မသန်စွမ်း အခွင့်အရေးဆိုင်ရာ အစီအရင်ခံစာ ကုလသမဂ္ဂသို့ မြန်မာအစိုးရ မတင်သွင်းနိုင်သေး

မသန်စွမ်းသူများကို တွေ့ရစဉ် (ဓာတ်ပုံ – မြတ်စုမွန်)

မသန်စွမ်းသူများ၏ အခွင့်အရေး၊ ရပိုင်ခွင့်များနှင့် ပတ်သက်သည့် အစီအရင်ခံစာကို မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးကော်မတီသို့ တင်သွင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်အရ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စာချုပ်အာဏာ သက်ရောက်သည့် ၂ နှစ်အတွင်း အစီအရင်ခံစာ တင်သွင်းရန်ဖြစ်ပြီး နောက်ဆက်တွဲ အစီအရင်ခံစာများကိုလည်း အနည်းဆုံး ၄ နှစ်တကြိမ် တင်ပြရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် စာချုပ်ကို ၂၀၁၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အစီအရင်ခံစာ ပြုစုရေး အတွက် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကာ တခြားသော ကဏ္ဍများတွင်လည်း လုပ်ငန်းများ ဆောင်ရွက်နေရကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

“တချို့အဖွဲ့ဝင် နိုင်ငံတွေလည်း အစီအရင်ခံစာ မတင်နိုင်သေးတာတွေ ရှိပါတယ်။ ကျမတို့မှာလည်း လေးနှစ်ပြည့်ပြီ ဖြစ်ပေမယ့် အဆင်သင့် မဖြစ်သေးပါဘူး” ဟု INGO အဖွဲ့တဖွဲ့ဖြစ်သော World Learning မှ Program coordinator ဒေါ်မေပုလဲသွယ်က ဧရာဝတီသို့ ပြောသည်။

မသန်စွမ်း အခွင့်အရေးများနှင့် ပတ်သက်၍ အစိုးရအနေဖြင့် မသန်စွမ်းအဖွဲ့အစည်း (DPO) များအပေါ် ပံ့ပိုးမှုများပြုလုပ်ပေးရန် လိုအပ်နေပြီး ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက် ပိုမိုလုပ်ဆောင်သွားရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ မျက်မမြင်များအသင်း အလုပ်အမှုဆောင် ဦးဇော်လင်းထွန်းက ပြောသည်။

အစီအရင်ခံစာနှင့် ပတ်သက်၍ မသန်စွမ်းအဖွဲ့အစည်း (DPO) များကိုယ်တိုင် ကြိုးပမ်းလုပ်ဆောင်မှု များလည်း ရှိနေပြီး အစိုးရအနေဖြင့် အချက်အလက်များ ပူးပေါင်းဆောင်ရွက်မည် ဆိုပါက ယခုထက်ပိုမို မြန်ဆန်လာမည်ဖြစ်ကြောင်း ဒေါ်မေပုလဲသွယ်က ပြောသည်။

အစိုးရအနေဖြင့် မသန်စွမ်းများအပေါ် ခြေလက်အင်္ဂါ ချို့တဲ့သူ၊ အမြင်ချို့တဲ့သူ၊ အကြားချို့တဲ့သူနှင့် ဉာဏ်ရည်ချို့တဲ့သူ ဟူ၍ ၄ မျိုး ခွဲခြားသတ်မှတ်ထားပြီး ၂၀၁၀ ပြည့်နှစ်တွင် မသန်စွမ်းအဖွဲ့အစည်းများမှ ပြုလုပ်သော စစ်တမ်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းဦးရေမှာ စုစုပေါင်းလူဦးရေ၏ ၂. ၃၂ ရာခိုင်နှုန်း (၁၃သိန်းခန့်) ရှိကြောင်း သိရသည်။

“တချို့နိုင်ငံတွေလည်း အစီအရင်ခံစာ နောက်ကျတာ ရှိပါတယ်၊ အစိုးရရဲ့ ပံ့ပိုးမှုမရှိရင်တောင် DPO တွေ စုပေါင်းပြီး လုပ်နိုင်ပါတယ်” ဟု Harvard တက္ကသိုလ်မှ မသန်စွမ်းရေးရာ ကျွမ်းကျင်သူ Ms.Janet E. Lord က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အစီအရင်ခံစာ အချိန်မီတင်သွင်းနိုင်မည် ဆိုပါက ကုလသမဂ္ဂ အစီအစဉ်အရ ကူညီထောက်ပံ့မည့် မသန်စွမ်းသူများအတွက် လိုအပ်သည့် နည်းပညာ၊ အထောက်အကူပြု ပစ္စည်းများ ရရှိနိုင်မည်ဖြစ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ဒေါ်မေပုလဲသွယ်က ပြောကြားခဲ့သည်။

http://burma.irrawaddy.org/news/2015/05/12/74923.html
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment