ရန်ကုန်မြို့ စိမ်းလန်းစိုပြည် ဥယျာဉ်တွင် ပြုလုပ်သော LGBT နှင့် ပတ်သက်သည့် အခမ်းအနား (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ) |
“တရားဥပဒေအရ ကူညီတဲ့ နေရာမှာ ဥပဒေ အကြံပေးတာမျိုး ရှိတယ်။ တခြား အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အမှုလိုက်တာမျိုးတွေ အမှုရင်ဆိုင်ပေးတာမျိုးတွေ လုပ်ပါတယ်။ တနိုင်ငံလုံးတော့ မဟုတ်သေးပါဘူး။ အခုလောလောဆယ် လှိုင်သာယာ၊ မော်လမြိုင်နဲ့ ပြည်မြို့တွေမှာ လုပ်နေပါတယ်”ဟု LGBT အခွင့်အရေး ကူညီပေးနေသည့် Colour Rainbow အဖွဲ့ ဦးဆောင်သူ ကိုလှမြတ်က ဧရာဝတီကို ပြောသည်။
လိင်တူချစ်သူ LGBT များကို Colour Rainbow အဖွဲ့က ဥပဒေဆိုင်ရာ အကူအညီပေးရခြင်းသည် LGBT များအတွက် တရားဥပဒေ စိုးမိုးသည့် လူမှုပတ်ဝန်းကျင် ပေါ်ပေါက်လာစေရန်၊ ဥပဒေဆိုင်ရာ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို လက်လှမ်းမီနိုင်စေရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း ကိုလှမြတ်က ဆိုသည်။
“LGBT တွေကို မသင်္ကာမှုနဲ့ ဖမ်းတယ်။ ပြီးတော့ ရုပ်ဖျက်မှုနဲ့ ဖမ်းတယ်။ မှောင်ရိပ်ခိုမှုနဲ့ ဖမ်းတယ်။ နင်တို့ကိုဖမ်းဖို့ ဥပဒေ မရှိဘူး။ ဒါကြောင့် ဒီဥပဒေတွေကို သုံးပြီးဖမ်းတယ်လို့ ပြောတာတွေ ရှိတယ်။ ဒါတွေက တရားဥပဒေ စိုးမိုးမှု မရှိခြင်းရဲ့ အကျိုးဆက် ဖြစ် လာတာ။ တရားဥပဒေ စိုးမိုးမှု မြှင့်တင်တဲ့ အနေနဲ့ ပိုပြီးလုပ်ရမယ့် အပိုင်းတွေ ရှိလာတယ်လို့ ကျနော် မြင်ပါတယ်”ဟု ကိုလှမြတ်က ပြောသည်။
မြန်မာပြည် အနှံ့အပြားတွင် LGBT နှင့် ပတ်သက်၍ ဖမ်းဆီးမှုများ ရှိနေပြီး အထူးသဖြင့် Transgender(လိင်ပြောင်း)များ ဖြစ်သည့် အမျိုးသမီးအဖြစ် ခံယူသူများကို ဖမ်းဆီးမှု များပြားကြောင်း၊ ဖမ်းဆီးသည့် အခါ၌ မသင်္ကာမှု၊ မှောင်ရိပ်ခိုမူများဖြင့် ဖမ်းဆီးကြကြောင်း LGBT အရေး လှုပ်ရှားနေသူများက ပြောဆိုသည်။
၂၀၁၅ ဇန်နဝါရီလမှ စတင်ပြီး ယခုအချိန်အထိ LGBT များကို ဖမ်းဆီးအရေးယူသည့် အမှုသည် ပျမ်းမျှ ၅၀ ကျော်ခန့် ရှိနေကြောင်း LGTB အရေး ကူညီဆောင်ရွက်နေသည့် ရှေ့နေ ဒေါ်ရီနွယ်ထွန်းက ဧရာဝတီကို ပြောသည်။
မြန်မာရုပ်ရှင် လောကသားများက LGBT များနှင့် ပတ်သက်ပြီး ရိုက်ကူးတင်ပြသည့်အခါ မကောင်းသည့်ဘက်မှ တင်ပြနေသည်ကို တွေ့ရကြောင်း၊ ထိုသို့ တင်ပြနေမှုများကို ပြင်ဆင်နိုင်ရန်အတွက် ရုပ်ရှင်အသိုင်းအဝိုင်းနှင့် ပူးပေါင်းပြီး ပညာပေးမှုများ လုပ်ဆောင် ရန် ရည်မှန်းထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“အခုလို လုပ်ပေးရင်တော့ သူတို့အတွက် အများကြီး ထိရောက်မှု ရှိပါတယ်။ သူတို့မှာ အရင်တုန်းက လူလူသူသူ ဆက်ဆံ မခံရ တာ တွေ အများကြီး ရှိတယ်လေ။ အမှု ရင်ဆိုင်တဲ့ နေရာမှာလည်း တခြား သာမန်သူနဲ့ မတူဘူး။ သူတို့မှာ အခက်အခဲ အများကြီး ရှိတယ်”ဟု ရှေ့နေ ဒေါ်ရီနွယ်ထွန်းက ဆိုသည်။
LGBTစကားရပ်တွင် L ဆိုသည်မှာ Lesbian အမျိုးသမီး အချင်းချင်း ချစ်ခင်နှစ်သက် စိတ်ဝင်စားသူ၊ G ဆိုသည်မှာ Gay အမျိုးသား အချင်းချင်း ချစ်ခင်နှစ်သက် စိတ်ဝင်စားသူ ဖြစ်သည်။ B သည် Bisexual အမျိုးသား အမျိုးသမီး နှစ်မျိုးစလုံးကို ချစ်ခင်နှစ် သက် စိတ်ဝင်စားသူ၊ T သည် Transgender ယောက်ျားမှ မိန်းမသို့ ဖြစ်စေ၊ မိန်းမမှ ယောက်ျားသို့ ဖြစ်စေ လိင်ပြောင်းလဲ ပြုမူ နေ ထိုင် သူများကို သတ်မှတ်ထားခြင်း ဖြစ်သည်။
“လူမှုအသိုင်းအဝန်းမှာ LGBT တွေကို နဂိုကတည်းက ဖယ်ရှား သတ်မှတ်ထားတာ၊ တချို့အမှုတွေဆိုရင် ကိုယ့်ဘက်က ခံရတာ သွားတိုင်တာတောင် ဂရုစိုက် ဖြေရှင်းမပေးတာ ရှိတယ်။ အဲဒီလို ကိစ္စတွေကို မားမားမတ်မတ် ရပ်တည်ပြီးတော့ ဥပဒေပိုင်းဆိုင်ရာ ပြန်လည်တုံ့ပြန်ပေးတဲ့ အဖွဲ့မျိုးတွေကို ကျနော်တို့ ဒေသတွေမှာ အထူးသဖြင့် အဖြစ်များတဲ့ ဒေသမှာ အများဆုံး လိုအပ်နေတယ်” ဟု လူ့အခွင့်အရေး ပညာပေးမှုများ ပြုလုပ်နေသည့် Equality Myanmar မှ ဦးအောင်မျိုးမင်းက ဧရာဝတီကို ပြောသည်။
LGBT များ အနေဖြင့် ရဲများနှင့် နားလည်မှုယူ၍ သရုပ်ပျက် ဝတ်စားဆင်ယင်မှု မဝတ်ရန်၊ လူသိထင်ရှား မြင်သာသည့် နေရာတွင် သွားလာရန်နှင့် LGBT လှုပ်ရှားမှုများကို သိရှိလာစေရန် လုပ်ဆောင်သင့်ကြောင်း LGBT နှင့် ပတ်သက်ပြီး ဆေးပညာပေးမှုများ လုပ်ဆောင်နေသည့် မဂျူးဂျူးကလည်း ပြောဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ လိင်တူချစ်သူများ၏ သမိုင်းဝင် အောင်မြင်မှု တရပ်အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းသည် ၁၉၉၀ ပြည့်နှစ် မေလ ၁၇ ရက်တွင် လိင်တူချင်း တပ်မက်သာယာမှုအား စိတ်ရောဂါ အမျိုးအစားတရပ်အဖြစ် သတ်မှတ်ထားမှုကို ပယ်ဖျက်ပေးခဲ့ သည်။
ထိုသို့ ပယ်ဖျက်ပေးခဲ့သည့်နေ့ကို အစွဲပြုပြီး IDAHO (လိင်တူ ချစ်သူများအပေါ် ရွံရှာမုန်းတီးမှုများအား ကန့်ကွက် ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာနေ့) အခမ်းအနားများ၊ ညီလာခံများ၊ ပညာပေး ဟောပြောပွဲများ၊ စီတန်းလှည့်လည် လမ်းလျှောက်ပွဲများကို ကမ္ဘာတဝန်းရှိ မြို့ကြီးအသီးသီး၊ ဒေသအသီးသီးတွင် ယနေ့ချိန်အထိ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစပြီး IDAHO အခမ်းအနားကို ရန်ကုန်မြို့ အပါအဝင် တခြားမြို့ကြီးများတွင် စတင်ကျင်းပခွင့် ရရှိခဲ့ပြီး မေလ ၁၇ ရက်နေ့က IDAHO နေ့ အထိမ်းအမှတ်အဖြစ် ကမာရွတ်မြို့နယ် အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည် ဥယျာဉ်တွင် LGBT နှင့် ပတ်သက်သည့် ဟောပြောပွဲများ၊ ဖျော်ဖြေမှု အစီအစဉ်များ၊ ပညာပေးကဏ္ဍများ ပြုလုပ်ခဲ့သည်။
http://burma.irrawaddy.org/news/2015/05/19/75255.html
0 comments:
Post a Comment