ကချင်ပြည်နယ် ဘွန်စစ်ပါ ဒုက္ခသည် စခန်းရှိ ဒုက္ခသည်များ နေထိုင်ကြရသည့် ရွက်ဖျင်တဲများ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ) |
“ဒုက္ခသည်စခန်းက ၄ နှစ် အတွင်း ဝင်လာပြီဆိုတော့ အဆောက်အအုံတွေလည်း ပျက်စီးလာပြီ။ စခန်းက အဆောက်အအုံ အားလုံး ပြန်ပြင်ဖို့ ပြန်ဆောက်ဖို့ လိုနေပါပြီ။ အလှူရှင်တွေလည်း လျော့လာတဲ့အတွက် ကျနော်တို့ အစစ အရာရာ တွေးပူနေရတယ်” ဟု ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဟိန်းဝေါမ်က ဆိုသည်။
၂၀၁၅ ခုနစ် နှစ်ဆန်းပိုင်းမှ ယခုအချိန်အထိ အလှူရှင်များ လာရောက်ကူညီမှု လျော့ကျသွားသဖြင့် ဒုက္ခသည်များ၏ စားဝတ်နေရေး ခက်ခဲလာသည့်အပြင် ကလေးများ ကျောင်းတက်ရာသီ ရောက်ရှိလာတော့မည် ဖြစ်သဖြင့် ကျောင်းသုံးပစ္စည်းများပါ လိုအပ်နေသည်ဟု ဦးဟိန်းဝေါမ်က ဆက်ပြောသည်။
“ဒုက္ခသည် နေအိမ်တွေက ယာယီတဲတွေ ဆောက်ထားတော့ ၄ နှစ်အတွင်းလည်း ရောက်လာတယ်။ ရာသီဥတုကလည်း အချိန်မရွေး အခါမရွေး လေပြင်းမုန်တိုင်း တိုက်ခတ်နိုင်တယ်ဆိုတော့ ယာယီတဲက အဆင်မပြေတော့ဘူး။ ဒါက မေလရောက်တိုင်း ပြသာနာ တခုပါ” ဟု စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီ ပေးနေသည့် ဝမ်ပေါင်နင်းထွဲ အဖွဲ့မှ ဒေါ်မေရီတောင်က ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် မေ ၄ ရက်တွင် လေပြင်း တိုက်ခတ်မှုကြောင့် အင်ခေါင်းပါ ဒုက္ခသည် စခန်းရှိ အိမ်ခြေ ၅၉ လုံး ပျက်စီးသွားပြီး ပြန်လည် တည်ဆောက်ရန် လိုအပ်နေသည်ဟု ဒေါ်မေရီတောင်က ဆက်ပြောသည်။
မကြာမီ မိုးရာသီ ရောက်တော့မည် ဖြစ်သဖြင့် ဒုက္ခသည်များသည် အဆောက်အအုံများကို ကိုယ့်နည်း ကိုယ်ဟန်ဖြင့် ပြုပြင်နေရကြောင်း၊ ရိက္ခာများလည်း လောက်ငမှု မရှိတော့သဖြင့် စားဝတ်နေရေးမှာ တနှစ်ထက်တနှစ် ခက်ခဲလာကြောင်း ဒုက္ခသည် စခန်းအတွင်း နေထိုင်ကြသူများက ပြောဆိုသည်။
အစိုးရ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှ စတင်ပြီး တိုက်ပွဲများ ယနေ့ချိန်ထိ ဆက်တိုက် ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲများကြောင့် ကချင်ပြည်နယ် အတွင်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများ ပျက်စီးခဲ့ပြီး ဒုက္ခသည် လူဦးရေ သိန်းချီ ရှိနေကြောင်း သိရသည်။
http://burma.irrawaddy.org/news/2015/05/13/74958.html
0 comments:
Post a Comment