မန္တလေးမြို့တွင် ဇူလိုင်လ (၁) ရက်နေ့ ညက ဖြစ်ပွားခဲ့သည့် အုပ်စုလိုက် ရုန်းရင်းဆန်ခတ် ဖြစ်စဉ်တွင် နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများ ရှိနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒုရဲမှူးကြီး ဇော်မင်းဦးက မီဒီယာ များသို့ ပြောသည်။
နောက်ကနေ လှုံ့ဆော်မယ့်သူ ရှိနိုင်ပါတယ်။ ရှိနိုင်မယ်လို့ ယူဆပါတယ်။ တိုင်တန်းတဲ့ သူက မုဒိန်းမှုဆိုပြီး တိုင်ကြားလာရင် ဒါက သူ့ဥပဒေ ကြောင်းအရပဲ သွားရမှာပါ။ မကြေနပ်ရင် တရားရုံးမှ ထုချေပိုင်ခွင့် ရှိတာပဲ။ တစ်ဖက်နဲ့ တစ်ဖက်ကတော့ နားလည်ဖို့ လိုတာပေါ့။ အဲဒီလို နားလည်မှု လို တဲ့ဟာကို ဘာသာရေး အကြောင်းပြပြီးတော့ အခုလိုဖြစ်သွားတာဟာ လူတိုင်းကလည်း ဘယ်သူမှတော့ ဖြစ်ချင်ကြမှာ မဟုတ်ဘူး။ ဒါကြောင့် သွေးထိုး လှုံ့ဆော်မှုတွေ ရှိကောင်းရှိနိုင်တယ်ဆိုတာကို ကျွန်တော့် သဘောနဲ့ ကျွန်တော် သုံးသပ်ကြည့်တာပါ ဟု ၄င်းက ပြောသည်။
လက်ရှိ အခြေအနေမှာ ပြန်လည် တည်ငြိမ်မှုရှိနေပြီး မန္တလေးမြို့၏ လုံခြုံရေး အခြေအနေအရ ညပိုင်းအချိန် ကန့်သတ်ချက်ကိုမူ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ကသာ ထုတ်ပြန်မှု ပြုလုပ်မည် ဖြစ်ပြီး ရဲတပ်ဖွဲ့ အနေဖြင့် လုံခြုံရေးကိုသာ အဓိကထား ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်း က ပြောသည်။ ပျဉ်းမနားမြို့ ရဲစခန်းတွင် (ပ) ၂၉၃/ ၂၀၁၄၊ ပြစ်မှု ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားသည့် မှုခင်းနှင့် ပတ်သက်၍ ရဲလုပ်ငန်း ပိုင်းဆိုင်ရာအရ မှုခင်းဖြစ်စဉ် မှန်ကန်မှု ရှိမရှိ ရဲတပ်ဖွဲ့အနေဖြင့် စစ်ဆေးရမည့် အပိုင်းများရှိ နေပြီး ကာယကံရှင်များ တွင်လည်း ယင်း ဖြစ်စဉ် အပေါ် စိတ်ခံစားမှုများ ရှိနေနိုင်ကြောင်း၊ ထို့အပြင် မသင်္ကာဖွယ် တရားခံကို ဖမ်းဆီးကာ တရားရုံးသို့ အပ်မည်ဟု ဆိုကာ လူအုပ်စုဖြင့် ဆန္ဒထုတ်ဖော်မည့် သတင်းများကြောင့် ရဲတပ်ဖွဲ့ မှ လုံခြုံရေး ချထားခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ပြောသည်။
အဆိုပါ မှုခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ညနေ (၄)နာရီ ၀န်းကျင်ခန့်က ဆရာတော် ဦးဝီရသူနှင့် သံဃာတော် အချို့ ရုန်းရင်းဆန် ခတ်ဖြစ်ပွားရာ လက်ဖက်ရည်ဆိုင်သို့ လာရောက် မည်ဟု ဆရာတော်မှ ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့ပြီး၊ အသံဖိုင်နှင့် ဖုန်းမှတ်တမ်းများ ရှိကြောင်း တရားခံဟု တိုင်ကြား ခြင်းခံထားရသူ၏ ဇနီးဖြစ်သူက မီဒီယာများသို့ ပြောသည်။ မန္တလေးမြို့ ခရိုင်ရဲတပ်ဖွဲ့ များကလည်း ယင်းကဲ့သို့ သံဃာတော်အချို့နှင့် လူအများ လာရောက်မည် ဟုသော သတင်းများကြောင့် လက်ဖက်ရည်ဆိုင် တစ်ဝိုက်လုံခြုံရေးချထားခဲ့ပြီး၊ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များမှ မလိုလားအပ်သည့် ဖြစ်စဉ်များ မဖြစ်စေရန် ဆိုင်ပိတ်ရန် အကြံပေး ပြောဆိုမှုတွင် ဆိုင်ဆက်ဖွင့်လိုသူနှင့် ပိတ်လိုသူများ အငြင်းပွားမှု ဖြစ်ခဲ့ကာ ဗလီမှ ဥပုသ်ဆင်းလာချိန်နှင့် တိုက်ဆိုင် သောကြောင့် ည (၈) နာရီဝန်းကျင် အချိန်တွင် “ဆန်း လက်ဖက်ရည်ဆိုင်ရှေ့ ၌ လူစုလူဝေး ပိုမိုဖြစ်လာခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဦးစိန်ထွန်းက မီဒီယာများသို့ပြောသည်။
ထို့အပြင် အင်တာနက် စာမျက်နှာများမှ သတင်းအချို့ကြောင့် လူထုစိတ်ဝင်စားမှု မြင့်တက်ပြီး လာရောက်ကြသူများပြားခဲ့သည်။ ညပိုင်း (၈) နာရီ အချိန်ခန့်က လူအင်အား တစ်ရာကျော် အထိ (၂၇)လမ်းနှင့် (၈၂) လမ်းထောင့်ရှိ ပုဒ်မ (၃၇၆) ဖြင့်တရားစွဲဆိုခံ ထားရသူ၏ “ဆန်း”ကဖေးဆိုင် အနီးတွင် ရှိခဲ့ပြီး ရဲတပ်ဖွဲ့အင်အားချထားမှုနှင့် တာဝန်ရှိသူများ၏ ဖြေရှင်းမှုကြောင့် ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားခဲ့ သော်လည်း ည (၁၀) နာရီခွဲ အချိန်ခန့် တွင် (၂၆)လမ်းနှင့် (၈၂)လမ်း ထောင့်တွင် ဆိုင်ကယ်သုံးစီးဖြင့် လူငယ် ခြောက်ဦး ရောက်ရှိလာကာ နိုင်ငံတော်သီချင်းများ သီဆိုခြင်းအပြင် သွေးထိုး လှုံ့ဆော်မှုများကြောင့် လူစုလူဝေး ပြန်လည်ဖြစ်ခဲ့သည်။
မန္တလေးမြို့ ဈေးချို နာရီစင် အနောက်ဘက် နှင့် (၂၆)လမ်းနှင့် (၈၂) လမ်းထောင့်တို့တွင် တုတ်၊ အုတ်ခဲ၊ ပုလင်းကွဲများကို အသုံးပြုကာ လူအင်အား လေးရာကျော်ခန့်အထိ လူစုလူဝေး အသီးသီးဖြစ်ခဲ့ပြီး နေအိမ်များ အဆောက်အအုံများကို ပစ်ပေါက်ခြင်း၊ မော်တော်ယာဉ်များကို ပစ်ပေါက် ခြင်းများ ပြုလုပ်ခဲ့ပြီး၊ ဟိုင်းလပ်ယာဉ် တစ်စီးကို မီးရှို့ အထိဖြစ်ခဲ့ သဖြင့် ရဲတပ်ဖွဲမှ ရာဘာကျည်ဖြင့် သုံးချက် ပစ်ဖောက်ကာ လူစုခွဲ ထိန်းသိမ်းခဲ့ရသည်။ ရာဘာကျည်နဲ့ ပစ်တယ်ဆိုတာကလည်း မြို့နယ်ရဲတပ်ဖွဲ့က ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်လိုက်တာပါ။ ဖြစ်နေတဲ့ အခြေအနေကိုထိန်းသိမ်းတာပါ။ ဘယ်သူ့ကိုတော့ ထိစေဆိုပြီး လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ခြောက်လှန့်တဲ့သဘောနဲ့ လုပ်လိုက်တာပါ ဟု ဒုတိယရဲမှူးကြီးဇော်မင်းဦးက ပြော သည်။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားစဉ် မန္တလေးမြို့ ဂဠုန်နီ ဆရာတော်နှင့် သံဃာတော် အချို့မှ လာရောက် ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။
ရဲတပ်ဖွဲ့ ဝင်အင်အား (၄၀၀)နှင့် ရဲလုံခြုံရေးတပ်ဖွဲ့ ခွဲ အင်အား (၃၀၀) နီးပါးဖြင့် ထိန်းသိမ်းခဲ့ ရပြီး ပဋိပက္ခ အခြေအနေများကြောင့် ကားတစ်စီး မီးလောင်၊ ကား (၁၀) စီးမှန်များ ကွဲကာ ရဲတပ်ဖွဲ့ ဝင်တစ်ဦး အပါအ၀င် ထိခိုက်ဒဏ်ရာရရှိသူ ငါးဦးရှိခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အခြားလူမျိုးကို ငါတို့ မစော်ကားပါ။ အခြားဘာသာကို ငါတို့ မစော်ကားပါ။ ငါတို့ကို စော်ကားလာသည့်တိုင် အတတ်နိုင်ဆုံးကိုယ့် လူမျိုး မျက်နှာကိုကြည့် ပြီးတော့ မြန်မာနိုင်ငံရဲ့ အကျိုးကို ကြည့်ပြီးတော့ ရိုးသားဖြောင့်မတ် ဖြူစင်သော စိတ်ဓာတ်နဲ့သာ နေမယ်ဆိုရင် ဒီလို ပြဿနာတွေဖြစ် လာစရာ မရှိပါဘူး။ ဘာသာခေါင်းဆောင်တွေ မှာလည်း မှန်ကန်ဖြောင့်မတ်တဲ့ စိတ်ဓာတ်တွေ ရှိဖို့လိုတာပေါ့ ဟု မန္တလေးမြို့ ဂဠုန်နီ ဆရာတော် ဘဒ္တကာဝိယ (ဓမ္မကထိက)က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
မန္တလေးမြို့၏ လက်ရှိအခြေအနေမှာ ပုံမှန်ဖြတ်သန်းသွားလာမှုများဖြင့် တည်ငြိမ်မှုရှိ သော်လည်း ကောလာဟလများ ရှိနေဆဲ ဖြစ်ကြောင်း မန္တလေးမြို့ ဒေသခံပြည်သူများထံမှ သိရသည်။ အချို့က အများရှေ့မှာ ငြိမ်းချမ်းရေး တရားတွေ ဟောပြော၊ အစည်းအဝေးတွေ လုပ်ပြကြပြီးတော့ ကိုယ့် နေရာ ကိုယ့်ဌာနရောက်ရင် ချသာချ သူတို့ ဘာပြောပြော၊ တို့လူမျိုးနိုင်ရမယ်တို့၊ တို့ဘာသာ ကမ္ဘာလွှမ်းရမယ်တို့ ပြောနေကြတာတွေ၊ အယူသည်းနေကြ တာတွေ အားလုံးလည်း သိနေကြတာပဲ။ တကယ်တမ်း သူ့ဘက် ကိုယ့်ဘက် ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ်ရှိရင် ဘာမှဖြစ်စရာအကြောင်း မရှိပါ ဘူး ဟု ဂဠုန်နီ ဆရာတော်က ထပ်မံမိန့်သည်။ ဇူလိုင်လ (၁)ရက်နေ့ည ဖြစ်စဉ် နှင့် ပတ်သက်၍ အခင်းဖြစ်ပွားသည့် ညတွင် မည်သူ တစ်ဦးတစ်ယောက် ကိုမှ ဖမ်းဆီးအရေးယူထားခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
မန္တလေးမြို့က ကျောင်းတွေမှာဆိုရင် ကျောင်းသားမိဘတွေက အရင်လို မဟုတ် တာ့ဘဲ စိတ်ပူလို့ စောစောပြန်လာဖို့ ပြောကြတာတွေ ရှိ တယ်။ ကျွန်တော့်ဆီ တခြားနယ်တွေက ဖုန်းဆက်ကြတယ်။ မန္တလေးမှာ (၁၄၄) ထုတ်တယ်ကြားတယ် ဆိုပြီး ဖုန်းဆက်မေးကြတယ်။ ဒီကောလာဟလ တွေ ဘယ်သူတွေ ဖြန့်နေတာလဲပေါ့။ ကျွန်တော်တို့အနေနဲ့ မန္တလေးမြို့ကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ဖြစ်စေချင်ပါတယ် ဟု မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်နေ ဒေသခံ တစ်ဦးဖြစ်သူ ကိုမျိုးကျော်ဦးက ပြောသည်။
Messenger News Journal
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment