ချေးငွေပေးမယ်ဆိုပြီး ပါတီဝင်ဖို့၊ ပါတီကို ထောက်ခံဖို့ စည်းရုံးနိုင်သလား

အခုရက်ပိုင်း သတင်းတွေထဲမှာ ထူးခြားတာတွေတော့ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကနေ ဧရာဝတီတိုင်း၊ ပုသိမ်၊ မြောင်းမြ၊ သာပေါင်း၊ ငပုတော၊ ကန်ကြီးဒေါင့်မြို့နယ်က ကျေးရွာတချို့မှာ ငွေချေးပေးမယ်ပြောပြီး ပါတီဝင်စုဆောင်းနေတဲ့ ကိစ္စပါ။ အလားတူပါပဲ။ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်တက်တဲ့ သမ၀ါယမအသင်းသားတွေကို ချေးငွေထုတ်ပေးတဲ့ အစည်းအဝေးပွဲကြီးတစ်ခုမှာ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ပြည်ခိုင်ဖြိုးပါတီနဲ့ သမ္မတဦးသိန်းစိန်ကို ထောက်ခံကြဖို့ စည်းရုံးဟောပြောပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ ဒါမျိုးတွေ လုပ်လို့ရသလား၊ ဥပဒေနဲ့ ညီညွတ်ရဲ့လားဆိုတာ ဆွေးနွေး တင်ပြသွားပါ့မယ်။

တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဧရာဝတီတိုင်း တာဝန်ခံက သူတို့ပါတီအနေနဲ့ ဘဏ်တစ်ခု တည်ထောင်ခွင့်ရဖို့ သက်ဆိုင်ရာကို တင်ပြထားတဲ့အကြောင်း၊ ခွင့်ပြုချက်ရရင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ရထားသူတွေ၊ အမှန်တကယ် ဥယျာဉ်ခြံမြေလုပ်နေသူတွေကို တစ်ဧက ကျပ်တစ်သိန်းရှစ်သောင်းနှုန်းနဲ့ ထုတ်ချေးပေးသွားမယ်လို့ ဆိုပါတယ်။ ဒီအတွက် တချို့ရွာက ရွာသူရွာသားတွေဟာ ချေးငွေရဖို့အတွက် တစ်ရွာလုံးနီးပါး ပါတီဝင်ထားကြတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဘဏ်လုပ်ပိုင်ခွင့် ဘယ်နေမှန်း မသိသေးခင်၊ ချေးငွေဘယ်လိုမှန်းမသိရသေးခင် ပါတီဝင်ကြေး ငွေကျပ် ၂,၅၀၀ ပေးပြီး ပါတီဝင်ထားကြတယ်လို့ ဆိုပါတယ်။

တချို့ရွာတွေမှာတော့ သတင်းတွေက မတူပါဘူး။ ပါတီဝင်ထားရင် ပါတီဝင်တစ်ယောက် ငွေကျပ်ငါးသိန်းလောက် ချေးငွေပေးမယ်ဆိုတာမျိုး သတင်းထွက်တာရှိသလို ပါတီဝင်ကြေးကလည်း တချို့နေရာ ကျပ် ၅,၀၀၀၊ ၅,၅၀၀ ကောက်တယ်လို့လည်း ဆိုပါတယ်။ သတင်းအားလုံးကို အတည်မပြုနိုင်သေးပေမယ့် ချေးငွေလိုချင်လို့ ပါတီဝင်ထားကြရတယ်ဆိုတာကတော့ အတည်ပြုလို့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်က ဧရာဝတီတိုင်း၊ မြောင်းမြမှာလုပ်တဲ့ သမ၀ါယမအသင်းသား အစည်းဝေးပွဲကို သမ္မတဦးသိန်းစိန် တက်ပါတယ်။ အဲဒီပွဲမှာ ပြည်ခိုင်ဖြိုး ထိပ်တန်းဗဟိုကော်မတီဝင်လည်းဖြစ်၊ တိုင်းဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဦးသိန်းအောင်က ဒီပွဲကိုတက်လာတဲ့ သမ္မတ ဦးသိန်းစိန်ဟာ နိုင်ငံရဲ့အထွတ်အထိပ် ဖြစ်တယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီတာဝန် မထမ်းဆောင်နိုင်ပေမယ့် ပါတီရဲ့ ဥက္ကဋ္ဌတစ်ယောက် ဖြစ်မြဲ ဖြစ်နေတယ်၊ ဒါကြောင့် ဧရာဝတီတိုင်းသားဖြစ်တဲ့ သမ္မတကြီးကို ထောက်ခံပါ၊ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံကြပါဆိုပြီး ပြောခဲ့ပါတယ်။

သူပြောခဲ့တဲ့စကား အတိအကျကတော့ “နိုင်ငံတော်သမ္မတကြီးဟာ နိုင်ငံတော်ရဲ့ အထွတ်အထိပ်သမ္မတ တစ်ဦးဖြစ်သကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ သို့သော်လည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီရဲ့လုပ်ငန်းတာဝန်များကို မဆောင်ရွက်ရဘူးဆိုတဲ့ ကန့်သတ်ချက်အရ မဆောင်ရွက်တာကလွဲရင် ကျွန်တော်တို့ သမ္မတကြီးဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဧရာဝတီတိုင်းသား တစ်ယောက်ဖြစ်တဲ့ သမ္မတကြီးရဲ့ နိုင်ငံတော်ရဲ့လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်တဲ့အပေါ်မှာ ကိုယ်တာဝန်ယူထားတဲ့ ပါတီရဲ့အပေါ်မှာ ကျွန်တော်တို့၊ ခင်ဗျားတို့ ဧရာဝတီတိုင်းသားများဟာ အားပေးထောက်ခံပြီးတော့မှ အောင်မြင်အောင် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း ပြောလိုပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။

ဒီဖြစ်ရပ်နှစ်ခုကို ယှဉ်ကြည့်ရင် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ဘဏ်ထောင်မယ်ဆိုတာ ဘယ်သူတွေပိုင်တဲ့ ဘဏ်၊ ဘယ်လိုအမျိုးအစားဘဏ်ဆိုတာ မသိရပါဘူး။ ဗဟိုဘဏ်က ခွင့်ပြုမပြု၊ ခွင့်ပြုရင် ဘယ်လိုလိုင်စင်အမျိုးအစားနဲ့ ခွင့်ပြုမလဲ မပြောနိုင်ပါဘူး။ အဲဒီလို ဘယ်ကရင်းနှီးငွေနဲ့တည်ထောင်မှာလည်း မသိ၊ ဗဟိုဘဏ်က ခွင့်ပြု၊ မပြု မသိရသေးခင်၊ လုပ်ငန်းစဖို့ အရိပ်အယောင်တောင် မတွေ့ရသေးခင် ပါတီထဲ အရင်ဝင်ထားဖို့ စည်းရုံးကြတာဖြစ်ပါတယ်။ တကယ်လို့သာ သူတို့ပြောသလို ဘဏ်တည်ထောင်ခွင့် မရခဲ့ရင်၊ ရပြီးလယ်သမားတွေကို ချေးခွင့်မရခဲ့ရင် ဒါဟာလိမ်လည်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ချက်က ဘဏ်တည်ထောင်ခွင့်ရပြီ၊ လယ်သမားတွေကိုလည်း လယ်အပေါင်ထားပြီး ချေးငွေထုတ်ချေး ခွင့်ရပြီဆိုတာတောင် ပါတီတစ်ခုခုကို ၀င်ထားမှ ထုတ်ချေးပေးမယ်ဆိုတာမျိုးလုပ်လို့ ရမရ၊ ဥပဒေကြောင်းနဲ့ ညီ၊ မညီမေးခွန်းထုတ်စရာရှိပါတယ်။ ဥပဒေနဲ့ ညီမယ်လို့ မထင်ပါ။

အလားတူပါပဲ။ သမ၀န်ကြီး ဦးကျော်ဆန်းနဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်တို့ ပြဿနာကတော့ ပိုဆိုးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမ၀န်ကြီးဌာနပိုင်ငွေဟာ အစိုးရပိုင်ငွေ ဖြစ်ပါတယ်။ သူတို့ သုံးနှုန်းသလိုဆိုရင် နိုင်ငံတော်ပိုင်ငွေပါ။ ဒီငွေကို သုံးပြီး ပါတီတစ်ခုအတွက် ခေါင်းဆောင်တစ်ယောက်အတွက် မဲဆွယ် စည်းရုံးတာမျိုး မလုပ်သင့်ပါဘူး။
နောက်ပိုင်း ဇွန်လ ၄ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အင်န်အယ်လ်ဒီပုသိမ်အမတ် ဦးဝင်းမြင့်က သမ၀ါယမ၀န်ကြီးဌာန၊ သမ၀ါယမအသင်းတွေနဲ့ အဲဒီချေးငွေတွေနဲ့ပတ်သက်ပြီး ချေးငွေတွေ ပြန်ဆပ်ကြရဲ့လား၊ ငွေပြန်ရသလား၊ နောက်ပါတီနိုင်ငံရေးကင်းရဲ့လားဆိုပြီး မေးပါတယ်။ မေးခွန်းမှာ သူက တကယ့် အောက်ခြေမှာ ငွေချေးတဲ့အခါ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်မှဆိုတဲ့ ကိစ္စ၊ သမ၀ါယမအသင်း ၀င်လိုက်ပြီဆိုတာနဲ့ အဲဒီ အသင်းဝင် ဖောင်ကိုရော၊ ပြည်ခိုင်ဖြိုးပါတီဖောင်ကိုပါ တစ်ပြိုင်နက်တည်း ဖြည့်ခိုင်းတဲ့ကိစ္စ၊ ပြည်ခိုင်ဖြိုးပါတီထဲ ၀င်ဖို့ သိမ်းသွင်းနေတဲ့ ကိစ္စတွေကြားရလို့ မေးရတာပါလို့ ဆိုပါတယ်။ ထုံးစံအတိုင်း သမ ဒု-၀န်ကြီး ဦးသန်းထွန်းကတော့ လွှတ်တော်ထဲမှာ ငြင်းပါတယ်။

အခု ဧရာဝတီတိုင်း မြောင်းမြမြို့ သမအသင်းသားများ အစည်းအဝေးမှာ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင် ပြောကြားချက်ကို ကြည့်ရင် ဒု-၀န်ကြီး ဖြေတာ မမှန်ဘူးဆိုတာသိနိုင်ပါတယ်။ ပါတီ ဗဟိုကော်မတီ၊ တိုင်းဝန်ကြီးချုပ်အဆင့်က ဒီလိုပြောဆို မဲဆွယ် စည်းရုံးတယ်ဆိုရင် အောက်ခြေမှာ ဘယ်လို ဖြစ်ပျက်နေကြမလဲ ခန့်မှန်းနိုင်ပါတယ်။ အလားတူ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက အခုလိုခြေလှမ်း လှမ်းလာတာတွေကိုလည်း မထူးဆန်းဘူးလို့ ပြောနိုင်ပါကြောင်း၊ ဒါတွေကို အရေးယူကိုင်တွယ်တာမရှိရင် နောင်ဒီထက်အများကြီး ဆိုးလာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Mizzima - News in Burmese
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment