ရွှေတိဂုံ စေတီအနီး အထပ်မြင့် စီမံကိန်းများ ဖျက်သိမ်းကြောင်း ထုတ်ပြန်ပေးရန် အစိုးရ ပျက်ကွက်

ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့၏ အစည်းအဝေးကို ရွှေတိဂုံစေတီတော် အနီး မင်္ဂလာမဏ္ဍိုင် ကျောင်းတိုက်တွင် ဇူလိုင်လ ၆ ရက်နေ့က ပြုလုပ်နေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရွှေတိဂုံ စေတီတော် အနီးရှိ အထပ်မြင့် အဆောက်အအုံ စီမံကိန်းများကို ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ပေးရန် ကတိကို အစိုးရဘက်မှ ပျက်ကွက်ခဲ့သဖြင့် ရွှေတိဂုံ စေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့၏ မူလလုပ်ငန်းစဉ်များအတိုင်း စီမံကိန်းများ ဖျက်သိမ်းသည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဟု ယင်းအဖွဲ့က ထုတ်ပြန်လိုက်သည်။
အဖွဲ့၏ မူလလုပ်ငန်းစဉ်များဖြစ်သည့် စေတီတော် အနီးရှိ အထပ်မြင့် အဆောက်အအုံ စီမံကိန်းများကို ကန့်ကွက်ကြောင်း ကြေညာချက်များ၊ လက်ကမ်းစာစောင်များ၊ စတစ်ကာများ ဖြန့်ဝေခြင်း၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့ဆန္ဒ လက်မှတ်များ ကောက်ခံပြီး အစိုးရအဖွဲ့များထံသို့ ပေးပို့ကာ စီမံကိန်းများ ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရဘက်မှ လိုက်လျောခြင်း မရှိသေးပါက လူထုဆန္ဒပြပွဲများကို တနိုင်ငံလုံးတွင် လုပ်ဆောင်သွားမည်ဟု သိရှိရသည်။
ရွှေတိဂုံ စေတီတော် အနီး မင်္ဂလာမဏ္ဍိုင် ကျောင်းတိုက်၌ ဇူလိုင်လ ၆ ရက်နေ့က ပြုလုပ်သော ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်များအရ “ဒဂုံစီးတီး စီမံကိန်းအပါအဝင် အခြားစီမံကိန်းများ လုံးဝ ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်သည်အထိ ဆက်လက် ဆောင်ရွက်သွားမည်” ဟူသော အချက်အပါအဝင် အထူးကြေညာချက် ၆ ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်နှင့် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းတို့က Dagon City – 1 စီမံကိန်း အပါအဝင် စေတီတော် အနီးရှိ အထပ်မြင့် အဆောက်အအုံ စီမံကိန်းများကို လုံးဝဖျက်သိမ်းပေးရန် ကြေညာချက်ကို ၁၅ ရက်အတွင်း ထုတ်ပြန်ပေးမည်ဟု ဇွန်လ ၂၀ ရက်နေ့က ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အား ကတိပြုခဲ့သော်လည်း အစိုးရ တာဝန်ရှိသူများဘက်မှ ၁၅ ရက် ကျော်လွန်သွားသည်အထိ မည်သည့် ကြေညာချက်မှ ထုတ်ပြန်ပေးခြင်း မရှိသည့်အတွက် ယင်းကဲ့သို့ အစည်းအဝေး ကျင်းပ၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လူထုဆန္ဒပြပွဲ ပြုလုပ်မည့် နေ့ကို ဇူလိုင်လ ၁၉ ရက်နေ့တွင် အဖွဲ့ဝင်များကို အစည်းအဝေးထပ်မံ ခေါ်ယူပြီး ဆုံးဖြတ်မည် ဖြစ်ကြောင်း အဖွဲ့က ထုတ်ပြန်သည်။
အဖွဲ့၏ ဦးဆောင်ဆရာတော် တပါးဖြစ်သည့် မကွေးကျောင်း ဆရာတော် ဦးပါမောက္ခက နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းနှင့် ဗိုလ်ချုပ် ထွန်းထွန်းနောင်တို့၏ ရာထူးနှင့် အာဏာအရ ၄င်းတို့၏ ကတိစကားကို ယုံကြည်ခဲ့သော်လည်း ဖြစ်မလာခဲ့ကြောင်း မိန့်သည်။
ဆရာတော် ဦးပါမောက္ခက “အရှည်ကြည့်လိုက်ရင် ရွှေတိဂုံ စေတီတော်ကြီးကိုလည်း လိမ်တယ်။ ရဟန်း သံဃာတော်တွေကိုလည်း ညာတယ်။ အဲဒီအတွက်ကြောင့် ပြည်သူပြည်သားအပေါင်းကို မလိမ်ရဲစရာ၊ မညာရဲစရာ ဘာတခုမှ မရှိတော့တဲ့အတွက် နိုင်ငံတော် အစိုးရအပေါ်မှာ ပြည်သူများကနေပြီးတော့ အယုံအကြည် မဲ့သွားနိုင်ပါတယ်။ စကားတလုံးကို လွယ်လွယ်နဲ့ ကတိမပေးသင့်ပါဘူး” ဟု ဧရာဝတီကို မိန့်သည်။
ထို့ကြောင့် ယခုတခေါက်တွင် အစိုးရ တာဝန်ရှိသူများဘက်မှ မည်သည့် နှုတ်ကတိကိုမျှ လက်ခံတော့မည် မဟုတ်ဘဲ လက်ရှိတွင် စီမံကိန်း ခေတ္တရပ်ဆိုင်းထားရာ Dagon City- 1 စီမံကိန်း ဧရိယာအတွင်းရှိ စီမံကိန်းအတွက် တည်ရှိနေသော ပစ္စည်းများနှင့် အလုပ်သမားများအားလုံးကို မျက်မြင်ကိုယ်တွေ့ ဖယ်ရှားပေးမှသာလျှင် လက်ခံနိုင်လိမ့်မည်ဟု ဆရာတော်က မိန့်ကြားခဲ့သည်။
၁၅ ရက်အတွင်း သမ္မတရုံးမှ ကြေညာချက် ထုတ်ပြန်ပေးနိုင်ရန် ဆောင်ရွက်ပေးမည်ဟူသော ယင်းကတိကို စစ်တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်နှင့် ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းတို့က အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ၏ ၂ နှစ်ပြည့် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ပထမရက်ဖြစ်သည့် ဇွန်လ ၂၀ ရက်နေ့က ပေးခဲ့ခြင်း ဖြစ်ကြောင်း ဆရာတော် ဦးပါမောက္ခ၏ မိန့်ကြားချက်အရ သိရှိရသည်။
သို့သော်လည်း ယခုလက်ရှိတွင် နိုင်ငံတော် သမ္မတသည် ပြည်ပ ခရီးလွန်နေသည့်အတွက် သမ္မတရုံးမှ ကြေညာစာ ထုတ်ပြန်ရန် နှောင့်နှေးနေခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး ဦးစိန်မော်က ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းက ဆရာတော်အား ဖုန်းဆက်လျှောက်ထားသည်ဟု မိန့်သည်။
အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ရန်ကုန်တိုင်း သာသနာရေးမှူး ဦးစိန်မော်ထံသို့ ဧရာဝတီမှ ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းက ဖုန်းဆက်မေးမြန်းခဲ့ရာ ၄င်းအနေနှင့် မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း တုံ့ပြန်ခဲ့သည်။
ခရမ်းရောင် သာတူညီမျှ ဥပဒေလုပ်ငန်း (Purple Equity Law Firm) မှ အထက်တန်းရှေ့နေ ကိုဖိုးဖြူက စေတီအနီးရှိ အထပ်မြင့် အဆောက်အအုံ စီမံကိန်းများ အားလုံးကို အပြီးသတ် ရပ်ဆိုင်းပေးရန် ပြည်သူများ၏ လက်မှတ်များကို စုစည်းပြီး စာ ၃ စောင် ပြင်ဆင်ကာ နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နယကနှင့် ယင်းစီမံကိန်းများသည် တပ်ပိုင်မြေပေါ်တွင် တည်ရှိနေသည့်အတွက် တပ်ပိုင်မြေ စီမံခန့်ခွဲမှုများအတွက် အဓိက တာဝန်ရှိသူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံတို့သို့ ဥပဒေကြောင်းအရ မေတ္တာရပ်ခံစာနှင့် အကြောင်းကြားစာများ အသီးသီး ပေးပို့နိုင်ကြောင်း ဆိုသည်။
ကိုဖိုးဖြူက “အတိုက်အခံ လုပ်တာမျိုး ဒါမှမဟုတ်လည်း ဆန့်ကျင်တဲ့ သဘောမျိုး မဟုတ်ဘဲနဲ့ ဥပဒေလမ်းကြောင်းအရ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းကို တင်ပြခြင်း၊ ဆွေးနွေးခြင်း သက်သက်ပဲ ဖြစ်တယ်” ဟု ပြောသည်။
စေတီတော် အနီးရှိ စီမံကိန်း ၅ ခုအနက် Dagon City -1 စီမံကိန်းအား တာဝန်ယူ ဆောက်လုပ်နေသည့် Marga Landmark ကုမ္ပဏီ၏ သတင်းနှင့် ပြန်ကြားရေးအတွက် တာဝန်ရှိသူ တဦးက ၎င်းတို့အနေဖြင့် စီမံကိန်း၏ Master Plan ကို သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများမှ နောက်ဆုံးအဆင့် အနေဖြင့် ကြည့်ရှုစစ်ဆေးနေသည်ကိုသာ သိရှိထားပြီး Dagon City -1 နှင့် ပတ်သက်သည့် နောက်ပိုင်း အစီအစဉ်များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ တရားဝင် အသိပေး ကြေညာချက်များ မရသေးကြောင်း ဧရာဝတီကို ဇွန်လ ၂၂ ရက်နေ့က ပြောဆိုခဲ့သည်။
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး (မ.ဘ.သ) အဖွဲ့မှ ဆရာတော် ၁၁ ပါးက ဦးဆောင်ဆရာတော်များအဖြစ် ပါဝင်ပြီး အခြား သံဃာ့အဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ ဝံသာနုရက္ခိတ အသင်းအဖွဲ့များ ပူးပေါင်း ဖွဲ့စည်းထားသော “ရွှေတိဂုံစေတီတော် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့” သည် ဇွန်လ ၁၇ ရက်နေ့က စေတီတော် ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ စာတမ်းဖတ်ပွဲတခု ကျင်းပကာ စေတီတော်၏ ကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သော စေတီအနီးရှိ စီမံကိန်းများအားလုံးကို အပြီးသတ် ဖျက်သိမ်းပေးရန် ယင်းစာတမ်းဖတ်ပွဲမှတဆင့် တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် လုပ်ငန်းစတင် ဆောင်ရွက်နေခဲ့သည့် Dagon City-1 ကို စီမံကိန်း ယာယီရပ်ဆိုင်းရန် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့က ညွှန်ကြားခဲ့ပြီး ယဉ်ကျေးမှု အမွေအနှစ်များအပေါ် သက်ရောက်မှု မဖြစ်စေရန် ပြန်လည် ဆန်းစစ်မှုများ ပြုလုပ်လျက် ရှိသည်။
ယင်းစီမံကိန်း ၅ ခု တည်ရှိရာ ရွှေတိဂုံ စေတီတော် အနီးရှိ ၇၂ ဧကခန့် ကျယ်ဝန်းသော တပ်ပိုင်မြေသည် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပုဂ္ဂလိက လုပ်ငန်းစု ၅ ခုအား ငှားရမ်းထားခြင်း ဖြစ်ပြီး ငှားရမ်းခအဖြစ် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၈ သန်းကျော် ရရှိမည့် စီမံကိန်းများ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဇောတိက ဦးခင်လှိုင်၏ ထုတ်ဖော်ပြောကြားချက်အရ သိရှိရသည်။
ဗိသုကာ ပညာရှင်များနှင့် ဘူမိဗေဒ ပညာရှင်များကလည်း ယင်းအထပ်မြင့် စီမံကိန်းများကြောင့် ရွှေတိဂုံ စေတီတော်ကြီးကို အဝေးမှ ဖူးမြင်နိုင်သည့် မြင်ကွင်းလမ်းကြောင်းများကို ကွယ်သွားစေနိုင်ပြီး စီမံကိန်းအတွက် မြေတူးဆွခြင်း၊ အဝီစိတွင်း တူးဖော်ခြင်းတို့ကြောင့် သဘာဝ ဂေဟစနစ်များ ယိုယွင်းပြီး စေတီတော်၏ ကုန်းမြေကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သည့်အတွက် စီမံကိန်းများကို ပြန်လည်သုံးသပ်ပေးရန် အစိုးရ အဖွဲ့များထံသို့ မေလအတွင်းက တောင်းဆိုထားခဲ့ဖူးသည်။
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment