နံနက်
၎ နာရီဝန်းကျင် ဝေလီဝေ လင်းအချိန်။ မန္တလေးမြို့ကြီး၏
အစိတ်အပိုင်းတော်တော်များများ က အိပ်မောကျနေသော်လည်း မန္တလေးဘူတာကြီးကတော့
တက် ကြွစွာနိုးထလှုပ်ရှားနေပြီဖြစ် သည်။ မြန်မာနိုင်ငံအထက်ပိုင်းနှင့်
အောက်ပိုင်းကုန်စည်စီးဆင်းရာ ဗဟိုချက်မတစ်ခုဖြစ်သည့် မန္တလေး ဘူတာကြီးသည်
မည်သည့်အခါမှ အိပ်စက်ခြင်းမရှိခဲ့။
ရက်တွေက မန္တလေးဘူတာ ကြီး၏ သက်ဝင်လှုပ်ရှားမှုကို ခပ်လှမ်းလှမ်းမှသာ
ငေးကြည့်ခဲ့ဖူး သော်လည်း ယနေ့နံနက်တွင် တော့ ကျွန်တော်တို့ လူသိုက်
ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီဖြစ်သည်။
စင်္ကြံအလိုက်သွားလိုရာခရီး အတွက် ခရီးသည်များ လှုပ်လှုပ် ရွရွပျော်ဝင်နေသလို
ကျွန်တော် တို့ လူသိုက်သည်လည်း အမှတ် (၄) စင်္ကြံရှိ မန္တလေး-လားရှိုး
ရထားဘေးတွင် လှုပ်လှုပ်ရွရွ။ ရောက်ရှိပြီးသူများကို လူစစ်ရ၊
မရောက်သေးသူများအတွက် စိတ်ပူရ၊ ဖုန်းလှမ်းဆက်ရနှင့် ကျွန် တော်တစ်ယောက်တည်း
ဗျာများ နေသည်။
ထိုစဉ် မီးရထားဝန်ထမ်း အချို့က ခရီးထွက်ခွာရန် အဆင်
သင့်ဖြစ်ပြီဆိုသည့်သဘောဖြင့် ရထားဘေးတွင် နေရာယူလာကြ ပြီဖြစ်သည်။ ထို့နောက်
ရထားကြီး က တရွေ့ရွေ့စတင်ထွက်ခွာပါ တော့သည်။ ရထားစထွက်ချိန်မှ
လူစုံအောင်ရောက်လာသဖြင့် ကျွန်တော်လည်း သက်မချနိုင် တော့သည်။
နောက်ကျသူတွေကပြော သည်။ ‘‘ရထားက ဘယ်တုန်းက အချိန်မှန်လို့တုံး။
ဒီနေ့ကျမှ ထူး ထူးဆန်းဆန်း’’တဲ့ ဟုတ်လည်း ဟုတ်သည်။ မြန်မာ့မီးရထားက
ဘယ်တော့မှ စောထွက်တယ်ဆို တာထုံးစံမရှိ။ မိနစ်ပိုင်း၊ နာရီပိုင်း
ကြာနောက်ကျမှ ထွက်လေ့ရှိတာ ဆိုတော့ အားလုံးကလည်း အချိန်
ကိုက်ထွက်လိမ့်မည်ဟု ထင် မထားဘဲ ပေါ့ပေါ့လေးသဘော ထားခဲ့ကြသည်။
မန္တလေး-လားရှိုး ရထားကြီးကတော့ ၄ နာရီတိတိ တွင် စံတော်ချိန်တိကျစွာထွက်နိုင်
ခဲ့ပါသည်။ ရထားပြတင်းပေါက် ကနေ မန္တလေးမြို့ကို ကြည့်လိုက် မိသည်။
ညကရွာထားသည့် မိုးကြောင့် နှစ်ခြိုက်စွာအိပ်မောကျ နေတုန်း။
မန္တလေး-လားရှိုးရထားက ပုံမှန်လေးတလှုပ်လှုပ်ဖြင့် ခုတ် မောင်းနေသည်။
ကျွန်တော်တို့ အဖွဲ့က လားရှိုးအထိ လိုက်မှာ တော့မဟုတ်။ ပြင်ဦးလွင်နှင့်
လားရှိုးကြား ကမ္ဘာကျော်ဂုတ်ထိပ်တံတားဆီ လိုက်ပါနေကြခြင်း ဖြစ်သည်။
ဂုတ်ထိပ်တံတား၏ အလှအပတွေကိုတော့ ဓာတ်ပုံတွေထဲမှာသာ မြင်ဖူးသည်။
ကိုယ်တိုင်ကိုယ်ကျ တစ်ခါမျှမသွားဖူး သေး။ စရိတ်စကလည်း
သိပ်မကုန်ဘူးဆိုတာကြားရတော့ စိတ်ဝင်စားသူတွေ စုသွားဖို့တိုင်ပင်ကြသည်။
အားလုံးပေါင်း ၁၇ ယောက်။ မန္တလေးဘူတာကြီးကနေ အထက် တန်းတွဲဖြင့်
လိုက်ပါခဲ့ကြသည်။ အထက်တန်းလက်မှတ်တစ်စောင် ကို ကျပ် ၅,၅၅၀ ကျသည်။
တကယ်တမ်းဂုတ်ထိပ်ကိုသွားချင် သည်ဆိုလျှင် ပြင်ဦးလွင်အထိ
အဆင်ပြေရာဖြင့်တက်။ ပြင်ဦး လွင်ဘူတာကမှတစ်ဆင့် ဂုတ်ထိပ် ဘူတာအထိရထားဖြင့်
ခရီးဆက် လျှင်လည်းရပါသည်။ သို့သော် မိမိတို့တစ်တွေက ပြင်ဦးလွင်ကို
ဆိုင်ကယ်တွေ၊ ကားတွေဖြင့် ပလူ ပျံအောင်သွားခဲ့ကြသော်လည်း ရထားဖြင့်
တစ်ကြိမ်မှ မသွားဖူး ၍ စီစဉ်လိုက်ရခြင်းဖြစ်သည်။
မန္တလေးမြို့တွင်းကနေ မြို့ ပြင်ရောက်လာချိန်အထိ အလင်း
ရောင်ကသဲကွဲစွာမရှိသေး။ ရထားပေါ်မှာအဖွဲ့လိုက်မို့ စကြနောက်ကြဖြင့်
ဆူညံနေသည်။ ခဏကြာလာတော့ မောကြပြီထင်သည်။ အားလုံးငိုက်မျဉ်းလာကြသည်။
ရထားကတော့ တဂျုန်းဂျုန်းဖြင့် ခုတ်မောင်းနေဆဲ။
‘‘သရက်သီးမှည့်ရမယ် သရက်သီးမှည့်’’ ‘‘ရေအေးအေးလေးရမယ်’’
ဆူဆူညံညံအသံတွေနဲ့အတူ ရထားက အရှိန်တဖြည်းဖြည်း လျော့ကာ ရပ်သွားသည်။
ပြတင်းပေါက်ကနေကြည့်မိတော့ ဘူတာတစ်ခုသို့ ရောက်နေခြင်းဖြစ်သည်။
နာရီကိုကြည့်လိုက်မိတော့ ၅ နာရီကျော်ကျော်။အလင်းရောင်က
ခပ်ပျို့ပျို့လေးထွက်ပေါ်စပြုလာသည်။ ခပ်သေးသေးဘူတာရုံလေး နဲ့အတူ
ဈေးသည်အချို့ကိုတွေ့ရ သည်။ ဆည်တော်ဆိုတဲ့ ဘူတာလေးဖြစ်သည်။ အများစုကတော့
သရက်သီးသည်တွေ၊ အငွေ့ တထောင်းထောင်းထနေသည့် ကောက်ညှင်းပေါင်းနှင့်
ကောက်ညှင်းပေါင်းဇလုံကြီးဘေးတွင် အကြော်စုံဗန်းကြီးကလည်း စားချင်လာအောင်
ဆွဲဆောင်နေသည်။ ကျွန်တော်တို့အဖွဲ့ထဲက ညီမတွေက ကောက်ညှင်းပေါင်းနဲ့
အကြော်စုံတော်တော်များများ ဆင်းဝယ်သည်။ ကောက်ညှင်းပေါင်းကတစ်ထုပ်တစ်ရာ။
အကြော်က တစ်ရာဖိုးသုံးခု။ တစ်ယောက်နှစ်ရာဖိုးနဲ့ ဗိုက်တွေဝသွားသည်။
ရထားဘေးမှာ ရေပုံးတွေ ကိုယ်စီနဲ့ ရေလာရောင်းနေသည့် ကလေးတွေဆီတော့
ဝယ်သူမရှိ။ ဟိုယခင်ရေသန့်ဘူးမပေါ်ခင် အချိန်ကတော့
အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်ခုအချိန်မှာတော့ ရေသန့်ဘူးယဉ်ကျေးမှုကြား
ရေသည်လေးတွေ ခေါင်းမထောင်နိုင်ကြတော့။ ရထားလည်းစထွက်ရော ထိုရေသည်လေးတွေ
ကိုယ့်ရေပုံးကိုယ်သွန်ပြီးအိမ်ပြန်ကြပါလေတော့သည်။
ဆည်တော်ဘူတာကနေ စထွက်ချိန်မှစတင်ကာ ရထားက အတက်ခရီးဖြစ်လာခဲ့သည်။
အချို့နေရာတွေမှာ လွန်းထိုးကာတက်ရသည်။ ရထားကိုနောက်
ပြန်ဆုတ်ကာတက်ရခြင်းဖြစ်သည်။
စိမ်းညို့ညို့တောင်တန်းကြီးတွေကြား
ရထားတစ်စင်းက ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက် ဖြင့် လွန်းထိုးတက်နေသည်မှာ
ရင်ဖိုစရာကောင်းလှသည်။ ရထားက ဂူကြီးတွေထဲရောက်သွားလိုက်၊
တောင်ကြားတွေထဲရောက်သွား လိုက်ဖြင့်တာဝန်ကျေစွာခုတ်မောင်းနေသည်။
အနီးစခန်းကျော်လာတော့ မြေသားနီနီလေးတွေ စမြင်လာရသည်။
မေမြို့ပန်းစိုက်ခင်းလေးတွေလည်း တွေ့လာရသည်။ ပြင်ဦးလွင်ဘူတာရောက်တော့
နံနက် ၈ နာရီဝန်းကျင်ရှိပြီ။ ပြင်ဦးလွင်ဘူတာမှာတော့
ဂုတ်ထိပ်တံတားလိုက်မယ့်သူတွေ တော်တော်များများတက်လာကြ သည်။ အများစုကတော့
နိုင်ငံခြား သားတွေ။ ပြင်ဦးလွင်မှာ ခေတ္တ ရပ်နားပြီး ရထားကပြန်ထွက် သည်။
ရထားလမ်းဘေးမှာ အပင် တွေက တော်တော်များများကို ပေါက်နေသည်။ ရထားကြီးက
သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းတွေ ကြား အတင်းဖြတ်သန်းနေရ သည့်
ပုံစံဖြစ်နေသည်။ ရထား ပြတင်းပေါက်မှတစ်ဆင့် သစ်ကိုင်းများ တဖျပ်ဖျပ်
လာရိုက်ခတ် သည်။ ပြင်ပရှုခင်းကို ကြည့်ချင်တာတောင် မျက်နှာကို
သစ်ကိုင်းလာရိုက်မည်စိုး၍ သတိထားရသည်။ သစ်ပင်တွေလွတ်သွားတဲ့
အချိန်မှာတော့ ပြတင်းပေါက်မှ တစ်ဆင့် မြင်တွေ့ရတဲ့ မြင်ကွင်းတွေက
လွမ်းမောစရာကောင်းလှ သည်။
မြင့်မားစိမ်းစိုနေသည့် တောင် တန်းတွေ၊ အရိပ်အာဝါသကောင်း
လွန်းလှတဲ့ သစ်ပင်အုပ်အုပ်ဆိုင်း ဆိုင်းကြီးတွေ၊ အစိမ်းရောင်ကော်
ဇော်ကြီးခင်းထားသလို ပြန့်ပြူးစိမ်း စိုနေတဲ့ စိုက်ခင်းတွေက စိတ်နှလုံး
ငြိမ်းချမ်းစေသည်။
ထိုမြင်ကွင်းများကို ဖြတ်သန်းလာသည့် လေနုအေးလေးတွေက စိတ်ကို
လန်းဆန်းစေပါသည်။ ရှုခင်းတွေကြည့်လိုက်၊ အစားအသောက်တွေစားလိုက်၊
အပေါင်းအသင်းများဖြင့် စကားပြော စနောက်လိုက်ဖြင့်
ပျော်စရာကောင်းနေခဲ့ပါသည်။
နံနက် ၁၁ နာရီဝန်းကျင်မှာ တော့ နောင်ချိုဘူတာသို့ ရောက်လာခဲ့သည်။
‘‘ထမင်းရမယ်၊ ထမင်းရမယ်’’ ဆိုသည့် အသံတွေ ကြားရသည်။
ရထားပေါ်ကဆင်းပြီးစနည်းနာကြည့်မိသည်။ တစ်နေရာတွင် လူတွေဝိုင်းအုံနေသည်။
သွားကြည့်မိတော့ ထမင်းရောင်းနေတာတွေ့ ရသည်။ အင်ဖက်ကြီးကြီးဖြင့် ထည့်ထားသော
ထမင်းဖြူပေါ် တွင် ကြိုက်နှစ်သက်ရာဟင်းကို ထည့်ပေးခြင်းဖြစ်သည်။
ဆန်လေး
တွေကကော့ပျံနေသည်။ ကြက် သားဟင်းနှင့် သုံးပွဲမှာလိုက်သည်။ အင်ဖက်ထဲမှ
ထမင်းဖြူဖြူပေါ် တွင် ကြက်သားချက်တွေ ပုံပေး သည်။ ဆီလည် ရေလည် ချက် ထားသော
ကြက်သားဟင်းရည် ရွှဲရွှဲလေးဆမ်းပေးသည်။ သရက် ချဉ်သုပ်နှင့် ခရမ်းချဉ်သီး
ချက်လေး တွေ ထည့်ပေးသည်။ ပလတ် စတစ်ဇွန်းအဖြူတစ်ချောင်းစီပေး သည်။
တစ်ပွဲမှရှစ်ရာတဲ့။ ထိုင်ခုံ လက်တန်းထဲက စားပွဲခုံလေးတွေ ထုတ်ကာစားကြသည်။
ဇွန်းမရတဲ့ သူတွေကတော့ လက်ဖြင့် တွယ် ကုန်ကြသည်။ အင်ဖက်စိမ်းစိမ်း အနံ့ပေါ်က
ကြက်သားရည်ဆမ်း ထားတဲ့ ထမင်းဖြူဖြူလေးတွေက အရသာရှိလွန်းလှသည်။ ခရမ်း
ချဉ်သီးချက်ကလည်း ငရုတ်သီးစပ်စပ်လေး ချက်ထားသည်ဆိုတော့ နှာခေါင်းမှာ
ချွေးကလေးတောင်စို့ချင်သည်။ သရက်ချဉ်သုပ်ကလေးက အအီအတောက်ပြေကာ
ကြက်သားဟင်းနှင့်လိုက်ဖက်လွန်းလှသည်။ လှုပ်ခါယမ်းနေသည့် ရထားပေါ်
အင်ဖက်ထမင်းထုပ်လေးကတော့ ဟိုဘက်ရွေ့သွားလိုက်၊ သည်ဘက်ရွေ့သွားလိုက်။
ထမင်းစားပြီး တစ်ရေးတစ် မောမှိန်းလိုက်ကြသည်။ မကြာပါ။
တစ်နာရီဝန်းကျင်လောက်မောင်း နှင်ပြီးချိန်မှာတော့ ရထားပေါ်မှာ အသံတွေ
ဆူညံလာပြန်ပါသည်။ ပြတင်းပေါက်ကနေလှမ်းကြည့်မိ တော့ မြင့်မားလှတဲ့ တောင်ကြီး
ထဲကို ၀င်ရောက်သွားတဲ့ ဂုတ်ထိပ် တံတားကြီးကိုလှမ်းမြင်နေရလေ ပြီ။
အားလုံးဝမ်းသာအားရ အော်မိ ကြသည်။ ကိုယ်ရောက်ချင်သည့်နေရာတစ်ခု
ရောက်တော့မည်မို့ ထင်ပါသည်။ ရထားက ဂုတ်ထိပ်တံတားဆီ ကွေ့ပတ်သွားနေ သည်။
ဂုတ်ထိပ်တံတားကရထား ရဲ့ ဘယ်ဘက်ရောက်သွားလိုက်၊ ညာဘက်ရောက်သွားလိုက်။
ဂုတ်ထိပ်ဘူတာ ရောက် တော့ ခပ်ဝေးဝေးမှာ လှမ်းမြင်နေ ရသည့်
ဂုတ်ထိပ်တံတားကြီးနဲ့ အမှတ်တရဓာတ်ပုံတွေ ရိုက်ကြ သည်။ ဓာတ်ပုံရိုက်ပြီးတော့
ကျွန်တော်တို့အဖွဲ့တွေ ညှိနှိုင်းကြရသည်။ တံတားပေါ်ကနေရထားနှင့်ဖြတ်မလား၊
လမ်းလျှောက်ကြ မလားဆိုတာ ဖြစ်သည်။ အချို့က လည်း ဂုတ်ထိပ်တံတားကြီးပေါ်
ရထားဖြင့် ရင်တထိတ်ထိတ် ဖြတ် လိုသည်။ အချို့တွေကျတော့ လည်း
ဓာတ်ပုံဝါသနာကြီးသူတွေ မို့ တံတားပေါ် ရထားဖြတ်သွား တာ
ဓာတ်ပုံရိုက်ချင်ကြသည်။ နှစ်ခုထဲက တစ်ခုရွေးရတော့မည်။ နောက်ဆုံး
ဒီလိုဆုံးဖြတ်လိုက်ကြ သည်။ သုံးယောက်က ဂုတ်ထိပ် ဘူတာမှာတင်နေခဲ့ကာ တံတား
ပေါ်ရထားဖြတ်တာ ရိုက်ကြမည်။
ကျန်တဲ့သူတွေက ရထား ဖြင့် လိုက်ပြီး ဂုတ်ထိပ်တံတား ဖြတ်သန်းကြမည်။
ဂုတ်ထိပ်အ ကျော်နောင်ပိန်ဘူတာတွင် ဆင်း ကာ နောင်ပိန်ဘူတာမှတစ်ဆင့်
ရထားဖြင့် ပြန်လိုက်လာမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
ရထားက ဂုတ်ထိပ်တံတား ကို စတင်ဖြတ်ကျော်လာပါပြီ။ ၁၈၉၉
ခုနှစ်မှာစဆောက်ပြီး တစ် နှစ်အတွင်း ပြီးစီးခဲ့သည့် ဂုတ်ထိပ်တံတားသည် ၁၉၀၃
ခုနှစ်မှာ စတင်အသုံးပြုခဲ့ကြောင်း မြန်မာ့စွယ်စုံကျမ်းမှာ ဆိုထားသည်။ ထို့
ကြောင့် ဂုတ်ထိပ်တံတားအသုံးပြု လာတာ နှစ်ပေါင်းတစ်ရာကျော် ခဲ့ပြီမို့
ဖြတ်ရတာအနည်းငယ်တော့ ရင်ခုန်နေမိသည်။ တံတားပေါ် စရောက်တော့ ရထားပေါ်ပါလာ
သူတွေအားလုံး ပြတင်းပေါက် တွေနား ရောက်ကုန်ကြသည်။ အ ပြန်အလှန်ဓာတ်ပုံတွေ
ရိုက်နေ ကြသည်။ ရဲတင်းသူ အချို့က တော့ အဆင်းအတက် တံခါး ပေါက်နားထိသွားကာ
ဓာတ်ပုံ တွေ ရိုက်ကြသည်။ တံတား အောက်ကို လှမ်းကြည့်မိတော့ နက်ရှိုင်းလှတဲ့
ချောက်ကြီးကြောင့် အသည်းအေးသွားစေခဲ့သည်။ တောအုပ်လေးတွေက ချောက် ကြီးထဲမှာ
အုပ်ဆိုင်းနေသည်။ ရထားကြီးက ချောက်ကမ်းပါးပေါ် က ဂုတ်ထိပ်တံတားပေါ် ဖြည်း
ညင်းစွာ ဖြတ်သန်းရင်း တောင် နံကို ဖြတ်ဖောက်ထားသည့် ဂူကြီးထဲ
တလှိမ့်လှိမ့်တိုးဝင်သွားခဲ့သည်။
ဂူထဲရောက်တော့ အမှောင် ထုက ကြီးစိုးသွားခဲ့သည်။ တချို့ ကတော့
တံတားပေါ်မှာ ရိုက်ခဲ့သည့် ပုံတွေပြန်ကြည့်ရင်းသဘောကျ နေကြသည်။
လေးဆယ့်ငါးမိနစ်လောက် ရထားစီးပြီးတော့ နောင်ပိန်ဘူတာကို ရောက်လာခဲ့သည်။
နောင်ပိန်ဘူတာမှာ အပြန်အတွက် ရထားလက်မှတ်ဝယ်ခဲ့ သည်။ မန္တလေးအထိ ပြန်မှာက
သုံးယောက်မို့ သူတို့အတွက် သီးသန့်ဝယ်ပေးရသည်။ မန္တလေး အထိက အထက်တန်းလက်မှတ်
တစ်စောင်လျှင် ၂၇၅၀ ကျပ်ကျ သည်။ ကျန်တဲ့သူတွေက ပြင်ဦးလွင်မှာ
တစ်ညအိပ်ကြဦးမှာမို့ ပြင်ဦးလွင်ဘူတာအထိသာ ၀ယ် လိုက်သည်။ နောင်ပိန်မှ
ပြင်ဦး လွင်အထိ အထက်တန်း လက် မှတ်မရတော့သဖြင့် ရိုးရိုးတန်း လက်မှတ်
ဝယ်လိုက်ရသည်။ တစ်စောင်ကို ၇၀၀ ကျပ်သာ ကျသည်။ ကမ္ဘာကျော်
ဂုတ်ထိပ်ခရီးစရိတ်ကို တကယ်တမ်းတွက် ကြည့်မည်ဆိုလျှင် ကုန်ကျစရိတ်
နည်းပါးလွန်းလှပါသည်။
မန္တလေးမှ နောင်ပိန်အထိ ၅၅၅၀ ကျပ် (ဒါတောင် လားရှိုး လက်မှတ်ဝယ်ရလို့
ဖြစ်သည်။ ဂုတ်ထိပ် (သို့မုတ်) နောင်ပိန်အ ထိ ခွဲရောင်းပေးလျှင် ဒီထက်
သက်သာနိုင်သည်) နောင်ပိန်မှ မန္တလေးအထိ ၂၇၅၀ ကျပ်ပေါင်း လျှင် ယာဉ်အတွက်
စရိတ်က ၈၃၀၀ ကျပ်သာကျသည်။ လမ်းတွင် ထမင်းစားတာ ရှစ်ရာပေါင်းမည်ဆိုလျှင်ကျပ်
၉,၁၀၀ သာ ကျသေးသည်။ တစ်သောင်းထက်မပိုသော ငွေကြေးဖြင့် ဂုတ်ထိပ်တံတားသို့
လည်ပတ်ရသည်မှာ တန်လွန်းလှပါသည်။ ပြင်ဦးလွင်မှတစ်ဆင့် သွားမည်ဆိုလည်း
ထိုငွေပမာဏ နှင့် မကွာခြားဘဲ ကုန်ကျမည် ဖြစ်ပါသည်။
နောင်ပိန်ဘူတာကနေ ထွက်ပြီး ဂုတ်ထိပ်ကို တစ်ကြိမ်ထပ်မံဖြတ်သန်းကာ
ဂုတ်ထိပ်ဘူတာပြန်ရောက်လာခဲ့ပါသည်။ ဘူတာမှာနေခဲ့သည့်
သုံးယောက်ပြန်တက်လာခဲ့ကြသည်။ သူတို့သုံးယောက်ကတော့ ဂုတ်ထိပ်တံတားနှင့်
ရထားကို တွဲဖက်ပြီး ဓာတ်ပုံရိုက်နိုင်ခဲ့ကြသည်။
ထို့အပြင် တံတားကို လုံခြုံရေး တာဝန်ယူပေးထားသည့်
တပ်ဖွဲ့ထံခွင့်တောင်းကာ တပ်မတော်သားတစ်ဦး အကူအညီဖြင့်
ဂုတ်ထိပ်တံတားကြီးပေါ်လမ်းလျှောက်ကာပင် ဖြတ်သန်းခဲ့ကြပါသည်။
လူသွားလမ်းမပါသော ရထားဖြတ်သန်းရုံ သီးသန့်ဖောက်လုပ်ထားသော တံတားကြီးပေါ်
ခြေလျင် ဖြတ်သန်းရသည်မှာ ရင်တုန်စရာကောင်းမည်မှာ သေချာလှပါသည်။ သို့သော်
ရထားဖြင့် တံတား ပေါ်ဖြတ်သန်းခဲ့ရသည်မှာလည်း ရင်ဖိုစရာကောင်းလှသည်သာပင်။
ဂုတ်ထိပ်ဘူတာမှ ထွက်တော့ နေ့လယ် ၁၂ နာရီကျော်လေပြီ။ ရာသီဥတုကလည်း တအုံ့အုံ့ဖြင့်နေလို့ ထိုင်လို့ကောင်းလှပါသည်။
ငွေသား အနည်းငယ်သာကုန်ကျခဲ့သည့် ကမ္ဘာကျော် ဂုတ်ထိပ်တံတား ခရီးစဉ်ကတော့
အောင်မြင်စွာ ပြီးဆုံးခဲ့လေပြီ။ လားရှိုး-မန္တလေး ရထားကြီးကတော့
တဂျုန်းဂျုန်းဖြင့် ပြန်လည်ခုတ်မောင်းပေးနေဆဲ။ ။
http://7daydaily.com/
0 comments:
Post a Comment