အဆိုပါ တအာင်းအမျိုးသားညီလာခံသို့ တက်ရောက်ရန်အတွက် ရှမ်းပြည်နယ်တဝှမ်းလုံးတွင် နေထိုင်ကြသော မြို့နယ် ၂၁ မြို့နယ်ရှိ တအာင်းလူတန်းစားအလွှာ အသီးသီးအား ဖိတ်ကြားသွားမည်ဖြစ်ပြီး ညီလာခံသို့တက်ရောက်ရန် ကိုယ်စားလှယ် ၈၀၀ နီးပါး ဖိတ်ကြားသွားမည်ဟု ညီလာခံဖြစ်မြောက်ရေးကော်မတီ၏ အတွင်းရေးမှူး မိုင်းမျိုးအောင်ကပြောပါသည်။
ညီလာခံတက်ရောက်ဖို့ မြို့နယ် ၂၁ မြို့နယ် ဖိတ်ထားတယ် အဲဒီ ၂၁ မြို့နယ်အပြင် အထူးဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ် တချို့ဆို ဘယ်မြို့နယ်မှ မပါသေးတဲ့ သူတွေကိုလည်း မြို့နယ်မသတ်မှတ်ဘဲ ပါဝင်သင့်တဲ့သူတွေ ပါဝင်နိုင်အောင် ကျနော်တို့ဖိတ်မယ်။ အထူးသဖြင့် နိုင်ငံရေးအဖွဲ့အစည်းတွေက ဘယ်သူတွေပါဝင်သင့်သလဲ အဖွဲ့အစည်း အသီးသီးအပြင် တတ်သိပညာရှင်တွေ တအာင်းဝန်ထမ်းတွေကအစ အားလုံးပါဝင်မယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အနုပညာရှင်တွေကအစ ပါဝင်မယ်။ ဋ္ဌာနပေါက်းစုံပါဝင်နိုင်အောင်တော့ အစီစဉ်ဆွဲထားတယ်။ ရက်အနည်းငယ်အတွင်းမှာ အလွှာပေါင်းစုံ ဆွေးနွေးနိုင်အောင်လဲ ကျနော်တို့ နည်းလမ်းတွေရှာမယ် ဟု မိုင်းမျိုးအောင်ကပြောသည်။
တအာင်းအမျိုးသားညီလာခံ ဖြစ်မြောက်ရေးကော်မတီအား လူဦးရေ ၁၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ထို ၁၅ ဦးထဲတွင် တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ၄ ဦး တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့မှ ၄ဦးနှင့် တအာင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ၇ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။
တအာင်းအမျိုးသားညီလာခံကျင်ပမည့် ၃ ရက်တာတွင် ဆွေးနွေးရမည့် အကြောင်းအရာများ ၁၀ ချက်လျာထားသော်လည်း အတည်ပြုချက်မရရှိသေးကြောင်း မိုင်းမျိုးအောင်ကဆိုသည်။
အဓိကဆွေးနွေးမည့် အကြောင်းအရာများအဖြစ် လက်ရှိနိုင်ငံရေးအခြေအနေ ငြိမ်းချမ်းရေး တအာင်းအမျိုးသားလက္ခဏာ လူမှုရေးပြဿနာ အမျိုးသားအလံ နှစ်သစ်ကူး ရုံးသုံးဘာသာစကားနှင့် ရုံးသုံးစာ စသည့်အကြောင်းအရာများအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အရင်းအမြစ်- Kaung Saing မားနဂါးဂျာနယ်
0 comments:
Post a Comment