်းတူညီမှုရှိတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုဖြစ်တဲ့ UNFC တို့သာ မဟာမိတ်အဖြစ် ရပ်တည်နေကြတာပါ။ ဒါတောင် အခု ၆ ပွင့်ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ဘယ်လို အသံတွေကြားရမယ်ဆိုတာ မသိသေးပါဘူး။ ဒါ့အပြင် လက်ရှိနိုင်ငံရေး ဖြစ်စဉ်အရကြည့်မယ်ဆိုရင် လွှတ်တော်အပြင်ကက တိုင်းရင်းသား လက်နက်ကိုင်တွေအပါဝင် အင်အားစုတွေအနေနဲ့ ပင်လုံလို အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကသာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြသနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယူဆထားကြတာဖြစ်ပြီး လွှတ်တော်အတွင်းက ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ လေးပွင့်ဆိုင် ၊ ၆ ပွင့်ဆိုင် စသဖြင့် တွေ့ဆုံရေးတွေက လက်ရှိသွားမရဖြစ်နေတဲ့ နိုင်ငံရေးအကျပ်တည်းကို ခေတ္တဆက်သွားလို့ရတဲ့ အနေထားတရပ်လောက်သာ ဖြစ်လာနိုင်မယ်လို့ တွက်ဆထားတာပါ။ တကယ်လည်း မြန်မာနိုင်ငံမှာ နှစ် ၆၀ ကျော်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေက ပင်လုံကတိက၀တ်တွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတာပါ။ တိုင်းရင်းသား ပြသနာဟာ ပြည်တွင်းစစ်နဲ့လည်း သက်ဆိုင်နေတဲ့ အတွက် တိုင်းရင်းသား ပြသနာတွေကို ဖြေရှင်းချင်တယ်ဆိုရင်တော့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲက အသင့်တော်ဆုံးပါပဲ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွှန့်လွင်ကတော့ အဲဒီ ၆ ပွင့်တို့ လေးပွင့်တို့အပေါ်မှာ သိပ်မျှော်လင့် မထားဘူးလို့ ဘီဘီစီမြန်မာပိုင်းကို ပြောထားပါတယ်။

နောက်တချက်က တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ လူဦးရေ အချိုးအစားအရလည်း ကရင် ၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေက ဗမာတိုင်းရင်းသားပြီးရင် အများဆုံးဖြစ်နေတာကလည်း အရေးပါတဲ့ အချက်ပါပဲ။ အဲဒီလို အနေထားမှာ ဒေါက်တာအေးမောင်အနေနဲ့ ကြိုတင်ညှိနှိုင်းတာတွေ လာရောက်ရှင်းပြတာတွေ လုပ်သင့်တာတော့အမှန်ပါပဲ။ နောက်တချက်အနေနဲ့ကတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစုတွေနဲ့ နိုင်ငံရေးအရ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်မှု မရှိတဲ့ အနေထားပေါ်မှာလည်း ဒေါက်တာအေးမောင်ရဲ့ တိုင်းရင်းသား ကိုယ်စားလှယ်ဆိုတဲ့ အနေထားက မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

နောက်တချက်ကတော့ ရခိုင်အမျိုးသားပါတီရဲ့ လက်ရှိရပ်တည်နေမှု အနေထားကြောင့်ပါ။ ရခိုင်အမျိုးသားပါတီဆိုတာက ၉၀ ရွေးကောက်ပွဲဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလမှာ ဖွဲ့စည်းခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ နှစ်ပါတီပေါင်းပြီး ဖွဲ့ထားတာပါ။ ဦးအေးသာအောင်ဦးဆောင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ UNA မဟာမိတ်အဖွဲ့မှာ ပါဝင်ခဲ့တာဖြစ်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကတော့ NBF မှာပါဝင်ခဲ့တာပါ။ နှစ်ပါတီပေါင်းပြီး နောက်ပိုင်းမှာလည်း ဘယ်မဟာမိတ်အဖွဲ့မှာပါမယ်ဆိုတာ အတည်တကျဆုံးဖြတ်နိုင်တာ မရှိပဲ UNA ရော NBF မှာပါမယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် တိုင်းရင်းသား မဟာမိတ်အဖွဲ့နှစ်ဖွဲ့ရဲ့ ရခိုင်အမျိုးသားပါတီအပေါ် ယုံကြည်မှု လျော့နည်းနေကြတာဖြစ်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ဒေါက်တာအေးမောင်ရဲ့ နိုင်ငံရေးဝါနုမှုနဲ့ ကျန်တဲ့ တိုင်းရင်းသားတွေအပေါ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦး တို့လို သြဇာမရှိတာကြောင့်ပဲဖြစ်ပါတယ်။

ဒေါက်တာအေးမောင်အနေနဲ့ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင် ၊ ပြဌာန်းခွင့်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်မှု အပါဝင်အချက် ၄ ချက်ကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဧ၇ာဝတီ အင်တာဗျူးမှာ ဖော်ပြထားပါတယ်။ ပြည်နယ်တွေမှာ ပြည်နယ်ဝန်ကြီးချုပ်တွေကို ပြည်နယ်လွှတ်တော်တွေက ရွေးချယ်ဖို့ ၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ ပြည်နယ်လွှတ်တော်တွေမှာ တပ်မတော်သားကိုယ်စားတွေကို ကနဦး အနေနဲ့ ၇၅ % လျှော့ပေးဖို့ ဥပဒေရေးဆွဲခွင့်ပိုမို ရရှိလာဖို့ ၊ သယံဇာတခွဲဝေမှုနဲ့ အခွန်ကောက်ခံမှု ပိုမိုရရှိလာဖို့ဆိုပြီး တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ တင်ပြချက်တွေကတော့ မဆိုးလှတဲ့ အနေထားပါပဲ။ သို့သော်လည်း ဒေါက်တာအေးမောင်အနေနဲ့ တိုင်းရင်းသားအရေး ငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့ ပုဒ်မတွေကို အဓိကထား ပြောနေရမဲ့အစား တခြား ကိစ္စတွေအတွက်ပါ ပြောနေခဲ့တဲ့အတွက်လည်း တိုင်းရင်းသား အင်အားစုတွေအတွက် မေးခွန်းထုတ်စရာဖြစ်လာတာပါ။ တကယ်တော့ အစိုးရ ၊တပ်မတော်တို့အနေနဲ့ တိုင်းရင်းသားတွေနဲ့ ဆိုင်တဲ့ အာဏာခွဲဝေရေး ၊ သယံဇာတခွဲဝေရေး တို့အပေါ် သိပ်ပြီး တင်းမာမှု ရှိလှတာ မဟုတ်ပါဘူး။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်ကြည့်ရင် ပုဒ်မ ၄၃၆ တို့ ၅၉ (စ) တို့လို ပုဒ်မတွေက ပြင်ဆင်ရ ခက်ခဲတဲ့ ပုဒ်မတွေဖြစ်ပြီး တိုင်းရင်းသားအရေး ပြည်တွင်းငြိမ်းချမ်းရေးတို့ကို အထောက်ကူပြုစေမဲ့ပုဒ်မတွေက လူထုဆန္ဒခံယူပွဲလုပ်စရာမလိုပဲ လွှတ်တော်အတွင်းမှာတင် ပြင်နိုင်တဲ့ အနေထားမှာ ရှိနေတာပါ။
လက်ရှိ နိုင်ငံရေး အခင်းကျင်းအရ ၆ ပွင့်ဆိုင်ဆွေးနွေးမှုဟာ လတ်တလော အခြေနေကိုသာ ဆုံးဖြတ်နေတာ မဟုတ်ပဲ ၂၀၁၅ အလွန် ပေါ်ပေါက်လာမဲ့ လွှတ်တော်တွေ သမ္မတ ရွေးချယ်မှုတွေကိုပါ မဟာမိတ်အနေနဲ့ သွားကြဖို့ ပြင်နေကြတာ ဖြစ်ပါတယ်။

၂၀၁၃ ခုနစ် နောက်ပိုင်း အခြေနေတွေကို ပြန်ကြည့်မယ်ဆိုရင် တိုင်းပြည်မှာ စစ်ဘောင်ကျယ်လာတာ နိုင်ငံရေးမှာ တပ်မတော်အခန်းကဏ္ဍပြန်လည် မြင့်မားလာတာ အတိုက်ခံများတွေက စစ်ဘက်အရပ်ဘက်ဆက်ဆံရေး ထိခိုက်စေသော အပြုမူများ မကြာခဏဆောင်ရွက်လာတာ ပြည်တွင်းစစ်ရှိနေတာကြောင့် တပ်မတော်အနေနဲ့ အခန်းကဏ္ဍကြီးကြီးမားမား ဆက်ရှိနေရန်လိုအပ်နေတယ်လို့ ယူဆထားတာတွေက ဒီမိုကရေစီအသွငိကူးပြောင်းရေးတွင် လက်ငင်းကြုံတွေ့နေရသော စစ်ဘက်အရပ်ဘက် ဆိုင်ရာပြသနာရပ်တွေပဲ ဖြစ်ပါတယ်။

တဘက်မှာလည်း အစိုးရသက်တမ်းကုန်လာခါနီးဖြစ်လာတာနဲ့ အမျှမယုံကြည်မှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေပြီး လာမည့်အစိုးရသက်တမ်းအတွက် နေရာရာထူးစတာတွေကို ဇောင်းပေးမှုတွေက အာဏာရဘက်မှာ ရှိတဲ့ အစိုးရ လွှတ်တော်တို့ဘက်မှာကော ၊ အတိုက်ခံတွေဘက်မှာပါ အနည်းနဲ့ အမျှရှိနေတာ အထင်းသားတွေ့လာရပါတယ်။

အဲဒီလိုကိစ္စတွေကြောင့်ပဲ ဖွဲ့စည်းပုံ ကို မြန်မြန်ပြင်ဆင်ပေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက်ရေး ၊ အသွင်ကုးပြောင်းမှု ဆက်လက် ဖြစ်ပေါ်လာနိုင်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်မှုအတွက် အထောက်ကူပြုစေရေးဆိုတဲ့ ကိစ္စရပ်တွေမှာ နှောင့်နှေးမှုတွေ ကြုံနေရတာပါ။

အချုပ်အားဖြင့်ဆိုရမယ်ဆိုရင်တော့ တကျပ်အပြည့်မရတောင် ပြား ၄၀ လောက်ရမယ်ဆိုရင် နိုင်ငံရေးအရ ဆက်သွားနိုင်မဲ့ အခြေနေကို ရောက်နေတဲ့အတွက် ၆ ပွင့်ဆိုင်မှာ အဓိက ကျသူတွေအနေနဲ့နဲ့ အနည်းဆုံး တဘက်တဘက်က လျှော့ပေါ့ မှုများပြုလုပ်ခြင်းဟာ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်စေနိုင်မှာပါ။

တိုင်းရင်းသားတွေဘက် ပြန်ဆက်ရမယ်ဆိုရင်တော့ တဘက်မှာလည်း အတိုက်ခံခေါင်းဒေါ်အောင်ဆန်းစုကြည်ပါနေတယ်ဆိုပေမဲ့ သူမအနေနဲ့ ၂၀၁၂ ခုနစ်နောက်ပိုင်း တိုင်းရင်းသား အင်အားစုတွေနဲ့ ပုံမှန်ဆက်ဆံရေး မရှိလှတာတောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာတောင် အစဉ်လာအရ တိုင်းရင်းသားအင်အားစုတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေက အမြင်သိပ်ကြည်လင်လှတာ မဟုတ်ပါဘူး။ ၂၀၁၀ မတိုင်ခင်ကတော့ အန်အယ်လ်ဒီရဲ့ မဟာမိတ်လို့ တန်းစီလိုက်မယ်ဆိုရင် ဦးခွန်ထွန်းဦးဦးဆောင်တဲ့ ယူအန်အေ အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေက ထိပ်က ရှိခဲပေမဲ့ အခုလက်ရှိအခင်းကျင်းအရတော့ အဲဒီလို တွက်ဆလို့ မရတော့တဲ့အနေထားပါ။

NLD ကို မိတ်ဘက်အဆင့်လို့သာ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တိုင်းရင်းသား အင်အားစု အများစုကလည်း လွှတ်တော်ပြင်ပမှာ ရောက်နေတဲ့ အတွက် သူတို့တွေအဖို့ကတော့ ဒီ ၆ ပွင့်ဆိုင်တို့ ဘာတို့ဆိုတာ သိပ်ယုံကြည်ကိုးစားမှု ရှိမှာ မဟုတ်ပါဘူး။ မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းကတော့ နောက်ဆက်လက်ကျင်းပမဲ့ ၆ ပွင့်ဆိုင်ရဲ့ အဆက် ဆွေးနွေးပွဲမှာ ပြင်ပက တိုင်းရင်းသား အင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို သြဇာလွှမ်းမိုးမှု ရှိနိုင်တဲ့ ဦးခွန်ထွန်းဦးကို ကိုယ်စားလှယ်အဖြစ် ထည့်သင့်ကြောင်း အကြံပြုထားပါတယ်။

မူးရင်း>> Yangon Media Group
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment