သက္ကရာဇ် အဟောင်းများ ၊ လှေကားထစ်လို တထစ်ပြီး တထစ် ၊ရာဇ၀င်တရစ် သမိုင်းတရစ်

အလင်းမဲ့ ကြယ်ကြွေညကို တွေးတိုင်း
ဆင်ခြင်တုံတရားနဲ့ အတူ ရင်တွင်း ဒေါသလှိုင်းထခဲ့ ကောင်းကင်
သူတလူ ငါတမင်း နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်တာဆိုပေမဲ့
အမှောင်ထဲ မီးပျက်ည မြို့ ပြမှာ ရန်သူလား မိတ်ဆွေလား တိမ်တွေက ခွဲခြားမရခဲ့ဘူး..။

သူရဲကောင်းတွေရဲ့  ရဲရဲတောက်စိတ်ဓာတ်များ လက်ဆင့်ကမ်း ယူဆောင်
တွေဝေ စိုးရိမ် ကြောင့်ကျမှုတွေ ပခုံးပြောင်းမယူချင်လဲ
ကျောင်းပရ၀ုဏ်ထဲ သစ္စာမဲ့ ကျည်ဆံတွေသာ ပလူပျံခဲ့
သမိုင်းကို မျက်နှာချင်းမဆိုင်ရဲ သူတွေက
အရိုင်းလို မြို့ ကို ကားစင်ပေါ် မီးတင်ရှို့ ခဲ့တယ်...။

သက္ကရာဇ် အဟောင်းများ ၊ လှေကားထစ်လို တထစ်ပြီး တထစ်
ရာဇ၀င်တရစ် သမိုင်းတရစ် ကျစ်ဆံမြီး ဆံပင်လို ကျစ်
ကံ့ကော်ပန်းကို သစ္စာတရားလို ဘွဲ့ နှင်းသဘင်က ပန်ဆင်
 နို့ သောက်ပါလို့ မပြောခင်ကတည်းက ပညာနို့ ရည်သောက်စို့ ခဲ့တဲ့ တက္ကသိုလ် ..။

အနာဂတ် မျှော်လင့်ခြင်းများ ကမ်းပါးလို ပြိုကျ ခဲ့ အင်းလျား
မရပ်မနား ကြွေးကြော်သံများ၊ ငိုကြွေးသံများနဲ့ အပြိုင် အဓိပတိ လမ်းမပေါ် ပြေးတက်
ဖရိုဖရဲ ညနက်နက်တွေ တက္ကသိုလ်မြေကို ပွေ့ ဖက်ခဲ့တယ်..။

လမ်းမှာ မတွေ့ ကြတာ ကြာလို့ မေ့လောက်ပြီ ထင်တော့မှ
လွမ်းချင်စရာ ကိုယ်ယောင်ထင်ပြ ခဲ့ ရာဇ၀င်လို
ပစ္စုပ္ပန်မှာ တရေးနိုးတိုင်း ၊ စိတ်အိမ်မက်လှိုင်းများ နှလုံးသားကို တိုက်စား
ရင်တွင်း အတိတ် ကြေကွဲမှုတွေထဲ ငုတ်တုပ် သစ်ပုတ်ပင် မျက်ရည်သုတ်
သမိုင်းဝင် ဒဏ်ရာတွေ နဲ့ ဂျပ်ဆင် နာကျင်နေတယ်..။

သခင်အောင်ဆန်း ၀ိဥာည် ၊ဗိုလ် အောင်ကျော် ၀ိဥာည် ၊ကျောင်းသားသမဂ္ဂ ၀ိဥာည် ၊
၁၉၆၂ ၊ ၁၉၇၄ ၊ ၁၉၈၈ ........သက္ကရာဇ်နှစ်တွေ နဲ့ အတူ ၀ိဥာည်တွေ ကမ္ဘာပတ်
အိုဘားမားကို ပူးကပ် ခဲ့လေသလား
ခြေကုန်လက်ပန်းကျနေတဲ့ ဒီမိုကရေစီ လူ့ အခွင့်အရေးတရား
သူ့ နှုတ်ဖျားက စကားလုံးတွေ မြကျွန်းသာမှာ ခုန်ချခဲ့ဘူးတယ်..။
မတော်မတရားမှုတွေ နားချခဲ့ အိုဘားမားသာ အသားဖြူသွားမယ်..
မဟားဒယား စိတ်ထားမှားသူတွေ အရင်အတိုင်း မပြောင်းလဲဘူး..။

ဒေါင်းအလံ နဲ့ ကျောင်းသားသမဂ္ဂ ဆိုတာ မရှိခဲ့ရင်
ခေတ်ဟောင်းမှာ နေမ၀င် အင်ပါယာထဲ  သူ့ ကျွန်အဖြစ်က လွတ်လမ်းမမြင်ဘူး
ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရဆိုတဲ့ စကား ဒို့ ဗိုလ်ချုပ်သာကြားရင်
တပ်မတော်ဆိုတာ လယ်မြေ သိမ်းဖို့ ဖွဲ့ ထားတာ မဟုတ်ဘူး ဆိုပြီး
ဖောက်ပြန်သူတွေ တစ်ယောက်ပြီး တစ်ယောက် တန်းစီ ညာညိကာ
ထမ်းစင်မှာ ထမ်းရတဲ့အထိ ဗျောတီးသလို တီးမှာ မြင်ယောင်မိတယ်..။

တခေတ်ပြီး တခေတ် ပြဿနာတွေ ပွင့်လင်း မြင်သာစွာ နယ်တကာလှည့်
ဒီလူ ဒီမူ ဒီလို ထပ်ခါထပ်ခါ ပဋိပက္ခများ တဆင့်ခြင်းငြင်သာစွာ မြို့ ကို ၀ါးမြို
တဖက်ကမ်းမမြင် လမ်းမမြင် ခေတ် ကုတင်ပေါ် လဲလျောင်း
အသက်လုနေရတဲ့ လူမမာလို တက္ကသိုလ် နှလုံးသားကို ခွဲခြမ်းစိတ်ဖြာ ကြည့်ရင်
လက်စပျောက်ခါနီး သွေးသံရဲရဲ သမိုင်းရှိတယ်...။

အောင်ခိုင်မြင့်

၇ ဇူလိုင် ၂၀၁၄
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment