န၀တ
အစိုးရလက်ထက်တွင်ခေတ်ကာလ အခြေအနေကြောင့် ထိန်းချုပ်မှုများ ပါဝင်သော ၆/၈၈
ဥပဒေ ရှိခဲ့သော်လည်း ယခုရေးဆွဲခဲ့သော အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းသည်
ဒီမိုကရေစီသဘောဆောင်သည့် ရာခိုင်နှုန်းအပြည့်နီးပါး ရေးဆွဲထားကြောင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဆိုသည်။
“လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေပေါင်း ၆၀ ကျော်မှာ ဒီဥပဒေက ထူးခြားမှုအရှိဆုံးပဲ၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်က နိုင်ငံသားတွေရဲ့ အခွင့်အရေး ဖြစ်တဲ့အတွက် မှတ်ပုံတင်ခြင်းကိုပဲ ရေးဆွဲခဲ့တာပါ” ဟု ဦးတင်မောင်ဦးက ဖြေကြားခြင်းဖြစ်သည်။
အသစ်ရေးဆွဲခဲ့သော အသင်းအဖွဲ့များ ဥပဒေကြမ်းတွင် ထူးခြားချက်များအဖြစ် ပြစ်မှုပြစ်ဒဏ်များ ပါဝင်ခြင်း မရှိသည့်အပြင် အသင်းအဖွဲ့များ၏ သဘောဆန္ဒအရသာ မှတ်ပုံတင်နိုင်မည်ဖြစ်သည်။
“အသင်းအဖွဲ့တွေအနေနဲ့ မှတ်ပုံတင်လုပ်ချင်လည်းရတယ်၊ မလုပ်ချင်လည်း ရတယ်၊ ဒါပေမယ့် မှတ်ပုံတင်ထားတဲ့ အသင်းအဖွဲ့တွေသာ အခွင့်အရေးရနိုင်မှာဖြစ်တယ်”ဟု လွှတ်တော်ကိုယ်စားလှယ်က မဇ်္ဈိမကို ဖြည့်စွက်ဖြေကြားခဲ့သည်။
မှတ်ပုံတင်ထားသော အသင်းအဖွဲ့များအနေဖြင့် လတ်တလောအခြေအနေတွင် အခွင့်အရေးများ မရရှိသေးသော်လည်း ဒီမိုကရေစီစနစ် ပေါ်ပေါက်လာချိန်တွင် အသင်းအဖွဲ့၏ အမှတ်အသားတံဆိပ်၊ ဘဏ်စာရင်းဖွင့်ခြင်း၊ တရားစွဲဆိုခြင်း၊ အလှူငွေများ လက်ခံနိုင်ခြင်း၊ နိုင်ငံတော်မှ ထောက်ပံ့ငွေများစသည့် အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်သည်။
အသင်းအဖွဲ့များ အင်အားကောင်းလာပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှုန်း လျင်မြန်နိုင်ပြီး အခြေခံလူတန်းစား ပြည်သူများ လိုအပ်ချက်များကိုပါ ဆောင်ရွက်နိုင်သည်ဟု လွှတ်တော်အမတ်ကဆိုသည်။
“အသင်းအဖွဲ့တွေ များများရှိမှ အခြေခံပြည်သူတွေကို ပိုပြီးစောင့်ရှောက်နိုင်မယ်၊ ဒါကြောင့် အသင်းအဖွဲ့တွေ အားကောင်း လာဖို့လိုတယ်” ဟု ဦးတင်မောင်ဦးက ပြောသည်။
Mizzima - News in Burmese

0 comments:
Post a Comment