ယူနိုက်တက် ပရီးမီးယားလိဂ် ချန်ပီယံ ပြန်ဖြစ်ရေးသည် ဈေးကွက်လှုပ်ရှားမှုများအပေါ် မူတည်နေဟု ဗန်ဂါးလ်သုံးသပ်

လာမည့်ရာသီ ပရီးမီးယားလိဂ်တွင် မန်ချက်စတာ ယူနိုက်တက် ဗိုလ်စွဲနိုင်သည့် အလားအလာသည် နွေရာသီတွင် ခေါ်ယူနိုင်မည့် ကစားသမားသစ်များ၏ အနေအထား အပေါ်တွင် တိုက်ရိုက်မူတည်နေလိမ့်မည်ဟု အသင်းမန်နေဂျာ လူးဝစ်ဗန်ဂါးလ်က မှတ်ချက်ပြု ပြောကြားလိုက်သည်။

ယူနိုက်တက်သည် ယခုရာသီ ဈေးကွက်ကာလတွင် ခြေသွက်လက်သွက် လှုပ်ရှားဖွယ် ရှိနေပြီး ခြေစွမ်းမပြနိုင်သည့် တိုက်စစ်မှူး ရာဒါမယ် ဖယ်လ်ကာအိုကို အငှားစာချုပ် သက်တမ်းမတိုးတော့ဟု ကြေညာခဲ့သလို PSV အင်ဒိုဗန် တိုက်စစ်မှူး မမ်းဖစ်ဒီပေးကို ပြန်လည် ခေါ်ယူထားသည်။ ဗန်ဂါးလ်သည် ၎င်း၏ ပထမဆုံး ရာသီတွင် ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၆၀)ဖြင့် အိန်ဂျယ်လ်ဒီမာရီယာကို ခေါ်ယူခဲ့မှု အပါအဝင် ကစားသမားသစ် (၆)ဦးအတွက် ပေါင်စတာလင် သန်း(၁၅၀)မျှထိ ပြောင်းရွှေ့စရိတ် သုံးစွဲခဲ့သည်။

ယူနိုက်တက်သည် လာမည့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် တစ်ကျော့ပြန် ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက်ပါ စိန်ခေါ်နိုင်ရန် ဗန်ဂါးလ်က မျှော်လင့်နေသည်။ သို့သော်လည်း ယင်းအချက်သည် အသင်းက ခေါ်ယူအားဖြည့်နိုင်မည့် ကစားသမားသစ်များအပေါ် မူတည်နေလိမ့်မည်ဟု အသက်(၆၃)နှစ်အရွယ် နယ်သာလန်သား မန်နေဂျာကြီးက သုံးသပ်ခဲ့သည်။ “အသင်း ဘုတ်အဖွဲ့ အနေနဲ့ အခုဆိုရင် အသင်းဟာ ချန်ပီယံဆုအတွက် တိုက်ပွဲပြန်ဝင်နိုင်တဲ့ အနေအထား ရောက်လာပြီလို့ ယူဆနေပါလိမ့်မယ်။ ဒါဟာ တကယ့်ကို စိတ်ကျေနပ်စရာ စိန်ခေါ်မှုမျိုးပါ။ ဒါပေမဲ့ အဲဒီအချက်ဟာ ကျွန်တော်တို့ အနေနဲ့ အရမ်းကောင်းတဲ့ ကစားသမားတွေကို ဘယ်လောက် ဝယ်ယူနိုင်မလဲ ဆိုတာရယ်၊ အသင်းရဲ့ စုဖွဲ့မှုကို ဟန်ချက်ညီအောင် ဘယ်လောက်ထိ ပြောင်းလဲနိုင်သလဲ ဆိုတာရယ်အပေါ် မူတည်နေပါတယ်”ဟု ဗန်ဂါးလ်က မှတ်ချက်ပြုခဲ့သည်။

၎င်းက “အာဆင်နယ်နဲ့ ကစားခဲ့တုန်းက ပွဲကိုကြည့်ပါ။ ကျွန်တော်က အပြောင်းအလဲတွေ လုပ်ခဲ့ရတယ်။ တချို့ ကစားသမားတွေဆိုရင် သူတို့ လုံးဝ မကစားဖူးတဲ့ နေရာမှာ ကစားပေးခဲ့ရတယ်။ ဒါက စိတ်ပျက်စရာပါ။ အသင်းရဲ့ ဟန်ချက်က ကောင်းမွန်တဲ့ အဆင့်မှာ မရှိပါဘူး။ ပြောရရင် ယူနိုက်တက်ဟာ နေရာတိုင်းအတွက် ကစားသမား နှစ်ယောက်စီလောက်တော့ ရှိနေသင့်ပါတယ်။ အဲဒီအခါမှာ ကစားရတာ ပိုအဆင်ပြေလာလိမ့်မယ်။ ဘုတ်အဖွဲ့က ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့အတွက် ကျွန်တော့်ကို တာဝန်ပေးခဲ့တာပါ။ ကျွန်တော့်ဘက်ကလည်း သေချာပေါက် ချန်ပီယံဆုတွေ လိုချင်ပါတယ်။ အကြီးဆုံး မေးခွန်းတစ်ခုက ကိုယ့်ရည်မှန်းချက် ဘာလဲဆိုတာပါပဲ။ ကျွန်တော်က ဆုဖလားတွေ ရယူချင်ပါတယ်။ ဒါပေမဲ့ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ အဆုံးထိ တိုက်ပွဲဝင်ဖို့ လိုပါတယ်။ ကျွန်တော်ကတော့ ချန်ပီယံ အသင်းတစ်သင်းကို တည်ဆောက်ဖို့ အစွမ်းရှိသမျှ ပုံအော ပေးဆပ်သွားမှာပါ”ဟုလည်း ပြောကြားသွားသည်။

http://soccermyanmar.com/?p=12274
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment