၂၀၁၅ ခု မေလ ၂၇ ရက်ဟာ စစ်အစိုးရခေါင်းဆောင်ဟောင်း သွားလေသူ ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက် ပြုလုပ်ပေးခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး ပြီးစီးခဲ့တာ ၂၅ နှစ်ပြည့် ငွေရတုတိုင်ခဲ့ပြီဖြစ်ပါတယ်။
နှစ်ပေါင်း ၃၀ လောက် တပါတီအာဏာရှင် စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ ဗိုလ်နေ၀င်းအစိုးရဟာ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှု အရေးတော်ပုံကြီးကြောင့် တခန်းရပ်ခဲ့ရပြီး အရေးတော်ပုံကြောင့် တိုင်းပြည်ချောက်ထဲကျတော့မယ့် အန္တရာယ်ရှိတယ်လို့ အကြောင်းပြကာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့(န၀တ) အမည်ခံ ဗိုလ်ချုပ်စောမောင်ဦးဆောင်တဲ့ စစ်အစိုးရက တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပါတယ်။ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ် ဆက်လက် ရှင်သန်စေခဲ့ပါတယ်။
ဗိုလ်ချုပ်စောမောင်ရဲ့ စစ်အစိုးရ အာဏာသိမ်းပြီး နှစ်နှစ်ခန့်အကြာ ၁၉၉၀ ခုမှာ မြန်မာနိုင်ငံဒီမိုကရေစီဖော်ဆောင်ရေးဆိုပြီး ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးပြုလုပ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ကြေညာတဲ့အတိုင်း စစ်အစိုးရက ကတိတည်ပါတယ်။ အဲဒီနှစ် မေ ၂၇ မှာ ရွေးကောက်ပွဲအောင်မြင်စွာ လုပ်ပေးနိုင်ခဲ့ပါတယ်။ ကတိမတည်တာကတော့ အနိုင်ရပါတီကို အာဏာလုံးဝ လွှဲပြောင်းမပေးခဲ့တာပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက တပါတီထက် ပိုပါဝင်ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲဆိုတာ ရှားပါးပါတယ်။ လက်ချိုးရေတွက်ရင် လက်တဖက်တောင် မပြည့်ပါဘူး။ ၁၉၉၀ ပါတီစုံအထွေထွေရွေးကောက်ပွဲဟာ ၁၉၆၀ ခုနောက်ပိုင်း ပါတီစုံ ပထမဦးဆုံး ပြန်လည်ပြုလုပ်ဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲတခုဖြစ်ပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၁-၅၂ ၊ ၁၉၅၆၊ ၁၉၆၀ ခု တွေမှာသာ ရွေးကောက်ပွဲပြုလုပ်ခွင့်ရခဲ့တာဖြစ်ပြီး ၁၉၆၂ ကနေ ၁၉၉၀ ထိ ဦးနေ၀င်းတပါတီစနစ်ရယ်၊ စစ်အဏာရှင်စနစ်ရယ်ကသာ ဆက်တိုက် အုပ်ချုပ်မင်းမူခဲ့တာဖြစ်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ ပါတီပေါင်းတရာကျော်မှတ်ပုံတင်ခဲ့ပြီး တရာလောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အမတ်နေရာ ၄၉၂ ရှိပြီး အဲဒီရွေးကောက်ပွဲမှာ အဓိကပါတီတွေကတော့ လက်ရှိလူထုကြိုက်နေဆဲဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကနေ အမည်ပြောင်းလဲလိုက်တယ်လို့ဆိုရမယ့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်၊ရခိုင်၊ချင်း၊ ပအိုဝ်တိုင်းရင်းသားတွေရဲ့ပါတီတွေ၊ ဒီမိုကရေစီပါတီတို့ပဲဖြစ်ကြပါတယ်။
ဒီနေရာမှာ ရှာကြံချီးကျူးစရာက စစ်အာဏာရှင်အောက်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဆိုပေမယ့် လွှတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့တယ်လို့ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။ စစ်အာဏာရှင်တွေက ရွေးကောက်ပွဲမှာ သူတို့ရဲ့ခေါင်းကိုင်ဆရာတွေဖြစ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကနေ အမည်ပြောင်းလဲလာတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ လုံးဝအနိုင်ရမယ်လို့ မှန်းထားခဲ့တာကြောင့် ၁၉၉၀ ခု ရွေးကောက်ပွဲမှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို ကြိုတင်မဲကိစ္စ၊ မဲစာရင်းကိစ္စ စတဲ့ပြဿနာတွေ မဖန်တီးခဲ့ကြပါဘူး။
ဒါပေမယ့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေရဲ့ မှန်းဆချက် တက်တက်စင်အောင်လွဲမှားခဲ့ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ခွက်ခွက်လန်အောင်ရှုံးပါတယ်။ အာဏာရှင်တွေရဲ့ တိုင်းပြည်ကို ဆက်လက်အုပ်စီးမယ့် နိုင်ငံရေးမျှော်မှန်းချက်တွေ ပျက်သုန်းခဲ့ရပါတယ်။ တနိုင်ငံလုံးရဲ့ အမတ်နေရာ ၄၉၂ နေရာမှာ ခမောက်အမှတ်တံဆိပ် ကိုယ်စားပြုခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၃၉၂ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၃ နေရာ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် Rakhine Democratic League က ၁၃ နေရာ၊ စပါးနှံ အမှတ်တံဆိပ်ကိုယ်စားပြုခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက ၁၀ နေရာနဲ့ ထိပ်ဆုံးကအသီးသီးအနိုင်ရခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟောင်း စောမောင်ဦးဆောင်တဲ့ န၀တ တဖြစ်လဲ စစ်အစိုးရဟာ အမတ်နေရာရာခိုင်နှုန်းအများစု အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံအာဏာလွှဲမပေးပဲ ဒီမိုကရေစီစနစ် ထွန်းကားနိုင်မှုကို သင်းသတ်ခဲ့ပါတယ်။ အဲဒီသင်းသတ်တဲ့ဒဏ်တွေကို မြန်မာပြည်သူပြည်သားတွေဟာ နောင်နှစ်ပေါင်း ၂၅ နှစ်အကြာ ယခုအချိန်ထိ ပင်ပန်းကြီးစွာ ခံစားခဲ့ရပါတယ်။
၁၉၉၀ ရွေးကောက်ပွဲဟာ အနိုင်ရပါတီကို အာဏာလွှဲပေးဖို့ ကျင်းပတာမဟုတ်ပါ။ အခြေခံဥပဒေရေးဆွဲနိုင်ရေး အမျိုးသားညီလာခံခေါ်ယူဖို့ ကျင်းပတာဖြစ်တယ်လို့ စစ်အစိုးရက အရှက်မဲ့စွာ အကြောင်းပြချက်ပေးပြီး လွှတ်တော်ခေါ်ယူပေးဖို့ အာဏာလွှဲပြောင်းပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
စစ်အာဏာရှင်တွေဟာ အနိုင်ရပါတီနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ပေးပါတယ်။ အမတ်နေရာ အများစုအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချ အပြစ်ပေးသလို ပါတီရဲ့ အဓိကအားထားရတဲ့ အခြားခေါင်းဆောင်တွေ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ပေါ်ထွန်းလာရေး တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမား များစွာကိုလည်း ထောင်ချခြင်း၊ ဖိနှိပ်ခြင်းတို့နဲ့ အမြစ်ပြတ်ချေမှုန်းခဲ့ပါတယ်။
ရွေးကောက်ပွဲအပြီး သုံးနှစ်အကြာ ၁၉၉၃ ခုမှာတော့ စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး(၁) နေရာယူထားသူ ဗိုလ်ချူပ်ခင်ညွှန့်က မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံကို ထုတ်ပြန်ရှင်းလင်းပါတယ်။ အခြေခံဥပဒေရေးဆွဲနိုင်ရေး အမျိုးသားညီလာခံခေါ်ယူဖို့ စတင်အားထုတ်ခဲ့ပါတော့တယ်။
မြန်မာပြည်သူ ပြည်သားတွေအနေနဲ့ လွန်ခဲ့တဲ့ ၂၅ နှစ် ကတည်းက ဒီမိုကရေစီရဲ့ အရသာကို စတင်မြည်းစမ်းခွင့် တရားသဖြင့်ရရှိခဲ့ပေမယ့် စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ် ရက်စက်မှုတွေနဲ့အတူ စတင်ဖူးပွင့်လာနိုင်မယ့် ဒီမိုကရေစီပန်းပွင့်ဟာ ကြေမွခဲ့ရပါတယ်။ ပျက်စီးခဲ့ရပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ စစ်အာဏာရှင်တွေဖိနှိပ်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ မြန်မာပြည်သူပြည်သားတွေရဲ့ ရင်ထဲ နှလုံးသားတွေထဲမှာ ယခုအချိန်ထိ အကင်းမသေသေးသလို ပြင်းထန်စွာ နာကျင်နေကြဆဲ သတိရနေကြဆဲဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ကျဆုံးပါစေ။
(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်။)
http://burma.irrawaddy.org/opinion/viewpoint/2015/05/25/75500.html
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment