စားပွဲထိုးမိန်းကလေးကို ရိုက်နှက်ပြီး အိမ်သာတွင် နှစ်ရက်ခန့် ပိတ်လှောင်

လှိုင်သာယာမြို့နယ် အမှတ် (၂) ရပ်ကွက် ပီမိုးနင်းလမ်းတွင် ဖွင့်လှစ်ထားသော စကားဝါ လက်ဖက်ရည်ဆိုင်တွင် လွန်ခဲ့သော နှစ်ရက်ခန့်က ဆိုင်ပိုင်ရှင် အမျိုးသားက အသက် ၁၇ နှစ်အရွယ် စားပွဲထိုး မိန်းကလေးကို ရိုက်နှက်ကာ နှစ်ရက်ခန့် ပိတ်လှောင်ခဲ့ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များက The Voice သို့ ပြောကြားသည်။

ဇူလိုင်လ ၅ ရက်နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က ယင်းဆိုင်တွင် အလုပ်လုပ်ကိုင်နေသော မဝါဝါခိုင် ထံတွင် ကျပ် ၆၀၀ တွေ့သည်ကို ဆိုင်ပိုင်ရှင်အမျိုးသားနှင့် အမျိုးသမီးတို့က ငွေခိုးသည်ဟု စွပ်စွဲရာမှ ၎င်း၏ ခြေ၊ လက်၊ ကျောကုန်းများကို တံမြက်စည်း၊ ဖိနပ်တို့ဖြင့် နာရီဝက်ခန့် ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် ဆိုင်ရှင်အမျိုးသားက အိမ်သာတွင်း ဇူလိုင် ၆ ရက်နေ့လယ် ၁၂ နာရီခန့်အထိ ပိတ်လှောင်ခဲ့ကြောင်း ပိတ်လှောင်ခံရသူ အသက် ၁၇ နှစ်အရွယ် မဝါဝါခိုင်က ပြောကြားသည်။

ယင်းနောက် ဇူလိုင် ၆ ရက်နေ့လယ် ၁၂ နာရီ နောက်ပိုင်း ပြန်လည် လွှတ်ပေးခဲ့ပြီး အလုပ်လုပ်ကိုင်စေကြောင်း၊ ယင်းနောက် ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲက ဆိုင်အနောက်ဘက် ဗိုလ်ဗထူး ၁၀ လမ်းရှိ လမ်းမှူးရေချိုးသည်ကိုမြင်ကာ ခဲဖြင့်ပစ်ပေါက်ကာ အကူအညီ တောင်းခဲ့ကြောင်း၊ အဆိုပါလမ်းမှူးက အခြားလမ်းမှူးတစ်ဦးထံ အကြောင်းကြား တိုင်ပင်ပြီးနောက် ပြန်လည် ရောက်ရှိလာစဉ် မိန်းကလေးက နောက်ဖေး ခြံစည်းရိုးကို ကျော်တက်ကာ ထွက်ပြေးပြီး အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက် တိုင်တန်းခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။

“သမီးကို ထမင်းလည်း မကျွေးဘူး၊ ရေလည်းမတိုက်ဘူး။ နှစ်ရက်လောက် ထမင်းမစားရဘူး။ ပြန်ထွက်လာတော့ အသားတွေကနာပြီး ဆတ်ဆတ်တုန်နေတာ” ဟု အသက် ၁၇ နှစ်အရွယ် မဝါဝါခိုင်က ပြောကြားသည်။

စာပွဲထိုး အလုပ်သမား မဝါဝါခိုင်ကို ငွေခိုးသည်ဟု စွပ်စွဲကာ ငွေတစ်ရာခိုးသည်ကို တွေ့လျှင် တစ်သောင်းကျပ် ပြန်လျော်ရမည် ဖြစ်ကြောင်း၊ ယခုတွေ့ရှိသည်မှာ ငွေခြောက်ရာ တွေ့သောကြောင့် ခြောက်သောင်းကျပ်လျော်ရန် ဆိုင်ရှင်က ပြောဆိုခဲ့ပြီး ၎င်းမှာ မခိုးယူကြောင်း၊ ယင်းကဲ့သို့ စည်းကမ်းသတ်မှတ်ပါက အလုပ်ထွက်ကာ ရွာပြန်မည်ဟု ပြောဆိုခဲ့ကြောင်း၊ ယင်းနောက်ဆိုင်ရှင်က မိခင်ကို ခေါ်ခိုင်းသည်ကို ပြန်လည်ပြောဆိုရာမှ ရိုက်နှက်ကာ အိမ်သာတွင်း ပိတ်လှောင်ခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲ့ဝင် ဦးငွေလှိုင်က ပြောကြားသည်။

မဝါဝါခိုင်ကို မေလက အလုပ်လုပ်ရာတွင် အဆင်မပြေဟုဆိုကာ ဆိုင်ရှင်က ကျောကုန်းကို ခြေထောက်ဖြင့် ကန်ခဲ့ကြောင်း၊ လက်ထဲတွင်ရှိနေသော ငွေကျပ် ၆၀၀ မှာ လွန်ခဲ့သော နှစ်လခန့်က ဖခင်လာရောက်စဉ်က ပေးခဲ့သော မုန့်ဖိုး ကျပ် ၂၀၀၀ အနက် ဖုန်းပြောရန် ချန်ထားသော ငွေသာဖြစ်ကြောင်း မဝါဝါခိုင်က ရှင်းပြသည်။

အဆိုပါ မိန်းကလေးမှာ ပန်းတနော်မြို့နယ် သုံးခွရွာတွင်နေထိုင်ပြီး ယင်းလက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးအဖြစ် အလုပ်လုပ်ကိုင်သည်မှာ သုံးနှစ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ တစ်နှစ်လျှင် လစာကျပ် တစ်သိန်းရရှိပြီး အစ်မရင်းနှင့်အတူ အလုပ်လုပ်ကိုင်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“အလုပ်သမားကို အရမ်းဖိနှိပ်ထားတယ်။ ကိုယ်ချင်းစာစိတ် မရှိဘူး” ဟု ပီမိုနင်း ၁၀ လမ်းမှ လမ်းမှူး ဦးမင်းသူက မှတ်ချက်ပြုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဆိုင်ရှင်အမျိုးသမီးကို မေးမြန်းသော်လည်း ဖြေကြားခြင်းမပြုဘဲ ၎င်း၏ဆွေးမျိုးတော်သူ အမျိုးသားတစ်ဦးကမူ အသေးစိတ် မသိရသောကြောင့် မဖြေကြားပေးနိုင်ကြောင်း ပြန်လည်ပြောဆိုသည်။

ဆိုင်ရှင်၏ ရိုက်နှက်မှုကြောင့် မဝါဝါခိုင်၏ ကျောကုန်း၊ လက်မောင်းနှစ်ဖက်၊ ခြေထောက်နှင့်ပေါင်တို့တွင် ဒဏ်ရာများရရှိသဖြင့် မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း၊ ဆိုင်ပိုင်ရှင် ကိုခိုင်(ခ) ကိုကျော်ဇင်လင်းကို (ပ)/၉၆၇/၁၄ ပုဒ်မ ၃၄၂၊ ၃၂၃ နှင့် ၁၁၄ တို့ဖြင့် အမှုဖွင့်ကာ စခန်းတွင် ထိန်းသိမ်းထားကြောင်း လှိုင်သာယာ မြို့မရဲစခန်းထံမှ သိရှိရသည်။

လတ်တလောတွင် ရိုက်နှက်ခံရသူ မိန်းကလေးနေထိုင်ရာ သုံးခွကျေးရွာရှိ မိဘများထံ အဆက်အသွယ် မရသေးသောကြောင့် ၎င်းတို့ညီအစ်မနှစ်ဦးကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက စောင့်ရှောက်ပေးထားမည် ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။
thevoicemyanmar.com
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment