ကမ္ဘာ့ဖလားပွဲစဉ်များကို မြန်မာပရိသတ်များ အခမဲ့ရုပ်သံလိုင်းမှ ကြည့်ခွင့်ရတော့မည်မဟုတ်

ကမ္ဘာ့ဖလားပွဲစဉ်များကို မြန်မာပရိသတ်များ အခမဲ့ရုပ်သံလိုင်းမှ ကြည့်ခွင့်ရတော့မည်မဟုတ်  MNTV မှ ထုတ်လွှင့်မည်ဟု ကြေညာထားသော်လည်း ရန်ကုန်၌ပင် ဖမ်းယူကြည့်ရှုနိုင်ခြင်း မရှိသေး

 လေးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်များကို မြန်မာနိုင်ငံမှ ဘောလုံးပရိသတ်များသည် အခမဲ့ ရုပ်သံလိုင်းမှ တိုက်ရိုက်ကြည့်ရှု အားပေးခွင့်ရတော့မည် မဟုတ်ပေ။

၂၀၁၄ ကမ်္ဘာ့ဖလားပွဲစဉ်များကို စကိုင်း နက်ရုပ်သံလိုင်းက တစ်ဦးတည်း မူပိုင်ထုတ်လွှင့်ခွင့်ဝယ်ယူထားပြီး စကိုင်းနက်၏ အခပေးရုပ်သံလိုင်းများတွင်သာ ပွဲစဉ် ၆၄ ပွဲစလုံးကို တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဟု ကြိုတင် ကြေညာထားသည်။

သို့သော် ပြိုင်ပွဲစတင်ရန် နီးကပ်လာချိန်၌ MNTV အခမဲ့ရုပ်သံလိုင်းက ပွဲစဉ်အချို့ကို တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဟု ကြေညာလာခဲ့သည်။ MNTV ရုပ်သံလိုင်းကို လက်ရှိအချိန်တွင် မန္တလေးမြို့နှင့် စစ်ကိုင်း မြို့ဝန်းကျင်၌သာ ရိုးရိုးအန်တန်နာဖြင့် ဖမ်းယူကြည့်ရှုနိုင်ပြီး ရန်ကုန်မြို့၌ပင် ဖမ်းယူကြည့်ရှုနိုင်ခြင်း မရှိသေးသည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြည့်ရှုနိုင်ရန်မှာ မဖြစ်နိုင်သေးဟု စကိုင်းနက် အရောင်းတာဝန်ခံ ကိုမြတ်သူက ပြောသည်။

“MNTV လိုင်းကို ၂၀၁၃ ခုနှစ်ကတည်း က nalog စတစ်နဲ့ Free to Air ပြသနိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းခဲ့တာပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြသနိုင်ခြင်း မရှိသေးပါဘူး။ လက်ရှိမှာတော့ မန္တလေးဝန်းကျင်မှာ ဖမ်းယူ ကြည့်ရှုနိုင်ပါတယ်။ ရန်ကုန်မှာ MNTV လိုင်းကို ဖမ်းယူကြည့်ရှုနိုင်ဖို့က ကြိုးစားနေဆဲပါ။ အချိန်မီ မပြီးစီးရင်တော့ စကိုင်းနက် အခပေးလိုင်းတွေကပဲ ကြည့်ခွင့်ရမှာပါ” ဟု ၎င်းက ပြောသည်။

၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှ စတင်ကာ မြန်မာ့ရုပ်မြင်သံကြားမှ ကမ္ဘာ့ဖလားပွဲစဉ်အချို့ကို ထုတ်လွှင့်ပြသခဲ့ ပြီး ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲများကို လည်း တစ်နိုင်ငံလုံး ဖမ်းယူကြည့်ရှုနိုင်သည့် MRTV နှင့် MWD ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသခဲ့ဖူးသည်။

“ဘယ်လိုင်းကပဲလွှင့်လွှင့် မြန်မာ့ရုပ်မြင်သံကြားလောက် အဆင်မပြေပါဘူး။ ကျွန်တော်တို့တွေလို နယ်မြို့တွေဘက်မှာက MRTV-4 နဲ့ Channel-7 လို လိုင်းတွေတောင် ဖမ်းလို့ မရသေးတာတွေ ရှိတယ်။ လေးနှစ် တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲကို ကျွန်တော်တို့ တောသားတွေလည်း ကြည့်ချင်ပါတယ်။ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို မြန်မာနိုင်ငံမှာ လူတန်းစားခွဲပြီး ကြည့်ခွင့်ရသလို ဖြစ်နေတယ်ဗျာ” ဟု ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့မှ ဘောလုံးပရိသတ်တစ်ဦး ဖြစ်သည့် ကိုစိန်ဝင်းက ပြောသည်။

စကိုင်းနက် ရုပ်သံလိုင်းကို ၀ယ်ယူကြည့် ရှုမည်ဆိုပါက ကနဦးတပ်ဆက်ခ ငွေကျပ်တစ်သိန်းခန့် ကုန်ကျ မည်ဖြစ်ပြီး လစဉ်ကြေး အဖြစ် တစ်လလျှင် ၁၃,၅၀၀ ကျပ် ကျသင့် မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အခ ပေး ရုပ်သံလိုင်းများ ပေါ်ပေါက်လာပြီး နောက် ပိုင်း မြန်မာဘောလုံး ပရိသတ်များသည် ဥရောပဖလား၊ ပရီးမီးယားလိဂ်စသည့် ဘောလုံးပြိုင်ပွဲများအပြင် မြန်မာနေရှင်နယ် လိဂ် ပွဲစဉ်များနှင့် မြန်မာ့လက်ရွေးစင်အသင်း၏ နိုင်ငံတကာခြေစမ်းပွဲများကိုပင် အခမဲ့ ရုပ်သံလိုင်းမှ တိုက်ရိုက်ကြည့်ရှုခွင့် ဆုံးရှုံးနေရသည်။

၂၀၁၄ ကမ်္ဘာ့ဖလားပွဲစဉ်များကို အာဆီယံဒေသတွင်း နိုင်ငံများအားလုံးတွင် အခမဲ့လိုင်းများမှ ထုတ်လွှင့်ပြသမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးမှ ထုတ်လွှင့်ရန် မူပိုင်ခွင့်ရထားသော ရုပ်သံလိုင်းများကလည်း သက်ဆိုင်ရာနိုင်ငံအသီးသီးတွင် အခမဲ့ပြသရန် ကြေညာထားသည်။ 
Mizzima - News in Burmese
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment