အမေရိကန် ဒေါ်လာ ရောင်းဝယ်နေသည့် လိုင်စင်ရ ငွေလဲကောင်တခု (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) |
၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းက အမေရိကန်တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၉၇၀ ၀န်းကျင်သာရှိခဲ့ရာမှ လက်ရှိ အချိန်တွင်မူ အမေရိကန်တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၁၃၆ ကျပ်အထိ ဈေးနှုန်းအထူးမြင့်တက်လာကြောင်း၊ ယင်းသို့ မြင့်တက်မှုသည် ဈေးကွက်တွင် ဒေါ်လာ ၀ယ်လိုအားမြင့်တက်လာခြင်းက အဓိက အကြောင်းအရပ်တရပ်ဖြစ်နေကြောင်း ရန်ကုန်စီးပွားရေးဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
“ရွှေ အရမ်းဝယ်နေတယ်။ ဒေါ်လာလည်း အရမ်းဝယ်နေတယ်။ ဒေါ်လာဝယ်လွန်းတော့ ဈေးတက်ပြီး ရွှေဈေးလည်း လိုက် တယ်။ အခုရွှေဈေးက အကယ်ဒမီအခေါက်ရွှေတကျပ်သားကို ၇၀၁၅၀၀ ဖြစ်နေတယ်။ ဒေါ်လာဈေးတက်လို့ ရွှေဈေးလည်း လိုက်တက်တာ။ အရောင်းအ၀ယ်က လိုသလောက် ရွှေနဲ့ဒေါ်လာ ၀ယ်မရသလိုတောင်ဖြစ်နေတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေကုန်သည်ကြီးတဦးက ပြောသည်။
လတ်တလောဈေးကွက်တွင် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး အမေရိကန်ဒေါ်လာတန်ဖိုးများ မြင့်တက်လျက်ရှိရာ ဗဟိုဘဏ်အနေဖြင့် ဈေးကွက်တွင်းသို့ ၀င်ရောက်စွက်ဖက် ထိန်းသိမ်းရန် ပြင်ဆင်လျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ဒေါ်လာဈေးများ အတက်ကြမ်း လှုပ်ခတ်ခဲ့ချိန်ကလည်း ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် အသုံးပြု၍ ဈေးကွက်တည်ငြိမ်ရန် လုပ်ဆောင်ခဲ့ကြောင်း ဗဟိုဘဏ်ထံမှ သိရှိရသည်။
“ကျနော်တို့ အရင်တခေါက် နိုဝင်ဘာထဲမှာ ဖြစ်သွားတဲ့ အချိန်တုန်းကလည်း ၀င်ပြီး ထိန်းလိုက်ပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့ မှာပေါ့။ ဈေးကွက်ထဲမှာဝင်ပြီး ပုဂလိကဘဏ်တွေရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ဒေါ်လာသန်း ၃၀၀လောက် ရောင်းပြီး ထိန်းညှိလိုက်တာရှိပါတယ်။ အရန်ငွေ ထဲကနေ ထုတ်ပြီး Import လိုအပ်ချက်တွေကို ဖြည့်ဆည်းတဲ့ အနေနဲ့ ရောပေါ့။ ပြီးခဲ့တဲ့တခေါက်မှာ ပြန်ငြိမ်သွားပါတယ်။အခုတခေါက်လည်း လိုအပ်လာရင်တော့ ဒီကိစ္စကို ထိန်းညှိ ကွပ်ကဲ သွားမှာပါ” ဟု ဗဟိုဘဏ်တာဝန်ရှိသူတဦးက ပြောသည်။
ဈေးကွက်တွင် ဒေါ်လာဈေးတက်လာခြင်းသည် ဈေးကစားသည့် သဘောတရားများ ရှိလာ၍ ဗဟိုဘဏ်က ထုတ်ပြန် ထား သည့် ဥပဒေအတိုင်းလုပ်ဆောင်ရန် ငွေလဲကောင်တာများနှင့် ပုဂ္ဂလိက ဘဏ်များ ညွှန်ကြားထားကြောင်း သိရှိရသည်။
“အခုဟာက ဖြစ်သင့်ဖြစ်ထိုက်တာထက် ဈေးကစားမှုပါ ပါလာတဲ့သဘောမျိုး ယူဆတဲ့အတွက် သူတို့ကို ခေါ်ပြီး အသိပေး တာပါ။ ပထမအဆင့်ကတော့ ဗဟိုဘဏ်သတ်မှတ်တဲ့ နှုန်းထားအပေါ် အတိုး၊ အလျော့ ၀ ဒသမ ၈ ဘောင်ထဲကပဲ ရောင်း ဖို့ ပေါ့ဗျာ။ ပြီးလို့ရင် သူတို့မှာ နိုင်ငံခြားငွေ လက်ကျန်၊ လက်ဝယ် ဘယ်လောက်ရှိလဲဆိုတာ ကျနော်တို့ဆီမှာ ရှိတယ်။ အကူး အပြောင်းတွေကလည်း ဘယ်ကိုသွားတယ်ဆိုတာ သိတယ်။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့မှ အမှန်တကယ် သွင်း ကုန် လုပ်ငန်းရှင်တွေ၊ အမှန်တကယ်သွင်းကုန်လုပ်မယ့် ကိစ္စမျိုး တွေကို ရောင်းပေး တာ မဟုတ်ဘဲနဲ့ တဖက်လှည့်နဲ့ အခြား ကုမ္ပဏီတွေကို transfer လုပ် ပြီးတော့မှ အဲ့ကုမ္ပဏီကနေ ဈေးကောင်းနဲ့ ပြန်ရောင်း ဆိုတာမျိုးတွေ လုပ်ခဲ့ရင် ဒါ တွေ လုပ်မလုပ် စစ်ဆေးမယ်ဆိုပြီး သတိပေးလိုက်တာပေါ့” ဟု ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ဆိုသည်။
မေလ ၁၁ ရက်နေ့တွင် ဗဟိုဘဏ်တာဝန်ရှိသူများက လိုင်စင်ရ ငွေလဲလှယ်ရေးလုပ်ကိုင်သူများကို ဒေါ်လာဈေး မြင့်တက် လာ သည့်ကိစ္စနှင့်ပတ်သက်၍ ခေါ်ယူ တွေ့ဆုံ ပြောဆိုမှုများရှိပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ သည်လည်း နေပြည်တော်တွင် ဘဏ် လုပ်ငန်းရှင် များနှင့်တွေ့ဆုံရန် ရှိကြောင်း သိရှိရသည်။
ကမ္ဘောဇဘဏ်၏ အကြံပေး ဦးသန်းလွင်က “နိုင်ငံခြားငွေ အရောင်းအ၀ယ်လုပ်နေတာ ဘဏ်တခုတည်းမှ မဟုတ်တာ။ ငွေလဲကောင်တာတွေ အများကြီးပဲ။ ဒါတွေကိုလည်း ဗဟိုဘဏ်ပဲ ထိန်းကြောင်းရမှာပဲ။ ဘဏ်တွေကိုပဲ ပြောနေလို့ မရဘူး။ နောက် ဟွန်ဒီ ဈေးကွက်ကြီးကလည်း ရှိတယ်။ ဒါတွေက ရမ်းလုပ်လို့မရဘူး” ဟု ပြောသည်။
ဈေးကွက်သဘောတရား အရ ၀ယ်လိုအားများပြီး ရောင်းလိုအား နည်းမှုနှင့် ပစ္စည်းပြတ်လပ်မှု တို့ကြောင့် ငွေလဲလှယ်နှုန်း ထား လှုပ်ခတ်ရခြင်းဖြစ်ပြီး ၀ယ်လိုအားနှင့်ရောင်းလိုအား မျှခြေဖြစ်ရန် ထိန်းသိမ်းနိုင်ပါက ငွေလဲလှယ်နှုန်းထား ပြန်လည် တည်ငြိမ် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များ ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောသည်။
“Supply နည်းလို့ Demand များလို့ ဒီကိစ္စဖြစ်တာ။ အဲဒီတော့ Supply နည်းနည်းလေး ဒီထက် ထပ်တိုးပေး လိုက်မယ် ဆိုရင် ဒီဈေးက အဆင်ပြေသွားမှာပါ။ ဒါပေမယ့် ဘဏ်တွေအကုန်လုံးပေါင်းပြီး ဈေးကွက်ကို ကစားတဲ့သဘောတော့ ရှိ မယ် မထင်ဘူး။ ဒါပေမယ့် တချို့ ဘဏ်ပိုင်ရှင်တွေကလည်း ဓာတ်ဆီရောင်းတဲ့သူတို့ အခြား ပို့ကုန်သွင်းကုန် လုပ်တဲ့ သူတို့ ရှိတော့ သူတို့ ဒေါ်လာတွေ လိုတော့လည်း ၀ယ်ကောင်းတော့ ၀ယ်မှာပေါ့။ ဓာတ်ဆီဆိုင် လုပ်တဲ့သူတွေကို ဓာတ်ဆီ သွင်း ဖို့ လိုတာပေါ့။ အဲဒါလေးတခုတော့ရှိမယ်” ဟု ဦးသိန်းထွန်းက ပြောသည်။
စီးပွားရေးပညာရှင်တချို့ကမူ ဒေါ်လာဈေးရုတ်တရက် တရှိန်ထိုးမြင့်တက်လာခြင်းသည် တိုင်းပြည် သွင်းကုန်များပြား၍ ပို့ကုန်နည်းခြင်းလာခြင်းကြောင့် ကုန်သွယ်ရေးလိုငွေပြကာ ဒေါ်လာလိုအပ်ချက်ကြီးမားလာခြင်း၊ အမေရိကန်၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းကြောင့် နိုင်ငံတကာတွင် ဒေါ်လာတန်ဖိုးပြန်ခိုင်မာလာခြင်းတို့ကြောင့် ဖြစ်သည်ဟု သုံးသပ် ပြောဆိုသည်။
http://burma.irrawaddy.org/business/2015/05/12/74915.html
0 comments:
Post a Comment