KIA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – စတိဗ်တက္ကနာ / ဧရာဝတီ) |
KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းများနှင့် အစိုးရ စစ်ကြောင်းများအကြား ယခုလ ၅ ရက်နေ့ကစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းသို့ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ ဦးသိန်းစိန် အစိုးရထံ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က စာပို့ အကြောင်းကြားထားကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များက ပြောသည်။
ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလမိုင်ဂွန်ဂျာက “မံစီမှာ ဖြစ်တာတွေနဲ့ ပတ်သက်လို့ KIO ဘက်က အစိုးရထံ အသိပေးအကြောင်းကြားစာ ၉ ရက်နေ့က ပေးပို့ထားပြီးဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရက်ဆက်ဖြစ်ပွားနေသည့် ထိုတိုက်ပွဲများအတွင်း သေဆုံး၊ ဒဏ်ရာရရှိမှုများနှင့် ပတ်သက်၍ နှစ်ဘက်တပ်များက အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးသော်လည်း တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများအတွင်း လက်နက်ကြီး ကျည်များ ကျမှန်ပေါက်ကွဲခဲ့သဖြင့် နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။
မံစီမြို့နယ်အတွင်း KIA နှင့်တိုက်ပွဲတွင် အစိုးရစစ်တပ်မှ လေကြောင်း ပစ်ကူခြင်းများ ပြုလုပ်ခဲ့ရပြီး ကချင်တပ်ဖွဲ့၏ ပွိုင့် – ၂၄၅ တောင်ကုန်းကိုပါ သိမ်းယူနိုင်ခဲ့သည်ဟု အခုလ ၈ ရက်နေ့ထုတ် အစိုးရသတင်းများ၌ ဖော်ပြထားသည်။
ထို့အပြင် သစ်မှောင်ခိုများအား လိုက်လံဖမ်းဆီးရာ တရုတ်နိုင်ငံသား ၂ ဦး၊ မြန်မာနိုင်ငံသား ၅ ဦးနှင့်အတူ အရှည် ၉ ပေ ရှိသော ကျွန်းသစ်ဆိုဒ်စုံ ၃၁ လုံး၊ ၆ ဘီးယာဉ် ၁ စီး၊ ၁၀ ဘီးယာဉ် ၂ စီးတို့ကိုလည်း ဖမ်းဆီးရမိထားကြောင်း ထုတ်ပြန် ထားသည်။
ယခုနှစ် ဧပြီလလယ်ပိုင်းအတွင်း ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပက်သက်၍ KIO နှင့် တပ်မတော်တို့ အကြား ဖွဲ့စည်းထားသည့် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တို့ ပူးပေါင်းကွင်းဆင်း စစ်ဆေးမှုများပြုလုပ်ကြရန် သဘောတူညီခဲ့သော်လည်း တပ်မတော်ဘက်က ပျက်ကွက်ခဲ့သဖြင့် အစီအစဉ် ပျက်သွားခဲ့ရသည်။
ကချင်ပြည်နယ်ထဲတွင်း ယင်းသို့ တိုက်ပွဲများ ဖြစ်ပွားနေချိန် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် သိန္နီမြို့နယ်များ အတွင်း၌ တပ်မတော် စစ်ကြောင်းများနှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း TNLA ဘက်မှ စုံစမ်းသိရှိရသည်။
TNLA တပ်ဖွဲ့ဝင်များ လှုပ်ရှားနယ်မြေအတွင်းသို့ တပ်မတော်စစ်ကြောင်းများ အလုံးအရင်းဖြင့် ချီတက်လာသဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး မိုင်းအိုက်ကျော်က ဧရာဝတီသို့ ပြောသည်။
ဗိုလ်ကြီး မိုင်းအိုက်ကျော်က “စစ်ကား အစီး ၇၀ လောက်တက်လာတာ၊ ကျနော်တို့ ပစ်တာ ၄ စီးလောက် ထိသွားတယ်။ တိုက်ပွဲပြီးတော့ တချို့ သိန္နီဘက် ပြန်လှည့်သွားတာတွေ့ရတယ်။ အစိုးရဘက်က အကျအဆုံးရှိတယ်။ အရေအတွက်တော့ မသိဘူး”ဟု ပြောသည်။
အခုလ ၁ ရက်နေ့မှ ၆ ရက်နေ့ထိ “ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီ (UWSP) ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့၌ ပြုလုပ်သော “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေး” တွင် လက်ရှိ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာရန် တိုက်တွန်းထားသည်။
TNLA အပါအဝင် အစိုးရနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အစိုးရထံ တရားဝင် အကြောင်းကြားမှု ပြုလုပ်လာပါက လက်ခံဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။
http://burma.irrawaddy.org/news/2015/05/11/74872.html
0 comments:
Post a Comment