ကိုသန်းလွင် – ကျောင်းကောင်စီ

သားတို့ကျောင်းကဖိတ်စာ တစောင်ပို့လိုက်သည်။ ဖိတ်စာကဒ်မှာ လက်တင်စာတွေရေးထားပါသည်။ “Legatum Pei durantes”  လက်တင်စာမတတ်သောကြောင့် ဘာအကြောင်းရယ်မသိရ၊ Stundent Conncil Investiture” ဟုရေးထား သည်ကိုတွေ့တော့မှ သားတို့ကျောင်းက ကျောင်းကောင်စီကဖိတ်တာဘဲဟု သဘောပေါက်သည်။

ကျွန်တော့်သားတက်နေသောကျောင်းမှာ ဂျူရောင်း ဂျူနီယာကောလိပ် (Jurong Junior Colleage) ဖြစ်ပါသည်။ အာအိုင် တီက ကျောင်းပြီးသောမိတ်ဆွေတဦး၏သားက   တီမားဆက်ကောလိပ်မှာ၊ ဖေ့ (စ်) ဘုခ်တွင် သူတို့သား ကျောင်းကောင်စီ မင်ဘာဖြစ်သောကြောင့် တာဝန်ပေးအပ်ပွဲကို သူတို့သွားတက်ကြကြောင်း သတင်းပေးထားတာကို သွားပြီးသတိရမိသည်။ ကျွန်တော်တို့အဖို့ သည်လိုပွဲကို အလွတ်မခံနိုင်ပါ၊ RSVP  ခေါ် အခမ်းအနားတက်မည်ဆိုလျှင် အကြောင်းပြန်ပါဆိုသော  ဖိတ်ခေါ်စာကို သားကနားမလည်၊ “စာပြန်လိုက်ပေါ့သားရဲ့” ဟု ပြောရသည်။ ဖိတ်စာပေါ်မှာ အီးမေးလ်လိပ်စာပါပါသည်။ သားတို့ ဂျူရောင်းကောလိပ်ကို ယခင်က ကျွန်တော်မရောက်ဖူးပါ။ အထက်တန်းကျောင်းသားတွေမှာ O’ level  အောင် သည်နှင့် ဂျူနီယာကောလိပ် သွားမလား၊ ပိုလီကျောင်းတွေသွားမလားဟု ရွေးစရာဖြစ်လာသည်။ Polytechnic  ဆိုသည်မှာ မြန်မာပြည်က ဂျီတီအိုင်ကျောင်းတွေလို အလုပ်ခွင်မှာ အလုပ်ကျွမ်းကျင်ရေးကို ဦးစားပေးသည့်ကျောင်းတွေဖြစ်ပါသည်။ ကျောင်းပြီးသော် အလုပ်ခွင်ဝင်နိုင်သလို တက္ကသိုလ်ဝင်ခွင့်ကိုလည်း လျှောက်နိုင်ပါသည်။ ကျွန်တော့်သားသည် ပိုလီ ကျောင်းသို့ သွားလိုသူဖြစ်သည်။ မိရိုးဖလာ လမ်းရိုးရိုးကိုသာကြိုက်သော ကျွန်တော်တို့က တက္ကသိုလ်ဝင်ခွင့်ရဘို့ ဂျူနီယာ ကောလိပ်ကိုသာ တက်စေချင်ကြသည်။ စာကခက်သည်။ စာမေးပွဲအောင်ဘို့မလွယ်ဘူးဆိုတာတွေကို ကျွန်တော်တို့ကလက် မခံ၊ ဂျူနီယာကောလိပ်ကိုသာတက်ရမည်ဟု သားကို ကျွန်တော်တို့ တိုက်တွန်းခဲ့ကြသည်။

သူ့အကို ကျွန်တော်တို့သားကြီးမှာ စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ တက်နေပါပြီ။ ထိုကျောင်းသို့မတက်မီ သူက စစ်မှုထမ်း ရစဉ်က သူတို့စစ်သားတွေ ထရိန်နင်ပေးရာကျောင်းမှာ သူက ဆရာလုပ်ရဖူးသည်။ “ဒက်ဒီ ဂျူနီယာကောလိပ်အ သုတ် ဆိုရင် အုပ်ချုပ်ရတာလွယ်တယ် ပေါ်လီက ကျောင်းသားတွေက ခပ်ကြမ်းကြမ်း အုပ်ချုပ်ရတယ်” ဟု ပြောဖူးသည်။ “သားတို့ ကြည့်ရုံနဲ့ သူတို့လာတဲ့နေရာကို ခန့်မှန်းလို့ရတယ်” ဟုလည်း ပြောဘူးသည်။ ဟုတ်လေ မဟုတ်လေသည် မသိရ။ သားက ပြောသောကြောင့် ကျွန်တော်တို့သည် ဂျူနီယာကောလိပ်ကိုသာ သားအငယ်ကို တက်စေချင်ကြသည်။

ကျွန်တော့်သားငယ်သည် ကျွန်တော်တို့ကတွန်းသောကြောင့် ဂျူနီယာကောလိပ်သို့ ၀င်ခွင့်ရခဲ့ပါပြီ။ ကျောင်းကောင်စီ လူ ကြီး အရွေးခံရပါပြီ။ ကျွန်တော်တို့ ကျောင်းသားဘ၀ကမူ ကျွန်တော့်မှာ ခေါင်းဆောင်အရည်အချင်းမရှိ၍ ကျောင်းကောင်စီ လူကြီး မဖြစ်ခဲ့ပါဘူး။ အခု သားငယ် ၁၇ နှစ်သားက ကောင်စီလူကြီးဖြစ်နေပြီဆိုတော့ သားအတွက်  ဂုဏ်ယူမဆုံး၊ အလွန် ပိတိဖြစ်နေကြသောမိဘနှစ်ပါးသည် ဤတာဝန်ပေးအပ်ပွဲကို မလွှဲမသွေ တက်ရပါလိမ့်မည်။

ဂျူနီယာကောလိပ်မှာ ကောင်စီလူကြီး အရွေးခံရဖို့ကိစ္စမှာ မလွယ်ကူပါ။ စင်္ကာပူကျောင်းများမှာ အလယ်တန်းအဆင့်များ မှအစပြု၍ CCA ခေါ် (Co-Curricerlan Activing) မိမိဘာသာ ၀ါသနာပါရာလုပ်ရသော၊ ကျောင်းတွင် အပိုယူရသော အပို သင်ရိုးညွှန်းတမ်း သင်တန်းတွေရှိသည်။ စန္ဒယားအတီးသင်၊ ကျောင်းတီးဝိုင်း၊ ဘက်မင်တန်၊ ဘတ်စကက်ဘော စသည်ဖြင့် သင့်တော်ရာရာကို ဆရာကရွေးပေးလျှင်သော်လည်းကောင်း၊ မိမိက ၀ါသနာပါလျင်သော်လည်းကောင်း အဆိုပြုရွေးချယ်ရ သည်။ ယခုကျောင်းကောင်စီဆိုသည်မှာ အပိုသင်ရိုးညွှန်းတမ်းတွင် အပါအ၀င်တခုဖြစ်ပါသည်။ စီစီအေရမှတ်သည် သား၏ နောင်ရေးတက္ကသိုလ်ဝင်ခွင့်လျှောက်ရာတွင် အလွန်အရေးပါပါသည်။

ကျွန်တော့်သားမှာ မိဘအများသိကြသော၊ စိတ်ညစ်ကြရသော Computer Game တွေ ဆော့တတ်သူများတွင် အပါအ ၀င်ဖြစ်လေရာ Information Technology ခေါ် ကွန်ပျူတာသင်တန်းကိုသာ အထက်တန်းကျောင်းသားဘ၀က တလျှောက် လုံး ယူခဲ့သည်။ လူက၀ပြီး Over Weight ဖြစ်နေလေရာ အမေလုပ်သူက သား၏ စီစီအေကို ဘတ် (စ) ကတ်ဘော သို့ ပြောင်းပါရန် တယ်လီဖုန်းဖြင့် သား၏အတန်းပိုင်ဆရာများထံ အကြိမ်ကြိမ် ဆက်သွယ်ဆော်သြခဲ့ရဖူးသည်။ မိဘကတောင်း ဆိုသောကြောင့် ဘတ် (စ) ကတ်ဘောအသင်းဝင်ဖြစ်သွားရာ မူလအိုင်တီကလည်း ယူမြဲဖြစ်သောကြောင့် ကျွန်တော့်သား သည် စီစီအေ ၂ ခုယူပြီး အထက်တန်းကျောင်း ပြီးခဲ့ရသည်။

သူသည် ကျောင်းမှာပျော်သူဖြစ်သည်။ ကျောင်းက ၇း၂၀ မှာ စပြီးတက်ရာ အမြဲတစေ  ၆း ၄၅  ဆို သူကျောင်းသို့ ရောက် နေပြီ။ စာသင်ခန်းကို ဦးစွာရောက်နေသောကြောင့် စာသင်ခမ်းသော့ကိုင် မော်နီတာဖြစ်လာခဲ့သည်။ ကျောင်းရက်ပျက် သည်မရှိ မိဘစကားကို နားထောင်ရန် ၀န်လေးသော်လည်း အတန်းဆရာက ပြောစကားများကိုမူ တသဝေမတိမ်းနားထောင် တတ်လေသည်။

ဂျူနီယာ ကောလိပ် မှာ ကျောင်းကောင်စီ စီစီအေအတွက် ကျောင်းသား ၆၀၀ ကျော်က အဆိုပြုလွှာတင်ကြလေသည်။ ထိုကျောင်းသား ၆၀၀ ကို မေးခွန်းအတိုလေးတွေ ဆယ်ခုလောက်မေးသည်။ ထိုမေးခွန်းများ၏ နောက်ဆုံးမေးခွန်းမှာ “ What is your core value? ”  ဟုဖြစ်သည်။

မေးခွန်း မှာ အဖြေ နှစ်မျိုးဖြစ်နိုင်သည်။ “သင့်တွင် အကောင်းဆုံးအရည်အချင်း ဘာတွေရှိသနည်း” ဟု ဖြစ်နိုင်သလို “သင် တန်ဖိုးအထားဆုံးအရာမှာ ဘာလဲ” ဟုလည်း ဖြစ်နိုင်ပါသည်။ မေးခွန်းသည် ဖီလိုဆိုဖါများအဖို့ စာမျက်နှာတွေ အများကြီး ရေးခါ ဖြေနိုင်သော အဖွင့်မေးခွန်းဖြစ်နေပါသည်။

ထိုမေးခွန်းများ၏ အဖြေကို ကြည့်ခါ ဆရာတွေက လူ ၁၅၀ ထိရွေးချယ်လိုက်လေသည်။ ထိုမေးခွန်းတွေကို  သားဖြစ်သူက ဘယ်လိုဖြေလိုက်သည်မသိ၊ လူ ၁၅၀ တွင် သားပါလာသည်။ ထိုလူတို့ကို အုပ်စုဖွဲ့ကာ Group Test  အနေဖြင့် ပြဿနာလေး တွေ ဖြေရှင်းခိုင်းကာ ဆရာတို့က ကျောင်းသားတွေကို အကဲခတ်ကြလေသည်။

သားပြောပြသောပြဿနာတခုတွင် ကျောင်းသား ၅ဦးစီကို ၂ အုပ်စုခွဲကာ အခန်း ၂ ခုတွင်ခွဲထားသည်။ သူတို့ သည် စက္ကူ ကဒ်များဖြင့်လုပ်သော တံတားရှည် ၂ ခုကို တည်ဆောက်ရခါ တဖက်နှင့်တဖက် အချိန်အကန့်အသတ်နှင့် တဦးစီ ကိုယ်စား လှယ်လွှတ်ကာ တံတားပုံစံကိုတည်ဆောက်နေကြသည်။ တံတားနှစ်ခု ပုံစံကျကျဆက်နိုင်ရေးမှာ ကိုယ်စားလှယ်လွှတ် လိုက်သူနှစ်ဦး၏ ဆက်သွယ်ရှင်းပြနိုင်ခြင်း အရည်အချင်းပေါ်တွင် မူတည်လေသည်။ အချိန်စေ့သော် တံတားပုံစံနှစ်ခုကို ယူကာ တနေရာထဲတွင် တံတားကြီးတခုဖြစ်အောင် တည်ဆောက်ကြရသည်ဟု ဆိုသည်။ မြန်မာပြည် ဗိုလ်သင်တန်းကျောင်း သားရွေးပွဲတွေမှာလည်း ထိုကဲ့သို့ပြဿနာပုစ္ဆာတွေကို မေးသည်ထင်ပါသည်။

ထို Group Test  မှလွန်သော် လူ ၅၀ ခန့် ကျန်သည်။ ထိုလူငါးဆယ်သည် စင်မြင့်ပေါ်သို့တက်ခါ အောက်က ဒိုင်တွေမေးသော မေးခွန်းကို နားလည်သလို ဖြေရသည်ဟုဆိုသည်။

အင်္ဂလိပ်စကားနှင့် တရုတ်စကားကို အလုပ်ဖြစ်ရုံ ဆက်သွယ်ပြောတတ်ရှာသော ကျွန်တော့်သား စင်မြင့်ပေါ်မှာ ဘာတွေ ပြော၊ ဘာတွေဖြေလိုက်သည်မသိ ကောင်စီလူကြီးကား အရွေးခံရပေပြီ။ စိစစ်ရေုး စာမေးပွဲတွေကို အောင်ခဲ့ပါပြီ။ နောက်ဆုံး ကောင်စီလူကြီး ၃၇ ဦးကို ရွေးချယ်ရာတွင် ပါဝင်လာခဲ့သည်။ သားငယ်သည် ကျောင်းကောင်စီ၏ “ဆက်သွယ်ရေးကော်မီ တီ” ၀င်တဦးဖြစ်လာခဲ့သည်။
(၂)

ကျွန်တော်တို့ကိုပေးလိုက်သော ဆေးရောင်စုံတွေနှင့်ဖိတ်စာသည် VIP ဖိတ်စာဖြစ်ပုံရသည်။ ဖိတ်စာကဒ်ကို ထုတ်ပြသည် နှင့် ကြိုဆိုရေးအဖွဲ့က ကျောင်းသားတယောက်က ကျွန်တော်တို့ကို အခမ်းအနားကျင်းပရာ ခန်းမထဲသို့ အရောက်လိုက်ပို့ပါ သည်။ ရှေ့ဆုံးတန်းမှာ ကျွန်တော်တို့ နေရာချပေးသည်။

အခမ်းအနားစသည်နှင့် “God Save The King” ကဲ့သို့ သောစစ်ချီတီးလုံးနှင့် ကောင်စီလူကြီးတွေ တဖွဲ့စီ ၀င်လာကြပါသည်။ ပရိတ်သတ်က ညီညာဖျဖျ လက်ခုတ်တီးကြိုဆိုကြသည်။ ကျွန်တော့်ရင်ထဲမှာ လူအုပ်ထဲက  မားမားကြီးလျှောက်လာသော အနောက်တိုင်းဝတ်စုံပြည့်ဖြင့် သားကြီးကိုကြည့်ကာ ကြည်နူးမှု အပြည့်ဖြစ်နေမိသည်။ အမေလုပ်သူကိုကြည့်လိုက်တော့ မျက်ရည်တွေစီးကျနေကာ ပြုံးပြုံးကြီးဖြစ်နေလေသည်။
သားသည် တာဝန်ယူတတ်သည့် ကောင်စီလူကြီးဖြစ်နေပေပြီ။ အခမ်းအနားက အလွန်ရိုးရှင်းပါသည်။ ၃၄ ကြိမ်မြောက် ကောင်စီလူကြီးများက ၃၅ ကြိမ်မြောက်ကောင်စီလူကြီးများကို တာဝန်လွှဲအပ်ပွဲဖြစ်ပါသည်။ ဒုတိယကျောင်းအုပ်ကြီးက စကားပြောသည်။ ကောင်စီဥက္ကဌဟောင်းနှင့် ဥက္ကဌအသစ်တို့ စကားပြောကြသည်။ အခမ်းအနားမှူးလုပ်သူကလည်း မိန်း ကလေး နှစ်ယောက် မိုက်ခွက်ကို တဦးစီ တချိန်စီ တာဝန်ယူပြီး အခမ်းအနားကျင်းပသွားပုံမှာ သေသပ်ပိရိလှပါသည်။စင်္ကာပူ တကျွန်းလုံး ဂျူနိယာကောလိပ်များမှ ကျောင်းကောင်စီကိုယ်စားလှယ်တွေကိုလည်း ဖိတ်ထားသည်ကို တွေ့ရသည်။ ကျောင်းယူနီဖေါင်း တံဆိပ်အမျိုးမျိုးဖြင့် လူငယ်လေးတွေကို ကြည့်ရသည်မှာ အားရစရာကောင်းသည်။ သူတို့သည်  အခုလို ပွဲတွေမှာ တဦး နှင့်တဦး တွေ့ဆုံကာ အတွေ့အကြုံတွေ ဖလှယ်ကြပါလိမ့်မည်၊ သူတို့ကလေးတွေသည် တချိန်တွင် စင်္ကာပူ နိုင်ငံကို ဦးဆောင်ကြပါလိမ့်မည်။ သူတို့သည် အနာဂါတ်၏ခေါင်းဆောင် ကလေးများဖြစ်ကြပါသည်။
(၃)

ကျွန်တော်တို့ မရိပ်စားမိလျှင် ရှိစေ၊ ခေတ်ကြီးကပြောင်းနေပါပြီ IT – Information Technology နှင့်အတူ  Network  တွေ Social Media တွေနှင့် တိုးတက်သော ပို၍လွတ်လပ်သော မြို့တော်ကြီးများ၊ နိုင်ငံရပ်ခြားမှာ  လူတို့၏ယဉ်ကျေးမှုပုံစံသည် တိုးတက်ပြောင်းလဲနေသော အချိန်ဖြစ်ပါသည်။ ဟောင်းနွမ်းအိုမင်းသော လူနေမှုစနစ်သည် အဆုံးသတ်ခါ အသစ်တက် လာသော ခေတ်လူငယ်တို့၏ ယဉ်ကျေးမှုဆက်ဆံရေးပုံစံသည် အစားထိုး၍၀င်ရောက်လာတော့မည်မှာ သေချာပါသည်။

ခေတ်သစ်ကို အရင်ဆုံး တွေ့ထိကြိုဆို၊ အသစ်တွေကိုဖန်တီးကြမည့်သူများမှာ လူငယ်တို့ဖြစ်ပါသည်။ ယနေ့တိုင်းပြည်၏ ကံကြမ္မာကို ဆုံးဖြတ်နေသူများသည် ထိုလူငယ်တို့၏အင်အားကို အသုံးချရန်လိုအပ်ပြီး တိုးတက်လာသောလူငယ်များကို နေရာမပေးဘူးဟုဆိုလျှင် အသွင်ကူးပြောင်းရေးအချိန်သည် အဖုအထစ် အန္တရာယ်တွေ များပြားမှာသေချာပါသည်။

ထို့ကြောင့် နိုင်ငံတော်၏ အနာဂါတ်ကို တာဝန်ယူကြရမည့် ယနေ့ကလေးငယ်များအဖို့ နိုင်ငံတော်၏ ရေးရာကိစ္စ များနှင့် ပတ်သက်၍ အပြုသဘောမြင်နိုင်ကြရန် အရေးကြီးပါသည်။ ထိုလူငယ်များ၏အသံကို နားထောင်ရန်  ထိုလူငယ်ကလေးများ ကိုနေရာပေးရန် တာဝန်မှာ ယနေ့လူကြီးတွေ၏တာဝန်ဖြစ်ပါသည်။

တရုတ်ပြည်ကြီး၏ ကျောင်းသားလှုပ်ရှားမှုများကိုလည်းကောင်း၊ ဟောင်ကောင်မှ ဒီမိုကရေစီ ရေးတောင်းဆိုနေကြသော   လူငယ်ထု၏ဆန္ဒကိုလည်းကောင်း၊ ကမ္ဘာက အထင်အရှား တွေ့မြင်ကြပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးကို ဦး ဆောင်တောင်းဆိုခဲ့ကြသည့် ကိုနုတို့ ကိုအောင်ဆန်းတို့မှာလည်း သူတို့တော်လှန်ရေးဘ၀သဘောတရားများကို တက္ကသိုလ် တက်သည့်လူငယ်ဘ၀မှာပင် သူတို့ရင်ထဲ၌ အစပျိုးခဲ့ကြခြင်းဖြစ်ပါသည်။ ယနေ့လူငယ်တွေမှာ နိုင်ငံ၏  ကောင်းရာကောင်း ကြောင်းကို မတွေးတော၊ မပါဝင်ရဘူးဆိုလျှင် ကျွန်တော်တို့မှာ အနာဂါတ်မရှိတာနှင့်အတူ တူပင်ဖြစ်ပါသည်။

ကျွန်တော်တို့ နိုင်ငံတွင် စစ်တပ်၏လွှမ်းမိုးအုပ်ချုပ်မှုကြောင့် စစ်တပ်လူတန်းစားနှင့် စစ်တပ်မဟုတ်သော သာမန် လူတန်း စားဟူ၍ ကွဲပြားလျက်ရှိပါသည်။ တာဝန်ရှိသောနေရာ၊ သြဇာအာဏာရှိသောနေရာတိုင်းတွင်  စစ်တပ်မှပုဂ္ဂိုလ်များကိုသာ နေရာပေးထားခြင်းဖြင့် တိုင်းပြည်ကိုချစ်သည်ဟူသော အယူအဆ၀ါဒတွင် ကွဲပြားချက်များရှိနေပါသည်။

နိုင်ငံတော် အစိုးရအနေဖြင့် ထိုကွဲလွဲနေမှုကို ပြုပြင်ရန်လိုပါသည်။ စစ်သား၊ စစ်ဗိုလ်မဟုတ်သည်နှင့် တိုင်းပြည်ထူထောင်ရေး၊ ပြုပြင်ရေးလုပ်ငန်းများတွင် ပါဝင်ရန်မလိုဟုသော အယူအဆမှာ အလွန်မဆီလျော်သောကိစ္စဖြစ်ပါသည်။

တိုင်းပြည် နိုင်ငံဟူ၍ဖြစ်လာသည်နှင့် (Diversify) အမျိုးအမည် ကွဲပြားသောလူမျိုး၊ အယူအဆ၊ မတူညီသော   လူတန်းစားတို့ သည် ရှိကြစမြဲဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်း တန်ဘိုးထားရမည့် (Core Value) ဆိုသည်မှာလည်း မိမိတို့ ယဉ်ကျေးမှု အစဉ်အလာထိမ်းသိမ်းရေးနှင့် တိုင်းပြည်တိုးတက် သာယာဝပြောရေးအတွက် အလုပ်လုပ်လိုစိတ်ရှိရေးတို့ပင် ဖြစ်ပါသည်။

“တရားမျှတ လွပ်လပ်ခြင်း”  ဟုဆိုအပ်သော နိုင်ငံတော်သီချင်းတွင်ပါသည့် လောကပါလတရားမှာကျွန်တော်တို့နိုင်ငံတွင် မရှိမဖြစ် လိုအပ်ပါသည်။
(၄)

ကျွန်တော်သည် ကျွန်တော့်သားငယ်၏ ကျောင်းကောင်စီတာဝန်ပေးအပ်ပွဲမှ များစွာသောစဉ်းစားစရာများနှင့် ပြန်လာခဲ့မိပါ သည်။ ၁၉၉၂ ခုနှစ် ကျွန်တော်စင်္ကာပူသို့ရောက်စကထိုစဉ် က၀န်ကြီးချုပ်ဖြစ်သူ ဂိုချောက်တောင်းက လူငယ်တွေကို အစိုးရ နှင့် လက်တွဲအလုပ်လုပ်ကြဘို့ ဖိတ်ခေါ်သံကို ကြားလိုက်ရဘူးပါသည်။ ယနေ့ ကျွန်တော်တွေ့ခဲ့ရသော ကျောင်း ကောင်စီ လူကြီးတွေကို စုစည်းမြေတောင်မြှောက်ပေးခြင်းမှာ အစိုးရက အစီစဉ်တကျချပေးသောစီမံချက်ဖြစ်သည်ဟု ကျွန်တော် ယုံကြည်ပါသည်။

ကျွန်တော်တို့ ယနေ့တွေ့ကြုံနေရသော မြန်မာနိုင်ငံမှအခြေအနေများကို စဉ်းစားကြည့်နေမိပါသည်။ အဆက်အသွယ် ကောင်းသူများက မိဘများဖန်တီးပေးသော ၀င်ငွေကောင်းသည့် လုပ်ငန်းကြီးများတွင် နေရာယူ ငွေဖန်တီးနိုင်သူများရှိသလို မပြည့်မစုံဖြင့် ပညာကို ကြိုးစားရှာဖွေနေသူများ၊ လုပ်စရာ ကိုင်စရာ အတည်အကျမရှိ လေလွင့်နေသူများ၊ ဆေးစွဲပြီးလမ်းမှား ရောက်နေသူများ၊ ကာရာအိုကေ၊ စားသောက်ဆိုင်၊ ဖြေဖျော်ရေးဆိုင်များတွင်ဖြစ်သလို ကုပ်ကပ်ငွေရှာနေကြရသူများ၊ ဟန်း ဖုံးတလုံးဖြင့် အချိန်ဖြုန်းတီးနေသူများ၊ လ္ဘက်ရည်ဆိုင်ထိုင် လေကန်နေသူများ စသည်ဖြင့် တွေ့နေကြရပါသည်။  တိုင်းပြည် ထူထောင်ရေးလုပ်ငန်းများတွင် အလုပ်လုပ်နိုင်သူက ရာနှုန်း နည်းလွန်းလှပါသည်။

မည်သို့ဆိုစေ ကျောင်းသားအရွယ်လူငယ်များမှာ စာသင်ခန်းအတွင်း ဆရာသင်ကြားပို့ချသည်ကို လေးစားစွာ နာယူသင် ကြားနေကြသည်ကိုသာ တွေ့မြင်လိုလှပါသည်။ အထွေထွေ ပုစ္ဆာရပ်တွေကို ဖြေရှင်းနေကြသည်ကိုသာ တွေ့မြင်လိုပါသည်။ တိုင်းပြည်၏အခြေအနေ အနာဂါတ်အပေါ် မကောင်းမြင်နေသောကလေးတွေ မဖြစ်စေချင်ပါ။

ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း လူငယ်များကို မြေထောင်မြှောက်ပေးရပါလိမ့်မည်။ ထိုသို့မဟုတ်မူ ယနေ့ ကျောင်း သားထု၏ လွတ်လပ်သောအမြင် အယူအဆတို့နှိပ်ကွပ်ရန်ကြိုးစားနေမည်ဆိုလျှင် မိမိကိုယ်ကို အန္တရာယ်ဖြစ်အောင် ဒုက္ခ ပေးနေခြင်းသာဖြစ်သည်ဟု ကျွန်တော်ယူဆပါသည်။

ကိုသန်းလွင်http://gita.cc/archives/43730
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment